Friday, August 28, 2015

ခေတ်သစ်အမြီးပေါက်သူ


ငယ်ငယ်တုန်းက ငါးတန်းလောက်မှာ ထင်ပါတယ်။ ရှေ့သို့ဝတ္ထုတိုများဆိုပြီး မြန်မာစာအနေနဲ့ သင်ရတယ်။ အဲဒီအထဲမှာ အမြီးပေါက်သူအကြောင်း ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါတယ်။ မဟုတ်တာလုပ်ပြီး အမြီးပေါက် လာသူအကြောင်း စာရေး ဆရာကဖတ်ကောင်းအောင် ရေးနိုင်သလို၊ သင်တဲ့ဆရာကလည်း ပီပြင်စွာသင်နိုင်လို့ အရမ်းစိတ်ဝင်စားပြီး ဝတ္ထု ရေးဆရာ ဖြစ်ချင်စိတ်ပါပေါ်သွားခဲ့မိတယ်။
တစ်လောက ဆရာသမားတစ်ယောက်နဲ့တွေ့တယ်။ ဂူထဲဝင်သွားတဲ့ ဆရာသမားပေါ့။ ကျွန်တော်က ဂူထဲမှာ ဘယ်လိုနေသလဲလို့ မေးလိုက်တော့
“ငါ ဂူထဲရောက်သွားမှ ကိုယ်ချင်းစာသွားမိတယ်ကွာ။ သူတို့မှာလည်း အခက်အခဲတွေနဲ့ပဲ။ သနားပါတယ်။ ဒါကြောင့် ငါလည်း ဂူထဲက ပြန်မထွက်နိုင်တော့ပဲ သူတို့လိုရာ ခိုင်းစေတော့ဆိုပြီး ကုန်းရုန်းလုပ်နေလိုက်တာ စေတနာအကျိုးပဲနဲ့တူတယ်။ သူတို့လို ငါက အစွယ်လည်း ထွက်မလာဘူး။ အမွှေးတွေလည်း ထွက်မလာဘူး” လို့ပြောလိုက်တယ်။

သူက ကျွန်တော့်ကို အဲဒီလိုပြောပြီး လှည့်အထွက် သူ့ပုဆိုးနောက်မှာ ခိုးလိုးခုလုကြီးဖြစ်နေတာတွေ့လိုက်လို့
“ဆရာ .. ဆရာ့နောက်က ဘာကြီးလဲ” လို့ မေးလိုက်မိတယ်။ သူက ရှက်ရှက်နဲ့
“အစွယ်တော့ မထွက်ပါဘူးကွာ အမြီးတော့ ထွက်လာတယ်။ ဒါတောင် ငါက ဂူအစွန်လောက်မှာနေလို့” ဆိုပြီး ပြောလိုက်တယ်။
ကျွန်တော် အံ့သြသွားတာပေါ့ဗျာ။ အမြီးအပေါက်ခံပြီး အစွယ်ထွက်နေတဲ့သူတွေကြားမှာ ခိုင်းတော့သက်ဝေ ဆိုပြီး လုပ်ပေးနိုင်တာကိုပါ။ ကျွန်တော်က
“ဆရာရယ် ဂူထဲက ပြန်ထွက်လာပါ။ ပြောင်မြောက်တဲ့စာတွေရေးပါ။ ပြည်သူကို အသိတွေပေးပါ” လို့ ပြော လိုက်တော့
“အမြီးပေါက်ပြီးကတည်းက ငါထိုင်လို့လည်းမရ၊ စာရေးလို့လည်းမရ၊ သူတို့ကို မတ်တပ်ထပြပြီး သူတို့က ပြောလိုက်ရင် ခါးကုန်းပြနေရတာနဲ့ပဲ အချိန်ကုန်နေတာပါကွာ။ မပူပါနဲ့ကွာ။ ဂူထဲဝင်ချင်လွန်းလို့ အဝကနေ အူပြနေတဲ့ကောင်တွေ အများကြီးပါ။ သူတို့ဝင်လာရင်တော့ ငါလွတ်ကောင်းပါရဲ့” တဲ့။
ဟုတ်ကဲ့ဆရာ။ ဆရာဂူထဲက ပြန်ထွက်လာချိန်မှာ ဆရာ့အတွေးအရေးတွေဟာ အရင်အတိုင်းပဲရှိနေပါစေလို့ ဆုတောင်းလိုက်ပါတယ်။
၂၆.၈.၂၀၁၅

No comments:

Post a Comment