လူဆိုတာခေတ်နဲ့အညီ မှီအောင်လိုက်နိုင်မှတော်ရုံကျသဗျ။
ကျုပ်အဖိုးရဲ့အမွေ ကျုပ်အဖေရဲ့လက်စွဲ
ကျုပ်လက်ထဲကကျေးမီးခြစ် တိုက်ဂေါကြီးဖြစ်ပြီ
စုတ်ညစ်ရောင်ဆင်း အသရေကင်းလှသမို့
ဆင်းဟမြောင်းထဲ ငါ့အမိန့်။
''ဇစ်ပို''ဆိုလား ဘာဆိုလား
အသစ်စက်စက် ငွေရောင်လက်ပြေး မီးခြစ်လေး
တန်ကြေးကတစ်လစာ ရှိသမျှပါလေမင့်
အခြေမြင့် အနေတင့် လေပင့်တဲ့ကျုပ်စိတ်ကြိုက်မို့
သိပ်ခိုက်ဘဝင်တရွှင်ရွှင်။
ကြည့်စမ်းပါ့နော် ကော့ကော်ကန်ကား
တစ်ပါးလှကညာ တင်ပါးမိုးမျှော်
သိကြားကိုသရော်တဲ့ ပုံအဖော်ဆန်း အဖုံးမှာမွှမ်းထားတော့
ခေတ်ဆန်းတဲ့အမြင် ပိုင်ရတဲ့ကျုပ်သခင်ကို
ဘဝင်လေဟတ် ငွေကုန်ရကျိုးနပ်လိုက်ပါဘိကွယ်ရို့။
ဟ ဟာ ဟ ဘယ်နှာဖြစ်ရ ကြည့်လုပ်ကြဟေး
ဆေးပြင်းလိပ်တိုတို''ဇစ်ပို'' နဲ့မီးမထွက်
ဆီစိုမီးခွက်''ဇစ်ပို''နဲ့မီးမလက်
ရှုပ်ရှက်ဗရုပ်ဗရက် ကျုပ်အလုပ်တွေပျက်။ ။
ကဲဟာ ကဲဟာ မှတ်ကရော့ မှတ်ကရော့
တောနဲ့ဘဲထိုက်တန် မြိုင်ဟန်ကမလွတ်ပဲ
ဖွတ်ငမွဲဆေးပြင်းလိပ် မနိတ်တော့တဲ့မီးခွက်စုတ်
အဟုတ်ညံ့ဖျင်းလူရာဖြင့် မသွင်းချင်ဘု
နုတ်နုတ်စဉ်းချေဖျက် ဓားမနဲ့နှက်လို့
စိစိညက်အားမရ မြေပေါ်ချတူနဲ့ထု
ကျုပ်ပြုချင်တိုင်းပြုပြစ်လိုက်ပြီ … ဟူး။
အိမ်း အခုမှကပဲ
ခံတွင်းကချဉ် အမှောင်ထဲစမ်းဝင်လို့
နဖူးပြင်ကချွေးပုတ် ပုဆိုးနဲ့အသာသုတ်ရင်း
ငိုင်တိုင်ထုတ် ဝါဗလမ်း ငုတ်တုတ်ထိုင်ဝမ်းဗလာ
ဟာတာတာချိနဲ့နွမ်းသော်လည်း
ခေတ်ဆန်းလာတဲ့ကျုပ်ကိုယ်ကျုပ်
အဟုတ်ကျေနပ်သွားပေမင့်
အရပ်ကတို့ရေ
တပြေရပ်ဖွားတဲ့မီးခြစ်ကလေးကတော့
ကျုပ်အဖြစ်ကိုငေးကြည့် ပြုံးစိစိဗျို့။ ။
ပေါ်ထွန်းမြိုင်
No comments:
Post a Comment