Sunday, May 31, 2015

နိုးထပါတော့ ဆရာတို့


တစ်နေ့က ဆရာများသမဂ္ဂက ဆရာတစ်ဦးနဲ့ ကားအတူစီးပြီး မြောက်ဒဂုံကိုပြန်ခဲ့ပါတယ်။ ဆရာသမဂ္ဂကို ကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်း မပြုနိုင်ပေမယ့် တကယ့်ကို စိတ်ဓာတ်နဲ့ အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့ ဆရာတွေကို လေးစားဂုဏ်ပြုလျက်ပါ။
ပုသိမ်နည်းပညာတက္ကသိုလ်က သရုပ်ပြဆရာ ဦးဝေယံအောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက် တဲ့အကြောင်းတွေ ပြောဖြစ်တယ်။ ကျောင်းသားတွေကို သပိတ်စစ်ကြောင်းမှာ လိုက်လံစောင့်ရှောက်ပေးတဲ့ ဆရာတစ်ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာကတော့ ဆရာလောကတစ်ခုလုံးကို စိန်ခေါ် လိုက်သလိုပဲဗျ။ ရှင်းရှင်းပြောရရင် မလုပ်နဲ့၊ မရှုပ်နဲ့၊ ဟောသည်လို လုပ်လို့လည်းရတယ်ဆိုပြီး ပညာပေးလိုက် တာလို့ ယူဆနိုင်သပေါ့ဗျာ။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လူသတ်တာလည်းမဟုတ်၊ ဓားပြတိုက်တာ လည်းမဟုတ် ဆန္ဒပြမှုနဲ့ ဆက်နွှယ်ပြီး ထောင်ဒဏ်ချလိုက် တာဟာ ရည်ရွယ်ချက်ရှိရှိ ချိုးဖဲ့စော်ကားလိုက်တာလို့ လည်း ယူဆနိုင်ပါတယ်။

နောက်ပြီးတော့ ဆရာများသမဂ္ဂအနေနဲ့ လုပ်ဆောင်စရာ ကိစ္စတစ်ခုရှိသေးတယ်လို့ဆိုပါတယ်။ မူလတန်းဆရာ တစ်ဦးဟာ ပင်စင်သက်ကျော်လွန်ပြီး ၉ လတိုင် တာဝန်ထမ်းဆောင်သွားတာကို ပညာရေးဌာနက အဲဒီ ၉ လစာ အတွက် ငွေပြန်သွင်းခိုင်းနေတယ်ဆိုတဲ့ ကိစ္စပါ။
ဝန်ထမ်းတစ်ယောက် ၉ လတိုင်တိုင် ပင်စင်မယူဘဲ လုပ်သက်ကျော်လွန်ပြီး တာဝန်ထမ်းဆောင်တာ အပြစ်လား ခင်ဗျာ။ သူဟာ ကျောင်းကိုမလာဘဲ၊ တာဝန်မထမ်းဆောင်ဘဲ လစာကို ထုတ်စားနေတယ်ဆိုရင်တော့ အပြစ်ရှိ ကောင်းရှိမှာပါ။ တာဝန်ကျေစွာ ၉ လပိုပြီး တာဝန်ထမ်းဆောင်လိုက်လို့ လစာပြန်သွင်းစေဆိုတာကတော့ ဖိနှိပ် စော်ကားမှုတွေကို ဆရာ ဆရာမတွေအပေါ်မှာ ဦးတည်ချက်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေသလို ဖြစ်နေပါတယ်။
ဆရာတစ်ယောက် ပင်စင်ယူရတော့မယ်၊ လစာထုတ်မပေးရတော့ဘူး၊ လုပ်သက်ခံစားခွင့်တွေ ပေးရတော့မယ် ဆိုတာ ဘယ်သူတွေက ဆောင်ရွက်ရပါသလဲ။ အနိမ့်ဆုံး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးအဆင့် လောက်က ကိုင်တွယ်ဆောင်ရွက်ရတာ မဟုတ်ပါလား။ ပင်စင်ရနေတဲ့ဆရာတစ်ယောက်ကို ကျောင်းမှာ ဆက်ခိုင်းထားတာ ဘယ်သူတွေ အလုပ် မလုပ်လို့လဲဆိုတာ အဖြေရှာရမယ့်အစား ကျောင်းဆရာကို အလုပ် ပိုလုပ်လို့ဆိုပြီး လစာပြန်သွင်းခိုင်းတယ်ဆိုတာ ငါတို့လုပ်သမျှ ခံနေရမယ်ဆိုတဲ့သဘောနဲ့ စော်ကားမှု သက်သက်လို့ ဆိုနိုင်ပါတယ်။
ဆရာ ဆရာမအပေါင်းတို့ ခင်ဗျား။ ကိုယ့်ဘ၀တွေကို ကိုယ်သဘောပေါက်ပြီး အိပ်ပျော်နေရင်လည်း လန့်နိုးကြ ပါတော့လို့ နှိုးဆော်ပါရစေ။
၃၁.၅.၂၀၁၅

No comments:

Post a Comment