``ရွှေတိဂုံဘုရားနားမှာ မြို့တော်ကြီး ဖော်ဆောင်တော့မှာ´´။
``ရွှေတိဂုံဘုရားကို ကာကွယ်ကြပါစို့´´။
ဤနှိုးဆော်ချက်သည် မိမိအတွက် တုန်လှုပ်ချောက်ခြားဖွယ်အလွန်ကောင်းသည့်
``သေမင်းတမန်နှိုးဆော်ချက်´´ ဖြစ်၏။ ရွှေတိဂုံဆိုသည်မှာ မြန်မာတို့၏ အသက်၊
မြန်မာတို့၏ ၀ိညာဉ်၊ မြန်မာတို့၏ နှလုံးသည်းပွတ်ပင် မဟုတ်ပါလော။
ရွှေတိဂုံဘုရားသာ တစုံတစ်ခု ဖြစ်သွားလျှင် . . . ဆက်ပြီး မတွေးရဲ။
တွေးလိုက်တိုင်း ကျောချမ်းမိ၏။
``အရှင်လတ်လတ် အသတ်ခံရသလို´´
စီးပွားရေးလုပ်ငန်းရှင်တို့၏ မြို့တော်စီမံကိန်းကြောင့် ရွှေတိဂုံပုံရိပ်
တစ်စုံတစ်ခု ဖြစ်သွားမှာကို ဗုဒ္ဓဘာသာဝင်တို့သည် မည်သို့သော
အကြောင်းကြောင့်မှ လက်ခံနိုင်ပါ။ ဘာ့ကြောင့်နည်း၊ ရွှေတိဂုံပုံရိပ်
ပြောင်းလဲသွားလျှင် မြန်မာသည်လည်း အရှင်လတ်လတ် အသတ်ခံလိုက်ရသလို ခံစားရမည်
ဖြစ်သောကြောင့်တည်း။
လုပ်ငန်းရှင်များ၏ စီမံကိန်းကလည်း
လူနေတိုက်ခန်းမြောက်မြားစွာ၊ ရုံးခန်းမြောက်မြားစွာ၊ ဈေးဆိုင်ခန်း
မြောက်မြားစွာ၊ ဘဏ်များ၊ စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်ရကား
ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည့် စီမံကိန်းကြီး ဖြစ်၏။
ထိုလုပ်ငန်းရှင်တို့မှာ Marga Land Mark ၊ သုခရတနာ၊ ရွှေတောင်နှင့်
Adventures Myanmar ကုမ္ပဏီတို့ ဖြစ်ကြ၏။ မိမိသည် (၁၇၊ ၀၆၊ ၂၀၁၅)နေ့တွင်
ရွှေတိဂုံဘုရားအနီး Marga Land Mark ကုမ္ပဏီက ဆောက်လုပ်မည့် ၂၂ ဧက
ကျယ်ဝန်းသော Dagon City One စီမံကိန်းကို သွားရောက် လေ့လာခဲ့၏။
``နောင်မှ မတကြပါနဲ့´´
မိမိသည် မန်နေဂျာအား လာရခြင်း၏အကြောင်းကို ရှေးဦးစွာ ပြောပြလိုက်၏။
ရွှေတိဂုံဘုရားကြီးအတွက် စိုးရိမ်လို့ လာရောက် လေ့လာရခြင်းဖြစ်ကြောင်း၊
မည်သည့်အဖွဲ့အစည်း၏ ကိုယ်စားပြုလည်း မဟုတ်ကြောင်း၊ စီမံကိန်းတည်နေရာမှာ
ဘုရားနှင့် ဘယ်လောက်နီးသလဲဆိုတာကို သိချင်၍ ဖြစ်ကြောင်း၊
ခေတ်သစ်ဆောက်လုပ်ရေးနည်းပညာကို ဂဃနဏ မသိပါကြောင်း၊ ရွှေတိဂုံဘုရားသည်
မြန်မာတို့၏ ပြယုဂ်ဖြစ်သည့်အတွက် မည်သည့်အန္တရာယ်ကိုမှ မရှိစေလိုပါကြောင်း
