Sunday, October 11, 2015

ခွေးချေးကို မွှေးနေသူများ

Tin Nyunt

ကျွန်တော် ကိုယ့်ထက် အသက်ကြီးသူ၊ ပညာဉာဏ်ကြီးမားသူတွေကို ရိုသေလေးစား တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဲဒီလိုလူမျိုးတွေဟာ စစ်ဖိနပ်ကို လျှာနဲ့ကုန်းလျှက်ပေးနေသူတွေ ဆိုရင်တော့ ကျွန်တော့် စိတ်ထဲက ထုတ်ပစ်လိုက်ပါတယ်။
အသက်ကြီးလာတာနဲ့ ပညာမကြီးလာဘူးဗျ။ အသက်ကြီးတာ တစ်ပိုင်း၊ ပညာကတစ်ပိုင်းပဲ။ အသက်တွေ ကြီးလာလို့ ပညာရှင်ကြီးလို့ သတ်မှတ်ပြီး ဘုရားစင်ပေါ်တင် ကိုးကွယ်ချင်ရင်လည်း ကိုယ့်အိမ်က ဘုရားစင်ပေါ် တင်ပြီး ကြည်ညိုရင် အကြိမ်ကြိမ် ရှိခိုးကြပေါ့ဗျာ။ ပြည်သူကိုတော့ အသက်နဲ့ လုပ်ဆောင်ချက်တွေ လာရောထွေးပြီး ပုံမှားမရိုက်ကြပါနဲ့။
ကျွန်တော် တစ်ခြားမပြောပါဘူး။ သတင်းစာသမားတွေ လောကထဲမှာတောင် ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးနဲ့ စားဖား သတင်းသမားကြီးတွေကို လာမနှိုင်းနဲ့ဗျ။ ဦးဝင်းတင် အာဏာရှင်လက်အောက်မှာ ဘယ်တုန်းကမှ ဒူးမထောက် ခဲ့ဘူး။
ခေတ်သစ် သေခါနီး စားဖားကြီးတွေလို အာဏာရှင်တွေနဲ့ ဘယ်တော့မှ အပေးအယူမလုပ်ဘူး။ အာဏာ ရှင်ကို သောက်ဂရုမစိုက်ဘူးဆိုတာ ဦးဝင်းတင်ရဲ့ သတ္တိဗျ။
သေခါနီးတွေ အသေလှအောင် အာဏာရှင်ဒူးအောက်မှာ ရို့ရို့လေးတွေထိုင်ပြီး “မှန်လှပါ” ပြောတာကို သတင်း သမားကြီးတွေလို့ ဘွဲ့ခံထားတာ ကျွန်တော်တော့ ရှက်လှသဗျာ။ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ အသံ တွေက တစ်လေတည်းထွက်၊ သတင်းသမား ဇာတ်ပျက်တွေကြောင့် ဒီခေတ် သတင်းသမားလောက သိက္ခာ တွေကျနေရသပေါ့။
ဂျာနယ်ကျော် ဦးချစ်မောင်၊ ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ လူထုဦးလှ၊ ဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းသမားကြီးတွေရဲ့ သတ္တိတွေကို မဖတ်ဘူးသေးရင် ပြန်ဖတ်ကြည့်လိုက်ကြပါဗျာ။ အာဏာရှင် ဒူးအောက်မှာ ပြားပြားမှောက်နေတာ သတင်းသမားလား၊ အာဏာရှင်တွေကို ဒူးမထောက် လက်မမြှောက် တိုက်ပွဲဝင်ခဲ့တာ သတင်းသမားလား ကွဲပြားအောင် ခွဲခြားကြည့်ကြပါ။
စစ်ဖိနပ်အောက်က ခွေးချေးကို မွှေးလှပါချည်ရဲ့ဆိုပြီး ဘုန်းတော်ဘွဲ့ရွတ်ပြနေတဲ့လူတွေကိုတော့ ကျွန်တော် ဘယ်တုန်းကမှ အထင်မကြီးတာအမှန်။
၁၁.၁၀.၂၀၁၅

No comments:

Post a Comment