အချစ်ဆိုတာသေချာဖို့ အချစ်ဆိုတာကိုသိဖို့တော့လိုမယ်။
တခါတခါတော့လည်းတွေးမိတယ်
အချစ်မှာ ဘယ်လိုသောအကြောင်းပြချက်တွေများရှိမှ ချစ်လို့ရမှာတဲ့လဲ
တကယ်ပါပဲ
အလွမ်းဘယ်နှကြိမ်ကိုဖြတ်ပြီးမှ အချစ်ဆိုတာကိုရမှာတဲ့လဲ
အချစ်ဆိုတာ
ကန္တာရထဲက အိုအေစစ်လား
တစ်တစ်ဆို့ဆို့ ခံစားချက်တွေကိုဖြတ်သန်းပြီး
တဆစ်ဆစ်နာကျင်မှုတွေကို ထွေးပွေ့ရင်း
သဲပွင့်
နေပူ
ဆူဝေနွမ်းလျှ
အဲဒီ ပါးချိုင့်လေးထဲမှာ ရေသောက်ခွင့်ပေးပါ။
ဖြစ်ပုံက
ပန်းသီးလေးရေ …
တို့ဝေးဖို့အကြောင်းတွေဟာ ထောင်ချောက်ပေါင်းများစွာ
တွေးမိတယ်
ပန်းသီးပင်လေးမှာ ပန်းသီးလေးဟာ ကြွေကျသွားတယ်
ဆိုလိုတာက
ကမ္ဘာမြေရဲ့ ရင်ခွင်ထဲ ပန်းသီးလေးကခိုဝင်နားသလိုမျိုး
ကိုယ့်ရင်ခွင်ထဲမှာ ကြွေကျပေးပါလား။
တခါတခါ
ပန်းသွေးနီရောင် သူ့မျက်နှာထက်
ဖျက်ခနဲကြည့်ချက်က
ငါကိုယ်တိုင်ပန်းသီးဖြစ်ပြီး
သူ့အကြည့်ထဲ ကြွေမိသွားပြန်တယ်။
တခါတခါ လွတ်လပ်စွာပေါ့ပါး
တခါတခါ ရဲရင့်
တခါတခါ မပွင့်တပွင့်
သတိရမိတယ်
တံခါးချပ်ကို မပွင့်တပွင့်လေးဖွင့်ထားပြီး
တို့ ၂ ဦးသား စကားတွေပြောခဲ့တာ
မင်းမျက်နှာလေးတ၀က်
မင်းမျက်လုံးလေးတ၀က်
ချစ်တော့ချစ်ပါတယ်
အမေဆူလိမ့်မယ်ဆိုသလိုမျိုး
ကိုယ့်ကို ချစ်တာကလည်းတ၀က်။
ကိုယ့်ကို ချစ်တာလည်းတ၀က် ဆိုတော့
ပန်းသီးလေးက ငြင်းပြန်တယ်။
သူမကပြောတယ်
ပန်းသီးဆိုတာ ကြွေတယ်ဆိုရင်
တ၀က်မကြွေဘူး
တခုလုံးကြွေတယ်
ကမ္ဘာမြေလို ဦး ရင်ခွင်ထဲ
တကိုယ်လုံးကြွေဆင်းချင်နေတာတဲ့။
တကယ်တော့
ပန်းသီးဆိုတာ
ကမ္ဘာဦးကတည်းက
ဧဒင်ဥယျာဉ်မှာ လှပခဲ့တာပါလို့ ကျနော်ကပြောတော့
ပန်းသီးလေးက
သူ့ ပါးချိုင့်လေးတွေ ခွက်ဝင်သွားတဲ့အထိပြုံးလို့
ပြောတယ်
ဦးရယ် …
အဲဒီစကားတွေကို တသက်လုံးရင်ထဲမှာ သိမ်းလိုက်မယ်
ဦး မမေ့သေးသမျှ ပန်းသီးလေးကချစ်နေမယ်။
တကယ်တော့ ပန်းသီးလေးရယ်
မင်းအနားက ဝေးသွားဖို့တဲ့
ဂုဏ်ရည်တူလိပ်ပြာလေးတွေက
ကိုယ့်ကိုဖမ်းစားကြတယ်
အမှန်အတိုင်းပြောရရင်
အဲဒီလိပ်ပြာလေးတွေရဲ့
တောင်ပံခပ်သံတွေထဲမှာ စီမျောခဲ့ပေမယ့်
သိတယ်မဟုတ်လား
ချည်တိုင်ကိုလွမ်းတဲ့ သတ္တ၀ါတွေလိုမျိုး
မင်းဆီကိုပဲ ပြန်ပြန်လာမိပြန်တယ်။
အလွမ်းဘယ်နှယ်ကြိမ်ကိုပဲ
ဖြစ်သန်းခဲ့ရသည်ဖြစ်စေ အရောက်လာခဲ့မယ်
ဆိုလိုတာက
တုံးခုလို့မှ လှမ်းမရရင် အချစ်နဲ့ခူးလိုက်မယ်
ကိုယ့်ဆီကို ကိုင်းညွတ်ပေးပါ။
ညိုထက် (လမ်းသစ်ဦး)
၁၈ - ၈ -၂၀၁၂

No comments:
Post a Comment