မန္တလေးမြို့က ဘာသာရေးကို နေရာတိုင်းမှာ အခြေခံ ထားတယ်။ အပြောအဆို၊
အနေအထိုင်၊ အရောင်းအဝယ် ကအစ စားသောက်တာ အဆုံး ဘာသာတရားနဲ့ ငြိနေရင်၊
ဆန့်ကျင်နေမယ် ဆိုရင် မလုပ်ကြဘူး။ ရှောင်ကြတယ်။ ဥပမာ ကြက် ဝက် အစရှိသဖြင့်
သားတိုးမွေးတာ မန္တလေးသား၊ မန္တလေးသူ စစ်စစ်တွေ မလုပ်ကြ ပါဘူး။ မန္တလေးသား၊
မန္တလေးသူ အများစု က ဘာသာတရား တကယ်ကို ကိုင်းရှိုင်းပါတယ်။
ဟင်းစား တာတောင်
အမဲသား (နွားသား) ဆိုရင် မစားကြဘူး။ စားသူနည်း ပါတယ်။ ဝက်သား၊ ကြက်သား ပဲ
စားကြတယ်။ အစား အများဆုံးက ဝက်သားပါပဲ။ အလှူအတန်း အစရှိတဲ့ အကျွေးအမွေး
ပြုလုပ်တဲ့ နေရာတိုင်းမှာ ဝက်သား၊ ကြက်သားပဲ ကျွေးတယ်။ အမဲသား ကျွေးတဲ့
အလှူအတန်း မရှိဘူး။ မတွေ့ကြ ရပါဘူး။
ဈေးထဲ အသားရောင်းတဲ့ ဆိုင်တန်း
သွားရင်လဲ အမဲသားဆိုင် အတော် ရှာယူရတယ်။ ဈေးတစ်ခုလုံးမှ တစ်ဆိုင်
နှစ်ဆိုင် ဆိုတာ အများဆုံးပဲ။ ထမင်းဆိုင် အတော်များများ ကလဲ အမဲသားဟင်း
မေးရင်း ခေါင်းခါကြ ပါလိမ့်မယ်။
အမဲသားစားတဲ့ နယ်မြို့တွေက
ပြောင်းလာခါစ လူတွေ ဆိုရင် အတော် အခက်ကြုံကြ ရပါတယ်။ နွားတွေဟာ
လူနဲ့ဖက်ပြီး နွေ၊ မိုး၊ ဆောင်း ထွန်ထယ်တွေနဲ့ ခြေကန်ရုန်းပြီး လူတွေစားတဲ့
ဆန်စပါးတွေ၊ သီးနှံတွေ၊ လူတွေဝတ်မယ့် အဝတ်အထည် ရက်လုပ်တဲ့ ဝါဂွမ်းတွေ
ထွက်အောင် လုပ်ပေးတာမို့ ကျေးဇူးရှင်လို့ မြင်ကြပါတယ်။ ဒါကြောင့် ဗြဟ္မစိုရ်
စိတ်ထားပြီး နွားသားကို ရှေးက မန္တလေးသား၊ မန္တလေးသူ တို့ ရှောင်ခဲ့
ကြပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်၊ မွန်မြတ်တဲ့ အသိတရား နဲ့ အမဲသား
ရှောင်ခဲ့တဲ့ မန္တလေးမြို့သူ၊ မြို့သားတွေ ဘယ်အချိန်က စပြီး အညာခံ၊ အလိမ်ခံ
ရတယ် မသိဘူး။ ကျွန်တော်တို့ လူမှန်း သိတတ်တော့ အညာခံ နေရပါပြီ။
ဆတ်သားခြောက် ရောင်းနေကြပါပြီ။ ဝိသမသမား တွေရဲ့ စီးပွားရေး ဈေးကွက်ရှာ
ရာမှာ အမဲသားက မန္တလေး မြို့ပေါ်မှာ ရောင်းအား နည်းတော့ ဆတ်သားခြောက် ဆိုတဲ့
နာမည်တစ်မျိုး နဲ့ပြောင်းပြီး ဈေးတွေမှာ ရောင်းလာ ပါတယ်။ တဖြည်းဖြည်း
ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေမှာပါ ရောင်းလာကြ ပါတယ်။ အမဲသား ရောင်းသူ
ရှားပေမယ့် ဆတ်သားခြောက် ကတော့ ဈေးတွေထဲမှာ ပေါလိုက်သမှ တောင်ပုံ၊
ရာပုံပါ။ ဘယ်နှပိဿာ ယူမလဲ။ အချိန် ဘယ်လောက် ယူမလဲ။ ပေါလိုက်တဲ့ ဆတ်သား
ခြောက်တွေ။ လူအတော် များများလဲ ဆတ်သားခြောက် စားမိကြ ပါတယ်။
ကလေးဘဝ
အတွေးနဲ့ တွေးမိတယ်။ ဒီအကောင် (ဆတ်)တွေကို ဘယ်လို နေရာကများ ဖမ်းကြသလဲလို့
မန္တလေးတောင်၊ စစ်ကိုင်းတောင် လိုနေရာ တွေကများ ဖမ်းကြသလား။ ဒါမှမဟုတ်
ပြင်ဦးလွင် ဘက်တောင်တွေ ကများ လား။ နောက်နည်းနည်း အရွယ်ရောက်လို့ ခရီးလေး
ဘာလေးသွားမှ ဆတ်အကြောင်း နားလည် ပါတော့တယ်။ ဆတ်ဆိုတာ ကချင်ပြည်နယ် လို
