Thursday, November 27, 2014

နာမည်ကို ဖမ်းတယ်

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ စာရေးဆရာ သိပ္ပံမောင်ဝ ( အရေးပိုင် ဦးစိန်တင် ) တို့ မိသားစု စစ်ဘေးကလွတ်အောင် ရန်ကုန်၊ မြစ်ဝကျွန်းပေါ်၊ အထက်မြန်မာပြည် ထိ ပြေးကြ ရရှာတယ်။ ဦးစိန်တင်တို့လိုပဲ အသက်ဘေးက လွတ်အောင်ပြေးကြရ တာ အောက်မြန် မာပြည်က ရှိသမျှလူအားလုံးလောက်ပါဘဲ။ ဂျပန်လေယာဉ်တွေရဲ့ ဗုံးဒဏ်၊ စက်သေနတ် ဒဏ်ကြောင့် သေကြေပျက်စီးရတာတွေအလွန်များပါတယ်၊ အင်္ဂလိပ်တွေရဲ့မဟာမိတ် တရုပ်စစ်သားတွေ သေနတ်သရမ်းတာကြောင့်လဲ အပြစ်မရှိပဲ သေကြ၊ ပျက်စီးကြရပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင် ပြေးရပြီကိုး၊ တိုင်းပြည်ပျက်တယ်ဆိုတာ အဲဒါမျိုးကြီးပါလားလို့ “ စစ်အတွင်းနေ့စဉ်မှတ်တမ်း “ အနေနဲ့ သိပ္ပံမောင်ဝရေးထားခဲ့လို့ ကျွန်တော်တို့ဖတ်ရ နားလည်ရပါတယ်။ ကျွန်တော်မှတ်မှတ်ရရဖြစ်မိတဲ့ အဖြစ်အပျက်တစ်ခု သိပ္ပံမောင်ဝတို့ အထက်မြန်မာပြည် ရွာလေးတစ်ရွာမှာ ကြုံခဲ့တာ ခုထိစိတ်ထဲစွဲနေမိပါတယ်။
“ တောမီးလောင် တောကြောင်လက်ခမောင်းခတ် “ စကားပုံက မှန်သားလား ၊ တိုင်းပြည်ပျက်တော့ စာရိတ္တအောက်တန်းစား တောကြောင်တွေက ဒုက္ခရောက်နေတဲ့ စစ်ပြေးတွေကို လုယက်၊ ဒါးပြတိုက်၊ သတ်ကြ ဖြတ်ကြ လုပ်ချင်သလိုလုပ်ပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာရယ်လို့တောင် နားမလည်နိုင်ပဲ၊ ရွာထဲက ပစ္စည်းရှိတဲ့သူ တွေကို ရွာသားကပဲ ဒါးပြတိုက်တာမျိုး၊ ရပ်ရွာအတွက် အများပိုင် ပစ္စည်းတွေကို အနိုင်အထက် လုကြတာ မျိုးထိဖြစ်လာကြပါတယ်။ ကာကွယ် အရေးယူပေးနိုင်တဲ့ အစိုးရမှ မရှိတော့ တာကိုး။
သိပ္ပံမောင်ဝတို့ ရောက်နေတဲ့ရွာကလေးမှာလဲ အဲဒီလို တောကြောင်တွေသောင်း ကျန်းနေတာ ကြုံနေ ရသတဲ့။ ရွာသူကြီးဆိုတာ အော်တိုငုတ်တုတ် ရာထူးလျှောပြီး၊ အရင်အာဏာရှိခဲ့တုန်းက စွာခဲ့တာတွေကြောင့် ခု အသတ်မခံ ရအောင် ရေငုံနှုတ် ပိတ်နေနေရပါတယ်။ အဲဒီရွာမှာ သိပ္ပံမောင်ဝ ရွာဦးဘုန်းကြီးကျောင်း က ကျောင်း ထိုင်ဆရာတော်နဲ့ တွေ့တုန်းလေး ဆရာတော်ပြောတာကို ပြန်ရေးပြပါတယ်။