စသည်ဖြင့် ပြောပြလိုက်ပါသည်။
ထိုအခါ မန်နေဂျာကိုယ်တိုင်ပင်
သူတို့လုပ်ငန်းစဉ်အကြောင်းကို ကျကျနန ရှင်းပြပါ၏။ သူတို့ ဆောက်လုပ်မည့်
``ဒဂုံစီးတီးဝမ်း´´ စီမံကိန်းသည် ရွှေတိဂုံဘုရားအတွက် မည်သို့မျှ အန္တရာယ်
မဖြစ်နိုင်ကြောင်း၊ ခေတ်မီ နည်းပညာများဖြင့် ဆောက်လုပ်မည် ဖြစ်ကြောင်း၊
ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးမှာ ဟောင်ကောင်က ဖြစ်ကြောင်း၊ သူဋ္ဌေးသည်
ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြပါ၏။
ထိုသို့ရှင်းပြသည်ကို
စိတ်ဝင်တစား နားထောင်ခဲ့ပါသော်လည်း မိမိ၏စိုးရိမ်စိတ်ကား လွန်ကဲနေဆဲ။
တစိုးတစိမှ လျော့မသွားပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်
ထိရောက်၏ဆိုသည့်အတိုင်းပင် ကြိုတင်ကာကွယ်မှဖြစ်မည်ဟု အတွေးဖြစ်ခဲ့ရသည်။
ကြိုတင် မကာကွယ်ပါက နောင်မှ တ ရမည့်အဖြစ်မျိုး ရင်ဆိုင်ရမည် ဖြစ်၏။
``ပညာရှင်များ၏ အဆို´´
ရွှေတိဂုံဘုရားဝန်းကျင်မှာ ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍
ပညာရှင်တို့၏ အမြင်၊ သဘောထား၊ အချက်အလက်ကို လေ့လာကြည့်၏။
ယင်းသို့လေ့လာကြည့်သောအခါ . . . ။ ကြေကွဲဖွယ်ရာ၊ ထိတ်လန့်စရာအပြည့်။
ရှုစားကြပါလော။
၁။ ရွေတိဂုံဘုရားဝန်းကျင်မှာ အိမ်ရာမြေဆောက်လုပ်ခြင်းကြောင့် လူဦးရေသိပ်သည်းလာမည်။
၂။ လူဦးရေများလျှင် မိလ္လာအညစ်အကြေး၊ အမှိုက်သရိုက်၊ ပို့ဆောင်ရေး ယန္တရားများ မြားပြားလာမည်။
၃။ ယင်းသို့ မြားပြားလာသည့်အတွက် ယာဉ်ကြောရှုတ်ထွေးပြီး ပတ်ဝန်းကျင်ညစ်ညမ်းသွားပါမည်။
၎။ အဆောက်အဦးဆောက်လုပ်မည့်နေရာမှာ သဘာဝပေါက်ပင်များ ပျက်စီးသွားပါသည်။
၅။ ယင်းသို့ ပျက်စီးသွားသည့်အတွက် မြေသား ခိုင်ခံ့မှုလည်း ကျဆင်းသွားပါသည်။
၆။ သဘာဝပေါက်ပင်များ မရှိတော့လျှင် ရှဥ့်ငှက် ပိုးမွှားတိရစ္ဆာန်လေးများ စားကျက်ပျောက်သွားမည် ဖြစ်သည်။
၇။ စားကျက်ပျောက်သွားခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်လည်း ပျက်စီးသွားမည် ဖြစ်သည်။
