ဗုဒ္ဓ၏ ခန္တီပါရမီရှိပုံကို အကြောင်းအရာပေါင်းများစွာထဲမှာ သာဓကတစ်ခု ထုတ်ပြချင်ပါသည်။ ဗုဒ္ဓသည် တစ်နေ့တွင် တပည့်သာဝကများအား တရားပြနေစဉ် လူတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနှင့်ရောက်လာပြီး ဗုဒ္ဓအား ကြိမ်းမောင်းခြင်း၊ ရိုက်မည်ဟု ဟန်ပြခြင်းတို့အပြင် နောက်ဆုံး မျက်နှာကို တံတွေးဖြင့်ပါ ထွေးလိုက်ပါတော့သည်။ ဗုဒ္ဓကထိုသူကို မည်သို့ တုံ့ပြန်သည်ဟု ထင်ပါသနည်း။
ဗုဒ္ဓသည် ထိုစိတ်ဆိုးပြီး တံတွေးနှင့်ထွေးသူကို “တော်ပြီလား” ဆိုသည့်
မေးခွန်းတစ်ခုသာမေးလိုက်သည်။ ထိုသူ ငိုင်သွားပြီး မျှော်လင့်မထားသော
မေးခွန်းကိုရလိုက်သောကြောင့် တွေဝေသွားရာမှ ပြန်လှည့် သွားတော့သည်။
ဗုဒ္ဓ၏တပည့် သာဝကများက စိတ်ဆိုးဒေါသထွက်နေကြသော်လည်း ဗုဒ္ဓက
“ချစ်သားတို့ သူသည် ငါ့အား တံတွေးဖြင့် ထွေးခြင်းမဟုတ်၊ ငါ့အပေါ် သူမြင်ထားသည့် သူ့သဘောထားအပေါ်တွင် တံတွေးဖြင့် ထွေးသွားခြင်း သာဖြစ်သည်။ ငါ့အကြောင်းကောင်းစွာ မသိသောကြောင့်သာ ဤသို့ပြုမူခြင်း ဖြစ်လိမ့်မည်” ဟုဆိုလိုက်သည်။
နောက်တစ်နေ့တွင် ဗုဒ္ဓကိုစော်ကားတံတွေးဖြင့် ထွေးသူ ပြန်ရောက်လာပြီး မနေ့ကအပြုအမူအတွက် ခွင့်လွှတ်ရန် တောင်းပန်လေတော့သည်။ ဗုဒ္ဓက
“ခွင့်လွှတ်ရမယ်။ ဘာကို ခွင့်လွှတ်ရမှာလဲ။ အသင် ငါသည်ကား ယမန်နေ့က ငါမဟုတ်တော့ပြီ။ ဂင်္ဂါ မြစ်ရေသည် ထာဝရ စီးဆင်းနေသည်။ ယခုသင်မြင်တွေ့ နေရသည့်ဂင်္ဂါသည် ယမန်နေ့က ဂင်္ဂါမဟုတ်။ လူတိုင်းသည် မြစ်တစ်မြစ်နှင့် အသွင်တူသည်။ ယမန်နေ့က သင့်တံတွေးဖြင့်ထွေးခဲ့သူသည် ဤနေရာတွင် မရှိတော့။ ငါသည် ယမန်နေ့က ငါနှင့် အသွင်သဏ္ဌာန် တူသူသာဖြစ်သည်။ သို့သော် ယမန်နေ့က ငါမဟုတ်။ ဤကုန်လွန်ခဲ့သည့် အချိန်တို့တွင် ငါသည် ငါမဟုတ်တော့။ မြစ်ရေသည် တစ်သွင်သွင် စီးဆင်းလျက်ရှိသည်။ ငါသည် သင့်ကို ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် သင့်အပေါ် အမုန်းပွားမှုမရှိခဲ့သောကြောင့်ဖြစ်သည်”
“သင်သည်လည်း မနေ့ကသင်မဟုတ်။ ဒီနေ့ အသစ်ဖြစ်နေသည့်သူဖြစ်သည်။ ယမန်နေ့ကသင်သည် ဒေါသ အမျက်ခြောင်းခြောင်း ထွက်နေသည့်သူဖြစ်သည်။ စိတ်ဆိုး ဒေါသထွက်လာသူတစ်ယောက်သည် တစ်ယောက်သောသူ၏ မျက်နှာကို တံတွေးဖြင့်ထွေးသည်။ ဒီနေ့ ငါ့ခြေထောက်ကို ဦးတိုက်နေသူသည် ယမန်နေ့ကသူ ဖြစ်ပါသည်ဟု အဘယ်မှာလျှင် ပြောနိုင်အံ့နည်း။ ယမန်နေ့က သူသည်မရှိ။ မရှိသူကို ငါသည် အဘယ်မှာလျှင် စိတ်ဆိုးရအံ့နည်း။ အပြစ်မှခွင့်လွှတ်ရအံ့နည်း။ တံတွေးဖြင့် အထွေးခံရသူသည်လည်းကောင်း၊ တံတွေးဖြင့် ထွေးသူသည်လည်းကောင်း မရှိတော့။ အိုချစ်သား။ ငါ၏ အနားလာလော့။ ငါတို့ စကားများပြောကြအံ့” ဟူ၍ ဗုဒ္ဓကပြောကြားလိုက်လေသည်။
(Osho)
၁၉.၅.၂၀၁၅

No comments:
Post a Comment