နေမိမင်းကြီးသိချင်တာတွေ ကျေနပ်အောင် ဖြေကြားပြီးတဲ့ သိကြားမင်းဟာ တာဝတိန်သာ ပြန်ရောက်တော့ သုဓမ္မာနတ်သဘင်အစည်းအဝေးကနေ သူဘယ်လောက်တော်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။ အတိတ်ဘဝ ကုသိုလ်နည်းခဲ့လို့ ထင်ပါရဲ့။ စပုတ်ပါစန် နတ်သားကလေး တစ်ပါးတလေမှ မရှိရန်ကော။ သူ့တစ်ယောက်တည်း လော်ဘီမပါ ဂေါ်ဇီလာ လုပ်ရတဲ့အခါကျတော့ ခြင်းလုံးသူများဆီ ပါသွားရင်ပြန်ပို့မယ့်သူ မရှိသလိုနေမှာပေါ့နော်။ သူတင်လိုက်တဲ့ဇမ်းက သူ့ဆီပြန်မရောက်ပဲ နေမိမင်းကြီးဆီကိုရောက်သွားတယ်။ နတ်ပရိသတ်ကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ချီးမွန်းခန်းဖွင့်ကြတာ သိကြားမင်းကြီးမဟုတ်ပဲ နေမိမင်းကြီး ဖြစ်နေတာကိုး။ လူတစ်ယောက် ဆယ်လီဗျစ်တီ ဖြစ်သွားပြီဆိုမှဖြင့်“အို တခြားသူမှ မဟုတ်တာ။ တို့နဲ့ ဘော်ဘော်တွေလေ။ အောင်မလေး ဘယ်သူများလဲလို့။” ဆိုတဲ့အကွက်တွေဟာ လူတွေတင်မကဘူး။ နတ်တွေကလည်း နင်းတတ်တယ်။ “သည်လောက်ပေါ်ပြူလာဖြစ်နေတဲ့ နေမိမင်းကြီးနဲ့ တို့နဲ့က အစောကြီးကတည်းက သိတယ်လေ။ နတ်ပြည်ကိုရောက်လာတာ သူ့ကျေးဇူးကြောင့်ပေါ့။” လို့ကိုယ်စီကိုယ်စီ အတိတ်ကို လှန်ကြတဲ့အခါ နတ်သဘင်ကြီးတစ်ခုလုံး အုတ်အုတ်သည်းသည်းကို ဖြစ်သွားရောတဲ့။ မသိသေး မမြင်ဖူးသေးတဲ့သူတွေကလည်း “ဘူလေးလဲ။ ဘူလေးလဲ။ အာ့ ဘူလေးလဲ။” လို့ ပြစမ်းပါဦး လုပ်တဲ့အခါ နတ်ပြည်ကြီးတစ်ခုလုံးပဲ မိထိလာဆင်းပြီး သွားကြည့်ရတော့မလို ဖြစ်လာတယ်။ တာဝတိန်သာကြီးတော့ နေမိဆီမကြွပါနဲ့ကွယ်။ နေမိမင်းကြီးပဲ တာဝတိန်သာ ပင့်လိုက်ကြရအောင်လို့ အဆိုတင်သွင်း မဲခွဲဆုံးဖြတ်တဲ့အခါ တညီတညွတ်တည်း သဘောတူကြသတဲ့။