Saturday, October 10, 2015

ကျွန်တော်၏စွန့်စားမှုများ

Tin Nyunt

ကျွန်တော်ဟာ စာမရေးရရင် မနေနိုင်တဲ့လူမျိုးပါ။ စာဘာကြောင့်ရေးသလဲ။ ကိုယ့်ကိုယ်ကိုလည်း မေးကြည့် ပါလား။ ပါစင်နယ် စာတွေရေးတာကတော့ ဘယ်သူ့မှ သိစရာမလိုပါဘူး။ ဒိုင်ယာရီလိုဟာမျိုးပေါ့။ ကိုယ်ဖတ်ဖို့ ကိုယ်ရေးတာ။ လျှို့ဝှက်ထားချင်လည်းထားမယ်။ သူများဖတ်စေချင်ရင်တော့ ပုံနှိပ်စာလုံးဖြစ်အောင် အားထုတ် တာရည်မှန်းချက်ပဲ။ နောက်ဆုံး Facebook ဆိုတာ ပေါ်လာတော့လည်း မီဒီယာလောကကို သိပ်ပြီး အားမကိုး ချင်တော့ဘူး ကိုယ်ရေးတဲ့စာကို Public ကို အချိန်မရွေး ချပြလို့ရနေတာကိုး။
ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက စာရေးတာ။ ပုံနှိပ်စာလုံးလေးတွေအဖြစ် ကိုယ့်စာ တွေကို ပြန်မြင်ရတာ တက္ကသိုလ်မဂ္ဂဇင်းတွေကတည်းက။ ကျောင်းဆရာဘဝမှာလည်း စာရူးတာပဲ။ စာတွေ အများကြီးရေးပြီး မဂ္ဂဇင်းတိုက်တွေ လိုက်ပို့တယ်။ မပါတာကာ များပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကိုပဲ စိုက်လိုက် မတ်တပ်လုပ်လာတာ ခုထိပဲဆိုပါတော့။

ကျောင်းဆရာအလုပ်ကထွက်ပြီးတော့ ရန်ကုန်မှာ ငတ်တလှည့် ပြတ်တလှည့်နဲ့ စာပေလောကကိုတိုးတယ်။ အယ်ဒီတာဘဝ ၁၅ နှစ်သက်တမ်းလောက်ရှိလာပြီ။ သတင်းမီဒီယာ ၄ ခုလောက်ပြောင်းပြီးပြီ။ စာစုံရေးတယ်။ ဝမ်းရေးအတွက်ဆိုပါတော့။
မကြာသေးမီက “ဦးသန်းရွှေ၏ယတြာများ” စာအုပ် နှစ်ကြိမ်ပြန်ရိုက်ရလို့ စာရေးတဲ့ သက်တမ်းမှာ ပိုက်ဆံ လေးများများစားစား ကိုင်ဖူးသွားတယ်။
ကျွန်တော် ရေးထားတဲ့ “အာဏာရှင်တို့နေဝင်ချိန်” စာအုပ်က မနှစ်ကတည်းက ပြီးနေတာ။ ထုတ်ဝေသူက မထုတ်ဝေဘဲထားခဲ့တာ တစ်နှစ်လောက်ကြာသွားတယ်။ စာရေးတဲ့သူဟာ စာအုပ်ထွက်မှ ပိုက်ဆံလေး ဘာလေးလည်းရသလို၊ စာဖတ်သူနဲ့လည်း အဆက်အသွယ်မပြတ်မှာ။ တစ်နှစ်လောက် စာအုပ်တစ်အုပ် မထွက်ရင် ခေတ်နဲ့လည်း မျက်ခြေပြတ်သွားနိုင်တာပေါ့။
Windows XP အကြောင်း စာအုပ်ရေးပြီးတုန်းက ထုတ်ဝေသူက နှစ်ပေါင်းများစွာခေါက်ထားလိုက်တာ Windows Vista သာထွက်လာတယ် စာအုပ်ဖြစ်မလာဘူး။ အဲဒီလိုနဲ့ ရေးထားသမျှ ပိုက်ဆံလည်း တစ်ပြားမှမရ ဆုံးသွားခဲ့ရဖူးတယ်။
ခုလည်း “အာဏာရှင်တို့နေဝင်ချိန်” စာအုပ်ကို ထုတ်ဝေသူကမထုတ်ပေးတော့ဘူး၊ ကြာမယ်လို့ပြောတာကို စိတ်ထဲမကောင်းတာနဲ့ အရင်စာအုပ်က ရထားတဲ့ ပိုက်ဆံအားလုံး ချသုံးပြီး ကိုယ်တိုင်ပဲ ထုတ်လိုက်ပါသဗျာ။ တစ်အုပ်မှ မရောင်းရလည်း ကိစ္စမရှိဘူးဆိုပြီး အရဲစွန့်ထုတ်လိုက်တာ ဝိုင်းဝန်းပြီး အားပေးကြတဲ့ မိတ်ဆွေ အပေါင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဆက်ပြီး ကြိုးစားပါ့မယ်။
စာဖတ်ပရိသတ်ကို မေတ္တာပေးရင် မေတ္တာပြန်ရမယ်လို့ ကျွန်တော်အမြဲခံယူထားပါတယ်။
မကြာခင် “ငတာပေါင်းချုပ်စာအုပ်” ကို ထုတ်ဖို့ပြင်ဆင်နေတယ်ဆိုတာ ကျွန်တော့် မိတ်ဆွေတွေကို အကြောင်း ကြားပါတယ်။ အားလုံးကို ချစ်ခင်လေးစားလျက်ပါ။
၁၀.၁၀.၂၀၁၅

No comments:

Post a Comment