၈။ ရွှေတိဂုံကုန်းမြေသည် သဲဆန်သောကျောက်များဖြင့် ဖွဲ့စည်းထားသောကြောင့် မြေအောက်ရေ သိုလှောင်သည့် နေရာဖြစ်ပါသည်။
၉။ မြေပြင်ပေါ်မှာ ကွန်ကရစ်လိုအလွှာများခင်းကြသောကြောင့် ရေစိမ့် မ၀င်နိုင်တော့ပါ။
၁၀။ ရေစိမ့်ဝင်အား မရှိလျှင် မြေအောက်မှာလည်း မိုးရေ မရောက်နိုင်တော့ပါ။
၁၁။ မြေအောက် မိုးရေမရောက်လျှင် မြေအောက်မိုးရေများ ထုတ်ယူလို့ မရနိုင်တော့ပေ။
၁၂။ မြေအောက် မိုးရေမရှိတော့ရကား ရန်ကုန်မြစ်ကလာမည့် ဆားငန်ရေများ အစားထိုး ၀င်ရောက်လာမည် ဖြစ်သည်။
၁၃။ ယင်းသို့ မြေအောက်ရေ ပြောင်းလဲသွားလျှင်ကား သဘာဝဘေးအန္တရာယ်များ ကျရောက်ပြီး မြေသားခိုင်ခံ့မှုလည်း ကျဆင်းသွားမည် ဖြစ်ပေသည်။
၁၄။ မြေသားခိုင်ခံ့မှု ကျဆင်းသွားလျှင် ယင်းကုန်းမြေပေါ်မှာ အခိုင်အမာ
ယူထားသည့် ရွှေတိဂုံဘုရားကြီး ဘာဖြစ်သွား နိုင်သနည်း။ လေးလေးနက်နက်
စဉ်းစားရမည် ဖြစ်ပေသည်။
ပညာရှင်များ၏အဆိုအရ ဆိုလျှင် အစားထိုးမရသည့် ဆုံးရှုံးမှုများ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမည် ဖြစ်၏။
``ပန်းဥယျာဉ်ထဲ မီးသွေးမဖုတ်ခိုင်းပါနဲ့´´
မိမိ၏ အမြင်ကတော့ ရိုးရိုးလေးပါ။ ``ရွှေတိဂုံဘုရားအနီး
မြို့ပြတည်ဆောက်ခြင်းသည် ကမ္မဋ္ဌာန်းရိပ်သာ အနီး အရက်ဆိုင်ဖွင့်သလို
(သို့မဟုတ်) ပန်းဥယျာဉ်ထဲ မီးသွေးဖုတ်ခိုင်းသလိုပင် ဖြစ်နေ၏´´ဟူ၍သာ။
``ဒဂုံမြို့တော်လား၊ ဘီလူးမြို့တော်လား´´
ထိုသို့ဆိုလျှင် ရွှေတိဂုံဘုရားအနီးက မြို့ပြစီမံကိန်းများသည်
ရွှေတိဂုံဘုရားအတွက် အန္တရာယ်ချောက်ကမ်းပါးပင် ဖြစ်၏။
အန္တရာယ်ချောက်ကမ်းပါးဆိုလျှင်တော့ ``ဒဂုံမြို့တော်´´ဟု ဆိုလို့ မရတော့။
မြန်မာ၏ ပုံရိပ်ကို ဖျက်ဆီးမည်ဖြစ်ရကား ``ဘီလူးမြို့တော်´´ဟု
ဆိုရတော့မည်သာတည်း။
ထို့ကြောင့် မြန်မာတို့၏ နှလုံးသည်းပွတ်ဖြစ်သော ``ရွှေတိဂုံဘုရားကြီးကို ကာကွယ်ကြပါစို့´´ဟု ထပ်လောင်း၍ နှိုးဆော်လိုက်ရပါသည်။
.
မှတ်ချက်။ ။ သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ၏ စာမျက်နှာမှ ကူးယူမျှဝေသည်။
.
Credit : Zarni Htike
No comments:
Post a Comment