အမေရိကန်ရဲများဟာ အမေရိကန်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါတယ်။ ပြည်သူ့အခွန်ငွေက ရဲများကို လခပေးပါတယ်။ ရဲများရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ပြည်နယ်အလိုက် ကွာခြားပါတယ်။ ဖက်ဒရယ်အစိုးရ ရုံးစိုက်ရာမြို့ (Federal District) ၀ါရှင်တန်ဒီစီက ရဲများကို ဖက်ဒရယ်အစိုးရက တိုက်ရိုက် စီမံခန့်ခွဲပါတယ်။
အကြမ်းဖက်သူများ၊ ဒုစရိုက်ကျူးလွန်သူများရဲ့ ဘေးရန်က အကာအကွယ်ပေးတဲ့
ရဲများဟာ တာဝန်အရ လူသေစေနိုင်တဲ့လက်နက်ကို ကိုင်ဆောင်ထားကြပါတယ်။
ရဲတွေလက်ထဲက လက်နက်များဟာ ပြည်သူကို အကာအကွယ်ပေးနိုင်သလို ပြည်သူကို
ဒုက္ခပေးနိုင်ပါတယ်။ မလိုအပ်တဲ့ အင်အားသုံး ဖမ်းဆီးမှု၊ အနိုင်ကျင့်မှုတွေ
ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုမှတဆင့် ပြည်သူတွေရဲ့ အုံကြွမှု
ဖြစ်ပေါ်စေနိုင်ပါတယ်။
အမေရိကန် ရဲတွေရဲ့ အနိုင်ကျင့်မှုကို ခံရသူများဟာ ပြစ်မှု ကျူးလွန်သူ ရဲများကို တရားစွဲဆိုနိုင်ပါတယ်။ ပြစ်မှု ကျူးလွန်သူရဲများကို ပြစ်ဒဏ်ပေးသလို တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း အရေးယူမှုများပြုလုပ်ကြပါတယ်။
ဒီ ဆောင်းပါးမှာ ရော့ဒ်နီ ကင်း (Rodney King) အမှု၊ အမဲန်ဒူ ဒီယာလို (Amandoou Diallo) အမှုနဲ့ ၂၀၁၄ ဖာဂူဆန် (Ferguson) မငြိမ်သက်မှု ဖြစ်စေတဲ့ မိုက်ကယ်လ် ဘရောင်း (Michael Brown) ပစ်ခတ်မှု၊၊ ထို အမှုများရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်၊ နယူးယောက်ရဲ၊ နယူးယောက်မြို့တော်က ပေးရတဲ့ လျော်ကြေး၊ နယူးယောက် အထက်တန်းကျောင်းသူရေးတဲ့ ရဲတွေရဲ့ အင်အားသုံးမှုအကြောင်း စာတမ်း စသဖြင့် ဖော်ပြသွားပါမယ်။
ရော့ဒ်နီ ကင်း (Rodney King) ၊ အမဲန်ဒူ ဒီယာလို (Amandoou Diallo) ၊ မိုက်ကယ်လ် ဘရောင်း (Michael Brown) အမှု
သက်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်လာတဲ့ အမေရိကန် ဆောက်လုပ်ရေးလုပ်သား ရော့ဒ်နီ ကင်း (Rodney King) ကို လော့စ်အိန်ဂျလိစ်ရဲ ငါးဦးက ၀ိုင်းဝန်း ရိုက်နှက်ခဲ့ပါတယ်။ ၁၉၉၁၊ မတ်လ ၁ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ထို ဖြစ်ရပ်ကို ဂျော့ ဟောလီးဒေး (George Holiday) က ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပြီး ဒေသတင်းဌာန ကေတီအယ်လ်အေ (KTLA) ကို ပေးခဲ့ပါတယ်။ ထို ဗီဒီယိုမှတ်တမ်းမှာ ရဲအချို့က ရော့ဒ်နီ ကင်း (Rodney King) ကို ထပ်ခါထပ်ခါ ရိုက်နှက်တာကို တွေ့ကြရပါတယ်။ တရားရုံးက ရိုက်နှက်သူ ရဲများကို အပြစ် ကျူးလွန်ခြင်း မရှိလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၂ လော့စ် အိန်ဂျလိစ် အုံကြွမှု ဖြစ်ပွားခဲ့ပါတယ်။ ထို အုံကြွမှုကြောင့် လူ ၅၃ ဦး သေဆုံး၊ နှစ်ထောင်ကျော် ဒဏ်ရာရရှိကာ နောက်ဆုံးမှာ စစ်တပ်က ၀င်ထိမ်းခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ် ဧပြီ ၁၆ ရက်နေ့တွင် ရော့ဒ်နီ ကင်းအမှုကို ဖက်ဒရယ် တရားရုံးက စီရင်ချက် ချခဲ့ရာ ရဲ အရာရှိ နှစ်ဦးကို ပြစ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ပြီး အခြား ရဲ နှစ်ဦးကို လွှတ်ပေးခဲ့ပါတယ်။
ဂီနီနိုင်ငံက ရောက်ရှိလာတဲ့ အသက် ၂၂ နှစ်အရွယ် အမဒူ ဒီယာလို (Amadou Diallo) ကို နယူးယောက် ရဲ တပ်ဖွဲ့ အရပ်ဝတ်ရဲ လေးဦးက ၁၉၉၉ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ရဲ လေးဦးက အမဒူ ဒီယာလို (Amadou Diallo) ကို သေနတ်နဲ့ ၄၁ ချက် ပစ်ခဲ့ပြီး ၁၉ ချက် ထိမှန်ခဲ့ပါတယ်။ အမဒူ ဒီယာလို (Amadou Diallo) ကို ရဲတွေက လူမှားပြီး ပစ်သတ်ခဲ့တာပါ။ ၂၀၀၄ ခုနှစ် မတ်လမှာ နယူးယောက်မြို့တော်က အမဒူ ဒီယာလို (Amadou Diallo) ရဲ့ မိသားစုကို လျော်ကြေး ဒေါ်လာ သုံးသန်း ပေးခဲ့ပါတယ်။
စတိုးဆိုင်က ဆေးလိပ် လိပ်သောက်တဲ့ ဆေးတွေကို ခိုးယူတဲ့ မိုက်ကယ်လ် ဘရောင်း (Michael Brown) (အသက် ၁၈ နှစ်) ကို အသက် ၂၈ နှစ်ရှိ ရဲအရာရှိ ဒါရန် ၀ယ်လ်စဲန် (Darren Wilson) က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ မစ်စူရီ (Missouri) ပြည်နယ် ဖာဂူစန် (Ferguson) မြို့တွင် ၂၀၁၄ သြဂုတ် ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုက်ကယ်လ်ဘရောင်း ပစ်ခတ်မှုကနေ ၂၀၁၄ ဖာဂူစန် မငြိမ်သက်မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ မတ်လ ၁၁ ရက်နေ့မှာ ဖာဂူစန် ရဲမှူး သောမတ်စ် ဂျက်ဆန် (Thomas Jackson) ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။
နယူးယောက် ရဲ၊ နယူးယောက်မြို့တော်က ပေးရတဲ့ လျော်ကြေး
နယူးယောက်ရဲတဦး ဖြစ်ဖို့ အသက် ၂၁ ပြည့်သူ အမေရိကန် နိုင်ငံသား၊ အနည်းဆုံး ဂျီပီအေ ၂ ရှိပြီး ကောလိပ် ခရက်ဒစ် နာရီ ၆၀ ရှိသူ (သို့) ကျေနပ်လောက်တဲ့ နှစ် နှစ် စစ်မှုထမ်းသူစတဲ့ သတ်မှတ်ချက်အပြင် အခြား သတ်မှတ်ချက်တွေနဲ့လည်း ပြည့်စုံရပါတယ်။ နယူးယောက်မြို့မှာ ယူနီဖောင်းဝတ် ရဲ ၃၄,၅၀၀ ဦး ရှိပါတယ်။ ရဲတဦးအနေနဲ့ တနှစ်စာလခ ဒေါ်လာ ၃၄,၉၇၀ နဲ့အထက် ရရှိပါတယ်။
နယူးယောက်ရဲဟာ လမ်းမသိလို့ မေးတာကို အဖြေပေးရသလို အကြမ်းဖက်သမားရန်လည်း အကာအကွယ် ပေးရပါတယ်။ ရထားခ မပေးသူကို ဒဏ်ငွေရိုက်သလို ရာဇ၀တ်မှု ကျူးလွန်သူကိုလည်း ဖမ်းဆီးပါတယ်။
