Thursday, October 9, 2014

Death with Dignity

အော်ရီဂွန်ပြည်နယ်က အသက်၂၉ နှစ်ပဲ ရှိသေးတဲ့ ဘရစ်တနီ မေးနာ့ဒ် (Brittany Maynard) ဆိုတဲ့အမျိုးသမီးဟာ လာမယ့်နိုင်ဝင်ဘာ (၁) ရက်နေ့ကို သူမ သေဆုံးဖို့နေ့အဖြစ် ရွေးချယ်ထားသတဲ့။
သူမရဲ့ ဦးနှောက်အကျိတ်ကင်ဆာကြောင့် နောက်ထပ်ခန့်မှန်းခြေ (၆)လပဲ နေရတော့မှာမို့ ဆေးလည်း ကုမရတော့တဲ့အတူ ရောဂါဝေဒနာခံစားရင်း ကြုံလှီခမ်းခြောက်ပြီး သေမင်းရဲ့အာခံတွင်းထဲ အင်တင်တင်ပါသွားရမယ့် အချိန်မျိုးအထိ စောင့်မနေတော့ဘဲ ဂုဏ်သိက္ခာရှိရှိ သေဆုံးမှု (Death with dignity) ကိုပဲ ရွေးချယ်ဖို့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
အမေရိကားမှာ Montana, New Mexico, Vermont, Washington နဲ့ Oregon ပြည်နယ်တွေမှာပဲ Death with dignity ကို ဥပေဒအရ ခွင့်ပြုပါတယ်။ ဒါကြောင့် သူမလည်း သူမရောဂါအကြောင်း သေသေ ချာချာ လေ့လာပြီးတဲ့နောက်မှာ Death with dignity ကို ရွေးချယ်နိုင်ဖို့ ကယ်လီဖိုးနီးယား ကနေ အော်ရီဂွန်ကို ပြောင်းရွှေ့ခဲ့တယ် ဆိုပါတယ်။

သူမဟာ တစ်ဦးတည်းသောသမီးပါ၊ အိမ်ထောင်ကျတာလည်း မကြာသေးဘူး။ အခု သူမ သေဆုံးဖို့ ရွေးချယ်လိုက်တဲ့ နိုင်ဝင်ဘာ (၁) ရက်နေ့ဟာ သူမအမျိုးသားရဲ့ မွေးနေ့အပြီး (၂) ရက်အလွန် ဖြစ်ပါတယ်။ သူမနဲ့ သူမအမျိုးသား အတူမျှဝေခဲ့တဲ့အိပ်ယာပေါ်မှာ သူမကို ချစ်တဲ့မိသားစုဝင်တွေ ရှေ့မှာပဲ ဆရာဝန်ညွှန်းထားတဲ့ (မနာကျင်၊ မခံစားရဘဲ အသက်ဆုံး သွားစေမယ့်) ဆေးတစ်မျိုးကို သောက်ပြီး ကွယ်လွန်မှာ ဖြစ်တယ် ဆိုပါတယ်။
“ကျွန်မ မသေချင်ပါဘူး၊ ဒါပေမဲ့ သေရတော့မယ်။ သေရမယ့်အတူတော့ ကျွန်မနည်း၊ ကျွန်မဟန် ကျွန်မပုံစံနဲ့ပဲ သေဆုံးချင်ပါတယ်” လို့ သူမက ပြောပါတယ်။
ဘရစ်တနီ မေနာ့ဒ်ဟာ သူမ သေဆုံးမယ့်နေ့ မရောက်ခင် လက်ရှိ သုံးပတ်နီးပါးအတွင်းမှာ သူမလိုပဲ သေဖို့သေချာနေတဲ့လူတွေ (နောက်ဆုံးအခြေအနေ ရောက်နေသူတွေ) သူတို့ရဲ့ အဆုံးသတ်ကို သူတို့ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါသတဲ့။
.....................................................................................................
ဒီနေ့ telegraph မှာ အထက်ကသတင်းဖတ်ရတော့ ကိုယ့်သေနေ့ကို ကိုယ်တိုင်စေ့ယူတဲ့ အဲဒီ့အမျိုးသမီးရဲ့သတ္တိကို ချီးကျူးမိတယ်။ နောက် တစ်ချို့လူတွေ တစ်ဘဝလုံးလုံး ဘဝကူးကောင်းအောင် လုပ်နေချိန်မှာ သူမက နောက်ဆုံးကျန်တဲ့ ရက်ပိုင်းလေးကိုတောင် ကမ္ဘာပေါ်မှာ ကျန်ခဲ့မယ့် သူမနဲ့ ဘဝတူလူတွေအတွက် ကောင်းမယ်ထင်ရာလေး လုပ်ပြီး အသုံးပြုသွားတာမျိုးကိုလည်း လေးစားတယ်။ ပြီး Death with dignity ဥပဒေကို ကျွန်တော်ကတော့ ထောက်ခံတယ်။ ကိုယ့်ဝေဒနာကို အခြားသူတွေလည်း မျှဝေခံစားနိုင်မှာ မဟုတ်တဲ့အတူ ကိုယ့်သေဆုံးမှုကို ကိုယ်ရွေးခြယ်တာ တရားတယ်လို့ ထင်မိတာပဲလေ။
...................................................................................................
ဒီတစ်ပတ်အတွင်း တနင်္လာနေ့က ဦးနဗနအဖေ ဘကြီးအုန်းကို လိုက်ပို့ရင်း ထိန်ပင်သုဿာန်ကို ရောက်တယ်။ လူတွေသေတာ မြင်ရတယ်။ မနေ့က မြဝတီက ငယ်ပေါင်းကြီးဖော် ဘော်ဒါအရင်းတစ်ယောက် သေတယ်။ သေခြင်းတရားကို နီးနီးကပ်ကပ် ခံစားရတယ်။ (အဲဒီ့ကောင်သေတာကို ကျွန်တော်သေပါတယ်ဆိုပြီး သတင်းကြားလို့ ဖုန်းဆက်လာမေးတဲ့လူက ရှိသေး)။ ဆိုတော့ အခုတလော သေခြင်းတရားဟာ စိတ်ဝင်စားစရာ ကောင်းလာသလိုပဲ။ ။

No comments:

Post a Comment