Saturday, October 3, 2015

အဝေးကပ်

Tin Nyunt


ကျွန်တော် ခုနလေးကပဲ တက္ကသိုလ်ကဆရာတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်။ အဲဒီဆရာတွေက မန္တလေးမှာ ကျင်းပမယ့် ကမ္ဘာ့ဆရာများနေ့ပွဲကို တက်ချင်တယ်။ လက်ရှိအခြေအနေက ဘယ်လိုမှ လစ်လို့ မရ၊ တက်လို့မရအောင်ဖြစ်နေတယ်။ သူတို့ကို စာမေးပွဲဆိုတာနဲ့ တုတ်ထားတော့ လှုပ်လို့တောင်မရဘူး။ သူတို့ အထဲမှာ ဆရာများ သမဂ္ဂက ကျင်းပတဲ့ မန္တလေးညီလာခံကို လာတက်မိလို့ ဌာနက အရေးယူဖို့ပြင်ထားတဲ့ အခြေခံပညာဦးစီးက ဆရာတစ်ယောက်လည်း ပါသေးတယ်။ ခွင့်ပြုချက်မရဘဲ မန္တလေးသွားတယ်ဆိုပြီး ပုဒ်မတွေ မရ၊ ရအောင်တပ်ပြီး အရေးယူဖို့ ပြင်ဆင်နေကြတာ။
ကမ္ဘာ့ဆရာများနေ့ကို နယ်အသီးသီးက ဆရာတွေ လာတက်နိုင်ရင် ကံကောင်းပဲ။ ခွင့်ပြုမိုင်ကျော်ရင် အရေးယူ မယ်ဆိုတာနဲ့ချည်း ခြိမ်းခြောက်ထားတယ်။ မန္တလေးမှာ ပွဲကျင်းပနိုင်အောင် စီစဉ်နေတဲ့ ဆရာတွေမှာလည်း အခက်အခဲတွေ အများကြီးပဲဆိုတာ ကြားနေရတယ်။
ငွေမတတ်နိုင်လို့၊ ဟိုတယ်မငှားနိုင်လို့ ဘုန်းကြီး ကျောင်းမှာ ပြင်ဆင်၊ ဘုန်းကြီးကျောင်းမှာ တစ်ခါ အဆင်မအပြေလို့ ဟိုတယ်ကို စပွန်ဆာရှာပြီး ပြန်ပြောင်း ရတယ်ဆိုတဲ့ သတင်းကြားပြီး ဒီလောက်ခက်ခဲနေတာ ရအောင်သွားတက်မယ်ဆိုပြီး ကျွန်တော်လည်း ဆုံးဖြတ် လိုက်တာ။
ဒီနေ့အထိ မန္တလေးသွားဖို့ ကားမစီစဉ်ရသေးဘူး။ အတူလိုက်ဖို့ ပြင်ဆင်ထားတဲ့ ဆရာတွေလည်း တစ်ယောက် ပြီးတစ်ယောက် နောက်ဆုတ်သွားကြတယ်။ သူတို့မှာလည်း ယုတ်မာတဲ့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်နေတာ တွေကို ခံနေရတာဆိုတော့ ဘယ်လိုလုပ်ကြမလဲ။
ဆရာတစ်ဦးက “ကျောင်းသားတွေကို အနီးကပ်ဆိုပြီး ဖျက်ဆီးနေတာ။ တကယ်တော့ အနီးကပ်ဆိုတာ အဝေးသင်ကို ခွင်တစ်ခုလို ဖန်တီးထားသူတွေ ကောင်းစားအောင် လုပ်ပေးနေတဲ့ စနစ်ကြီး။ ဘာဖြစ်လို့ အနီးကပ်မှ သင်ချင်နေရတာလဲ။ အနီးကပ်မှ မေးခွန်းပေးသင်တာဟာ စိတ်ကောင်းစေတနာကောင်းနဲ့ စီစဉ်ထား တဲ့ ပညာရေးစနစ်မဟုတ်ဘူး။ သတ္တိရှိရင် အဝေးမှာကတည်းက ကျောင်းသားတွေကို ကပ်နိုင်အောင် စီစဉ်ပေး ပါလား။ ကျုပ်တို့ ပိုက်ဆံတစ်ပြားမှမယူဘဲ တစ်ပတ်နှစ်ရက် အလကားသင်ပေးမယ်။ အနီးကပ် မသင်ပါနဲ့။ အလကား အလုပ်တွေပါ၊ အဝေးကတည်းက ကပ်နိုင်အောင် စီစဉ်ပေးပါ” တဲ့ဗျာ။ ကျောင်းဆရာတစ်ယောက်ရဲ့ ရိုးသားတဲ့ ရင်တွင်းစကား အလေးပြုလိုက်ပါရဲ့ဗျာ။
အားလုံးကို မကြောက် ကြောက်အောင်ခြောက်၊ စိတ်မပျက် ပျက်အောင်လုပ်၊ ပညာရေးဌာနက ဝန်ထမ်းတွေကို ခိုင်းချင်ရင် ပိတ်ရက်မရှိ၊ နားရက်မရှိ ဖိခိုင်း၊ ငါတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့နေရာတစ်နေရာလို့ယူဆ။ အခွင့်အရေးကျတော့ တစ်စက်မှမပေး။ ဖိနှိပ်ရေးနဲ့ ထိန်းချုပ်နိုင်ရေးသာ ဦးစားပေးနေတဲ့ ဆရာတွေ ဆရာမ တွေရဲ့ဘဝဟာ “ကမ္ဘာ့ဆရာများနေ့” ကိုတောင် လွတ်လပ်စွာဝင်နွှဲခွင့်မရှိတာ ရင်နာသဗျာ။
၃.၁၀.၂၀၁၅

No comments:

Post a Comment