Monday, November 9, 2015

အနာဂတ်တစ်ခွင်လုံးနီ

Tin Nyunt

အရှုံးကို ကျေနပ်စွာ လက်ခံပါတယ်လို့ ပြောကုန်ကြပြီ။ ဟုတ်တာပေါ့ … ကျေကျေနပ်နပ်ကို လက်ခံရမှာပေါ့။ နှစ်ပေါင်း ၅၀ ကျော် ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်ပြီး ခင်ဗျားတို့ မိသားစု ကိုယ်ကျိုးတွေရှာခဲ့တာ တစ်သက်ထိုင်စားလို့မှ မကုန်တော့တာ။ ဒီပွဲဟာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ခင်ဗျားတို့အတွက် လာဘ် လာဘတွေ ဆက်တိုးလာမှာနဲ့ ဆက်မတိုးလာမှာပဲကွာပါတယ်။ အိပ်ထဲက လျှော့သွားစရာ အကြောင်းမှ မရှိ တော့တာပဲ။
အရှုံးကို လက်ခံလိုက်ကြပါ။ နောက်ပိုင်း အရှုံးနောက်ကွယ်က ရလာနိုင်တဲ့ နောက်ဆက်တွဲတွေကိုလည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြပေါ့။
လာမယ့် ၅ နှစ်တာကာလမှာ နောက်တက်လာတဲ့ အစိုးရဟာ အဝေးကြီးကို မကြည့်နဲ့ဦး လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလမှာပဲ မတရားမှုတွေ လုပ်ခဲ့တဲ့ အစိုးရအပေါ်မှာ သင်ပုန်းချေမလား၊ မချေဘူးလားဆိုတာ မပြောနိုင် သေးဘူးဗျ။

သေချာတာကတော့ လက်ရှိအစိုးရဟာ သက်တမ်းကုန်ခါနီးလေ အမှားတွေလုပ်၊ အမှားတွေပြော အောက်ခြေ လွတ်လာတာတွေ့ရတယ်။ သူတို့စိတ်ထဲမှာ ပြည်သူတွေကို ဒန်ပေါက်တစ်ထုပ်ပေးပြီး ငွေ ငါးထောင်လောက် ပေးလိုက်ရင် ငါတို့ကို စုပြုံထောက်ခံလာမယ်လို့ အပိုင်တွက်ကြသပေါ့။
ဒါပေမဲ့ ပြည်သူတွေဟာ ရင်ထဲကဒဏ်ရာတွေ မကျက်သေးဘူးဗျ။ နာတာတွေကိုလည်း သိမ်းထားကြတာ။ အနာတွေက ပျောက်သေးတာမဟုတ်ဘူး။ အဲဒီ အနာဟောင်းတွေဟာ ခုမှပြန်ပေါ်လာတာ။ ရင်ထဲမှာ တဆစ်ဆစ်နဲ့ ခင်ဗျားတို့မတရားမှုတွေကိုတွေးပြီး ပြန်ပေါ်လာတာ။
စိတ်နာတာကို ပြည်သူတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ ပုံအောလိုက်တယ်။ သူတို့ဘဝတွေကို လွတ်မြောက် အောင် ကယ်တင်နိုင်မယ်ထင်တဲ့ NLD အပေါ် ပုံအောပြီး စွန့်စားလိုက်ကြတယ်။ အရာရာကို ငွေနဲ့ အာဏာသာ အဆုံးအဖြတ်ပေးတယ်ထင်နေတဲ့ ဦးနှောက်မဲ့လူတန်းစားတွေဟာ ခွေးကျဝက်ကျ နောက်ဆုံးမှာ ကျဆုံး သွားရတယ်။
မြန်မာ့နွေဦးဟာ အခုမှစတယ်။ နေရောင်ဟာ ရောဂါပိုးသာမက အာဏာပိုးကိုပါ သတ်နိုင်တယ်။ ထွန်းတောက်တဲ့ အနီရောင်နေမင်းကြီးဟာ အနာဂတ်တစ်ခွင်လုံးကို နီနေပြီ။
၁၀.၁၁.၂၀၁၅

No comments:

Post a Comment