နယူးယောက်ရဲတွေကို ဥပဒေအရ တရားစွဲဆိုနိုင်ပါတယ်။ ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှ ၂၀၁၁ ဇွန်လ ၃၀ ရက်နေ့အထိ နယူးယောက်ရဲကို တရားစွဲမှု ၈,၈၈၂ မှု ရှိခဲ့ပါတယ်။ ရဲများရဲ့ ပြစ်မှုများနဲ့ ပတ်သက်ပြီး နယူးယောက်မြို့တော်က ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၈၅.၆ မီလျံ ပေးလျော်ခဲ့ရပါတယ်။ ထို ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရင် နယူးယောက်ပြည်သူတဦးစီက ဒေါ်လာ ၇၀ ပေးလျော်ခဲ့ရတာနဲ့ ညီမျှပါတယ်။
အထက်တန်းကျောင်းသူရဲ့ စာတမ်း
အမေရိကန် ပညာရေးစနစ်က မျိုးဆက်သစ်တွေ ဆင်ခြင်တွေးခေါ်တတ်ဖို့၊ အမှားတွေကို သင်ခန်းစာ ယူတတ်ဖို့၊ ကိုယ်တိုင် အမှန်အမှား ဆင်ခြင်တတ်ဖို့၊ အမှီအခို ကင်းဖို့ သင်ကြားပေးပါတယ်။
နယူးယောက်မြို့ ဘရွတ်ကလင်း တက္ကနီကယ် အထက်တန်းကျောင်း (Brooklyn Technical High School) က အထက်တန်းနောက်ဆုံးနှစ် (၁၂ တန်း) မှာ ပညာသင်ကြားနေတဲ့ လူမှုဝန်းကျင် သိပ္ပံ သုတေသန (Social Science Research) အထူးပြု ကျောင်းသူတဦးဟာ ရဲတွေရဲ့ အင်အားသုံး ဖြိုခွင်းမှုဟာ အကြမ်းမဖက်တဲ့ ပြစ်မှုတွေအပေါ် သက်ရောက်မှု ရှိမရှိ (Is Aggressive Policing of Non Violent Crime Effective?) စာတမ်း ရေးသားနေပါတယ်။ အဲဒီ စာတမ်းရေးသားတဲ့ ၁၂ တန်းကျောင်းသူ၊ ဘရွတ်ကလင်း တက္ကနီကယ် အထက်တန်းကျောင်း ထူးချွန်ကျောင်းသားများ အဖွဲ့ ဒု ဥက္ကဋ္ဌ (Honor Society Vice President) ဟာ မြန်မာနိုင်ငံဖွား ဖြစ်ပါတယ်။ အခု ဆောင်းပါးမှာ ဖော်ပြထားတဲ့ စာအုပ်များဟာ သူ့ရဲ့ ကျမ်းကိုးစာအုပ်များ ဖြစ်ပါတယ်။
နိဂုံး
တိုင်းပြည်တခုမှာ တရားဥပဒေ စိုးမိုးရေး လိုအပ်သလို အာဏာပိုင်ရဲ့ လုပ်ကိုင်မှုကို ပြန်လည် ထိမ်းကျောင်းတဲ့စနစ်၊ စောင့်ကြည့်တဲ့ စနစ် လိုအပ်ပါတယ်။ နောက်မျိုးဆက်များအနေနဲ့ ယခင်မျိုးဆက်များရဲ့ လုပ်ဆောင်မှုများကို သုံးသပ် ဝေဖန် ပိုင်းခြားနိုင်ခွင့်၊ သမိုင်းကို လေ့လာပြီး ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောက ဖန်တီးနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ အနာဂတ်များ တည်ဆောက်နိုင်ပါလိမ့်မယ်။
----------------------------
ကျောင်းသားကျောင်းသူများ၊ သံဃာများ၊ သတင်းသမားများ၊ ပြည်သူများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းသည် တိုင်ပြည်အနာဂတ်အား ဖျက်ဆီးခြင်း ဖြစ်သည်ဟု ယုံကြည်သဖြင့် ဤဆောင်းပါးအား ရေးသားပါသည်။
မြင့်လှိုင် (Burma Today)

No comments:
Post a Comment