သို့
အယ်ဒီတာမှတစ်ဆင့် သက်ဆိုင်သူများထံသို့ -
ကျွန်တော်ဟာ သာကေတမှာနေထိုင်သူတစ်ဦးပါ။ ကျွန်တော် တို့လမ်းထိပ်မှာ ကြောက်စရာကောင်းတဲ့ ရန်ပွဲတစ်ခုဖြစ်သွားခဲ့လို့ ဒီစာ ကိုရေးလိုက်တာပါ။
လူငယ်တစ်စုကို လူတစ်စုက ဓားနဲ့ခုတ်သတ်တာပါ။ ခုတ်တဲ့ကောင်က ခေါင်းအပြတ်ခုတ်တာ။ အားနဲ့လေ။ အခုတ်ခံရတဲ့သူက အရှောင်ကောင်းလို့ လည်ပင်းကိုမထိပဲ။ ပခုံးကိုခုတ်မိသွားပါတယ်။
ဒဏ်ရာနက်လို့ ပခုံးကျောတွေအကုန်ပြတ်ပြီး အခု အရေးပေါ် ရောက်နေပါတယ်။ သူနဲ့ပါတဲ့အဖော်ကလည်း ခုတ်တဲ့ဓားကို လက်နဲ့ ကာလိုက်လို့ လက်မပြတ်ထွက်သွားပါတယ်။ အရက်ဆိုင် ရန်စလို့ ပတ် ဝန်းကျင်ကလူတွေပြောကြပါတယ်ဗျ။ ဒါပေမဲ့ဗျာ ဒီအဖြစ်အပျက်ကြား ကြားပြီးချင်း သွေးပျက်မိတယ်ဗျ။ ဘာမဟုတ်တဲ့ရန်စလေးတစ်ခုနဲ့ လူတစ် ယောက်ကို လူအများကြီးရှိနေတဲ့ပတ်ဝန်းကျင်မှာ ခုတ်သတ်ဝံ့တယ်ဆို တော့လေ။ ကျွန်တော်ကတော့ အမြဲရန်သူ မရှိအောင်တော့နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှရန်မဖြစ်ဖူးသလို ရန်ဖြစ်ရမှာလည်း ကြောက်ပါတယ်။
အဓိကပြောချင် တာက လုံခြုံမှု မရှိတာပါ။ ကျွန်တော် မြန်မာနိုင်ငံမှာမွေး တဲ့ မြန်မာနိုင်ငံသားစစ်စစ်ပါ။ မွေးကတည်းက ခုအချိန်အထိ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့မခံစားဖူးသေးဘူး။ နေရတာကျီးလန့်စာစားဖြစ်နေတယ်။ လူတစ်ယောက်က လူတစ်ယောက် သတ်ချင်ရင် အလွယ်လေးဗျာ။ ရန်ကင်းခေါင်းဖြတ်သတ်မှုကိုပဲ ကြည့် လေ။ ပုခုံးချင်းတိုက်မိတာနဲ့ပဲ လူမြင်ကွင်းမှာပုလင်းကွဲနဲ့ရင်ကိုခွဲပြီး ခေါင်း ဖြတ်သတ်တယ်ဆိုတာ။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားတဲ့မြန်မာနိုင်ငံ မှာ ဘယ်လိုမှမဖြစ်သင့်ပါဘူး။
ကျွန်တော်ကစာရေးဆရာမဟုတ်တဲ့အတွက် စာချောအောင် တော့ မရေးတတ်ပါဘူး။ အဓိကပြောချင်တာက ကျွန်တော်တို့ကို ကာ ကွယ်ပေးဖို့ပါ။ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ပါ။ ကျွန်တော်တို့မှာ မဟုတ် တာလည်း ဘာမှမလုပ်ထားပေမယ့် လူမိုက်တွေ၊ လူရမ်းကားတွေကို ဘုရားတစ်ဆူလို ကြောက်နေရပါတယ်။ အထူးသဖြင့် လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ သီရိမင်္ဂလာဈေး၊ သာကေတမှာနေတဲ့သူတွေ ပိုသိမှာပါ။ ရဲထက်တောင် အာဏာပိုရှိပါတယ်။ ရပ်ကွက်တွေ မှာ သူတို့အလိုမကျရင် ထစ်ခနဲရိုက်၊ ထစ်ခနဲသတ်နဲ့ တော်တော် ကြောက်နေရပါတယ်ဗျာ။ နေရတာမလုံခြုံပါဘူး။ မြို့နယ် တိုင်းမှာ ရဲစခန်းတွေ၊ ရဲတွေရှိနေပေမယ့် လမ်းတွေမှာ ကင်း လှည့်နေတာရှားပါတယ်။ အမှောင်တွေထဲမှာကင်းပုန်းတွေနေပြီး ရာဇဝတ်မှု မဖြစ်အောင် တားဆီးဖို့နေနေသာသာ ရဲတွေ့ချင်ရင်ရဲစခန်း သွားဆိုသလိုပဲ လစာယူ အခန်းအောင်းနေကြသလားဗျာ။ အမှုဖြစ်မှ ပေါ် လာကြတယ်။
နောက်ပြီးအရပ်ဝတ်နဲ့ကင်းလှည့်တယ်တဲ့။ ယူနီဖောင်းမပါဘဲ အရပ်ဝတ်နဲ့ လှည့်မှတော့ ဘယ်ကောင် ကြောက်လိမ့်မတုံး။ ရဲမှန်းမှမသိ တာ။ လမ်းမတွေမှာ ရဲတွေအထူးသဖြင့် လူမိုက်များတဲ့နေရာတွေမှာ အမြဲ ထားပေးသင့်ပါတယ်ဗျာ။ နို့မို့ ရုံးဆင်းလို့မိုးချုပ်ရင်၊ အမှောင်ထဲဖြတ် ရရင် ဒါမှမဟုတ် ကိုယ့်နောက်လူလိုက်လာရင် ဘယ်သူ့အဖေခေါ်ရမှန်း မသိ။ ရဲဆီပြေးရအောင်လည်း ရဲကရဲစခန်းမှာလေ။ အဲဒီတော့ ရဲတွေကို အရေအတွက်များများနဲ့ လမ်းတွေမှာချထားပေးစေချင်ပါတယ်ခင်ဗျာ။
သက်ဆိုင်ရာလူကြီးမင်းတွေကို စီစဉ်ပေးစေချင်ပါတယ်။
လေးစားလျက်- မောင်ဇွဲ
#TheFlowerNews
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com

No comments:
Post a Comment