Wednesday, July 8, 2015

တင်ညွန့်အတု


မနက်စောစောစီးစီး "တင်ညွန့်က အတုလား၊ အစစ်လား" လို့ လာမေးတဲ့သူရှိသဗျ။ မနေ့က ယုဇနဥယျာဉ်မြို့ တော်ကိုလာသွားသလားတဲ့။ ကြံကြီးစီရာ ကျွန်တော် အဲဒီနေရာကို ပြန်မရောက်တာ ဆယ်နှစ်လောက် ရှိသွားပြီ။
ကျွန်တော့် မှတ်ပုံတင်မှာလည်း ဒီအမည်၊ ဘွဲ့ရတော့လည်း ဒီအမည်၊ ကျောင်းဆရာလုပ်တော့လည်း ဒီအမည်၊ ခု FB ပေါ်မှာ စာတွေရေးနေတော့လည်း ဒီအမည်။ ဘယ်တုန်းကများ တင်ညွန့်အတုနဲ့ တိုးသွားလည်း မသိပါဘူး။
တစ်လောက လှည်းတန်းရောက်တော့ စာအုပ်ဆိုင်တစ်ဆိုင်က စာရေးဆရာ တင်ညွန့်ဆိုတာ လာသွားတယ်။ ငယ်ငယ်ချောချောလေး ကိုရီးယားမင်းသားလေးလိုပဲတဲ့။ ဖွဟဲ့ လွဲစေ .. ဖယ်စေ။
တစ်နေ့က မြို့ထဲစာအုပ်ဆိုင်တစ်ဆိုင်ဝင်ကြည့်တော့ တင်ညွန့်မြိုင်ဆိုတာတွေ့လိုက်ရသေး။ သူက ကဗျာ ရေးတာလားမသိပါဘူး။ ကျွန်တော် မဟုတ်တာသေချာတယ်။ ချံပီယံတင်ညွန့်ဆိုတာ ရှိသေးတယ်။ အဲဒီလူက သေပြီ။ သူက ဖိုမဆက်ဆံရေး လိင်ပညာပေးစာအုပ်ရေးတယ်။ ရုပ်ရှင်ရိုက်တယ်။ ဘုန်းကြီးဝတ်ပြီးသေတယ်။ သေပြီးတဲ့လူက ဘယ်လို စာပြန်ရေးမလဲ။

တင်ညွန့်ဟာ စစ်တပ်ကလူတဲ့။ မြတ်စွာဘုရား တပ်နဲ့ ကျွန်တော် ဘယ်လိုမှ မတော်ခဲ့ပါလားဗျာ။ တပ်မတော်သာအမိ၊ တပ်မတော်သာအဘလို့ ကြီးမားတဲ့ ခံယူချက်ကြီးတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေထဲမှာ တင်ညွန့်တွေ ရှိကောင်းရှိနိုင်သပေါ့။ ဒါပေမဲ့ သူတို့က ကျွန်တော့်လို လွတ်လပ်စွာ တွေးခွင့် ရေးခွင့် တွေ ဘယ်တုန်းကမှ ရှိခဲ့မယ် မထင်ပါဘူး။
ပြောသေးတယ်။ တင်ညွန့် နိုင်ငံခြားကတဲ့။ ခုထိ ရန်ကုန်နဲ့ ပဲခူးကလွဲရင် ပုဂံနဲ့ မန္တလေးပဲရောက်ဖူးတဲ့ကောင်။ နောက်တစ်ခုကတော့ များသွားပြီဗျာ။ တင်ညွန့်ဟာ စာရေးဆရာမတစ်ယောက် အမည်ဝှက်နဲ့ ရေးနေတာတဲ့။ အိုးမိုင်ဂေါ့ အလုံးလား၊ အပြားလား ကိုယ့်ဘာသာ အသိဆုံး။
တင်ညွန့်ဟာ ကြံ့ဖွတ်ကတဲ့။ လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံဖို့ နာမည်တက်အောင် လုပ်နေတာတဲ့။ နှိုင်းစရာရှားလို့ဗျာ။ တင်ညွန့်ကို သူတောင်းစားလို့ပြောလိုက်တာကမှ ခံနိုင်သေးတယ်။
တင်ညွန့်ဟာ အရူးငတာနဲ့ သူငယ်ချင်းဗျ။ မြို့ထဲက စာအုပ်တန်းတွေ စာအုပ်ဆိုင်တွေမှာ ထီးကောက် တစ်ချောင်း၊ လွယ်အိတ်တစ်လုံးနဲ့ စာအုပ်တွေ လိုက်မွှေနေတဲ့သူ။ ဗိုလ်ချုပ်လမ်း၊ ပန်းဆိုးတန်းတစ်လျှောက်မှာ စာအုပ်တွေ လိုက်ရှာနေတဲ့သူ။ အဲဒီလမ်းမကြီးတွေပေါ်မှာ တင်ညွန့် လျှောက်သွားပြီး စာအုပ်တွေရှာနေတာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ။
ဒါကြောင့် တင်ညွန့်လို့ပြောရင် အရူးငတာအကြောင်းသာမေးလိုက်။ အရူးငတာလောက်ကိုမှ မသိရင် အဲဒီလူ တင်ညွန့်မဟုတ်တာ သေချာတယ်။
၅.၇.၂၀၁၅

No comments:

Post a Comment