Saturday, November 15, 2014

အချစ်ဆုံးသို့ ပေးစာ


သို့ /
အချစ်ဆုံးလေး.....
မင်းက
ဘယ်လောက်ပဲကျွေးကျွေး
ဗိုက်ပြည့်တယ်လို့ မရှိဘူး
အမြဲဆာလောင်နေတတ်တဲ့သူ။

မင်းက
အဝတ်အစားသစ်တွေ ဘယ်လောက်ပဲ
ဝယ်ပေးပေး
တင်းတိမ်ရောင့်ရဲတယ်လို့ မရှိဘူး
အသစ်ထွက်သမျှ ပူဆာတတ်တဲ့သူ။
မင်းက
ဘယ်ဆရာဝန် ပါရဂူတွေနဲ့ပြပြ
ကျန်းမာတယ်လို့မရှိဘူး
ဖျားနာမကင်းနိုင်တဲ့သူ။
မင်းက
ကောင်းမွန်တဲ့အခန်းမှာ နေရလည်း
အိမ်အသစ်ကို အမြဲတောင့်တနေ
တတ်တဲ့သူ။
မင်း
စားဖို့၊ဝတ်ဖို့၊နေဖို့ အလုပ်လုပ်ပြီး
ငွေရှာခဲ့ပေမယ့်လည်း
နောက်ဆုံးတော့ အရာအားလုံး
ချန်ထားခဲ့ရတာပဲ အဖတ်တင်တယ်။
မင်းအတွက်
ငါ့ဘဝတစ်ခုလုံး အလုပ်ထဲမှာနစ်ပြီး
ငွေရှာခဲ့မိတာ နောင်တရမိတယ်။
လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က
ငွေရှာဖို့မဟုတ်ဘူးဆိုတာ
ငါသဘောပေါက်ပါပြီ။
ဒီနေ့ကစပြီး
မင်းအတွက်ရော၊အများအကျိုးအတွက်
ပါ စဉ်းစားပြီး အလုပ်လုပ်တော့မယ်။
ဒီနေ့ကစပြီး
မင်းရဲ့ 'ကျွန် 'တင်မက
ပြည်သူတွေရဲ့ 'ကျွန် '
ထေရဝါဒသာသနာရဲ့ 'ကျွန် 'အဖြစ်
ငါ့ကိုယ်ငါ မှတ်ယူသဘောထားလိုက်ပြီ။
နောင်ဘဝမှာလည်း
မင်းနဲ့မဆုံဖြစ်အောင် ကြိုးစားမယ်
အချစ်ဆုံးလေး "ငါ့ခန္ဓာ "။

ဦးတိုးအောင်

No comments:

Post a Comment