“ .. ခေတ်ပျက်ပြီဆိုတော့ တောကြောင်တွေ ဗိုလ်ကျတာ၊ ဘာမှ မတားဆီးနိုင်ဘဲ ဘုန်းကြီးလဲ တော်သလိုကြည့်ပြီး သတင်း သုံးနေရပါတယ်။ သူတို့ကို အရေးယူဖို့ အစိုးရ မရှိ၊ ဥပဒေမှမရှိပဲကိုး၊ ဒါပေမဲ့ သူတို့တွေအတွက် လူကိုမဖမ်းနိုင်ပေမဲ့၊ နာမည်ကိုဖမ်း တယ်၊ ခေတ်ပျက်တာ တစ်သက်လုံး ပျက်မနေပဲ အခိုက်အတန့်သာဖြစ်မှာ ပါ၊ ခေတ်ပြန်ကောင်းလာရင် နာမည်ဖမ်းခံရတဲ့သူတွေဟာ၊ လူကိုဖမ်းခံရတာထက် ဘ၀ ပျက်ရမှာ သေချာတယ် .. “ လို့ ဘုန်းတော်ကြီးက သိပ္ပံမောင်ဝကို ပြောပြပါတယ်၊ အတော်ခေတ်မီတဲ့ ဘုန်းကြီးပေဘဲ၊ ဘုန်းတော်ကြီး မိန့်ကြားတာ ကို မြန်မာပြည်ကလူတွေအားလုံး ကြားစေချင်လိုက်တာလို့ ဆရာကြီးမောင်ဝ မှတ်ချက်ပြုပါတယ်။
ကျွန်တော်တို့ဆီမှာ လာမဲ့ ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲနီးလာတော့ အနိုင်ရဖို့၊ အသာစီးရဖို့ ခြေသွက်/လက်သွက်တာတွေ ကျွန်တော်တို့မြင်နေရပါပြီ၊ တရားသဖြင့်လဲပါမယ်၊ မတရားသဖြင့် နိုင်ငံရေးအောက်လမ်းနည်းတွေလဲ ပါနေမယ်ထင်ပါတယ်။
ရန်ကုန်လို မြို့ကြီးမှာ ကားလမ်းပိတ် လို့၊ လူတွေအားလုံး တစ်နေရာက တစ်နေရာ သွားနိုင်ဖို့ နာရီနဲ့ချီပြီး အချိန်ကုန်နေရပါတယ်၊ လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေရပါတယ်။ တိုင်းပြည်ပျက်နေတာတော့မဟုတ်ပေမဲ့၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်းကလူတွေ ဆုံးရှုံးရတာဟာ ကျွန်တော်တို့ ဆုံးရှုံးရတာဖြစ်နေမှာပါ။ ဒီလို ဆုံးရှုံးရတာတွေဟာနေ့စဉ် ကျပ် သန်းချီရှိနိုင်မယ်ထင်ပါရဲ့။
အဲဒီလိုအချိန်မျိုးမှာ လမ်းပေါ်လူတွေထွက်လာအောင်လုပ်မယ်၊ နိုင်ငံအနှံ့ ပဋိပက္ခတွေ၊ မင်းမဲ့စရိုက် အကြမ်းဖက်မှု့တွေဖြစ်အောင် ဖန်တီးမယ်ဆိုရင်၊ ဒီလိုလူမျိုးတွေဟာ တောကြောင်တွေနဲ့ဘယထူးမှာလဲလို့ ကျွန်တော်မြင်ပါတယ်။
ကျွန်တော်တို့ သာမာန်လူတန်းစားတွေဟာ၊ ရှုတ်ထွေးနေတဲ့အခြေအနေကြီးကို နားမလည်၊ သြဇာ အာဏာလည်း ဘာတစ်ခုမှမရှိလို့ အဲဒီတောကြောင် တွေကို ဖမ်းဖို့ ဆိုတာ အဝေးသားလား။
ဒါပေမဲ့ ကျွန်တော်တို့ လူကိုမဖမ်းပဲ၊ နာမည်ကိုတော့ ဖမ်းထားကြတာ မလွဲမသွေ ရှိနေကြမှာပါ။
လူတစ်ယောက်ရဲ့သက်တမ်းဟာ တိုင်းပြည်တစ်ပြည်ရဲ့သက်တမ်းနဲ့ယှဉ်ရင် အလွန်တိုတောင်းလှပါတယ်။

No comments:

Post a Comment