တောထူထပ်တဲ့ နေရာမှာသာ ရှိနိုင်တဲ့ ရှားပါး တိရ စ္ဆာန်မျိုးပါ။ နောက်ပိုင်း
ပြည်နယ်တွေမှာ ဆတ်က ရှားပါး လာပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ ဈေးတွေမှာတော့
ဆတ်သား အလွယ်တကူ ရနိုင်တုန်း ပါပဲ။ ပထမတော့ မန္တလေး ဆတ်သားက အတုံး
နည်းနည်းကြီးပြီး ကြပ်တင် ထားပါတယ်။ ခပ်မည်းမည်း ပါ။
နောက်ပိုင်း
ဆိုးဆေးတွေ ခေတ်စားလာတော့ အမဲသားကို ဆိုးဆေးနယ်ပြီး ကပ်ကြမ်းတွေ ပေါ်တင်
ယင်တဝီဝီ နဲ့ လှန်းထားတာ ရပ်ကွက် အချို့မှာ တွေ့နေရ ပါတယ်။ ဆေးရောင်ကြောင့်
အမဲသားနဲ့ မတူတဲ့ နီရဲရဲအရောင် ဖြစ်သွားပါတယ်။ မန္တလေးမြို့ ဈေးတွေထဲက
ဘုရားစူး ဆတ်သား၊ မိုကြိုးပစ် ဆတ်သားပါ။
နွားများကို သနားသော၊
နွားသားကို မစားသော မေတ္တာ ထားသော ဗြဟ္မစိုရ်တရား ပွားများသော
ထိုမြို့သားများ အတွက်ပါရမီ ဖြည့်ဆည်းရန်၊ ကုသိုလ်ယူ နိုင်ရန် အမဲသားကို
ဆတ်သား လုပ်ရောင်းခြင်း တော့ မဖြစ်နိုင် ပါဘူး။ ကိုယ်ကျိုး စီးပွားအတွက်
အတ္တကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ၊ ငါ့ အကျိုးစီးပွား
အတွက် ဘယ်သူ့ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး ထိခိုက်ထိခိုက် ငါအမြတ်ရရင်
ရောင်းကြမှာပါ။ ဆတ်သား မဟုတ်ဘူး ဆိုတာ ထူတဲ့ပြိန်းတဲ့ လူအနည်းစု လောက်သာ
မသိပေမယ့် လူတော်တော် များများကတော့ သိကြပါတယ်။ ဒါပေမဲ့ ဆတ်သားခြောက်
ဆိုတဲ့ အမှတ်နဲ့ ဝိနည်းကို လက်တစ်လုံးခြား ကပ်ရှောင်ပြီး ဝါးလက်စ ဆက်ဝါး၊
စားလက်စနဲ့ ဆက်စားကြ ပါတယ်။ တို့ကတော့ အမဲသား မစားဘူး၊ ဆတ်သားခြောက်
ဝယ်တာပဲ မစစ်ရင် သူတို့ရောင်းတာ သူတို့ ခံလိမ့်မယ် ဆိုတဲ့ ဆင်ခြေနဲ့ စားသူက
စားပါတော့တယ်။ မူလ ရည်ရွယ်ရင်းတွေ စောင့်ထိန်းမှုတွေ ပျောက်ကွယ်ကုန် ပါတယ်။
မန္တလေးမြို့ နာမည်ကြီး ထမင်းဆိုင် အတော်များများ က ထမင်းစားပြီး
ထန်းလျက်ခဲ၊ လက်ဖက်သုပ်၊ ဆတ်သားခြောက်ဖုတ် ရေနွေးကြမ်း တို့ဖြင့် တထီးတနန်း
ဧည့်ခံတတ် ကြခြင်းက ဓလေ့ထုံးစံ တစ်ခုပါပဲ။ ချပေးတတ်ပါ သေးတယ်။
ကြိုက်လို့ကတော့ စားပါ။ ဆတ်သား ခြောက်ဖုတ် ကတော့ ပေါပေါပဲ။ နောက်ထပ်
လိုက်ပွဲချပေး တတ်ပါတယ်။ အမဲသား မစားသူများ အတွက် အမှတ်ရစရာ လေးတစ်ခုပါ။
ဆတ်သားခြောက် ရောင်းသူ အတော်များများ ကလဲ ရောင်းအား ကောင်းခဲ့ကြ ပါတယ်။
အခုအချိန် မှာတော့ ဆတ်သားခြောက် ပျောက်ကွယ် သွားပါပြီ။ ဆတ်သားခြောက်
ရောင်းသူတွေရဲ့ ပဉ္စလက် အတတ်ပညာနဲ့ မျက်လှည့် ဆရာ ဒေးဗစ် ကော်ပါဖီး တို့လို
ဆတ်ကို ဟိုက်ချလောင်း လုပ်ပြီး ဆိတ်ဖြစ်သွား ပြန်ပါပြီ။ဆတ်သားခြောက် ကတော့
ဆေးဆိုးတာ၊ ကပ်ကြမ်းပေါ် လှန်းတာ မြင်နိုင် တွေ့နိုင်တယ်။ အသားချင်း ကလဲ
ကွာတယ်။ မန္တလေး မြို့ကြီးမှာ ဆတ် လွယ်လွယ် ကူကူ မရနိုင်ဘူး ဆိုတာလဲ
သိနိုင်တဲ့ အတွက် တကယ် စဉ်းစားပြီး ရှောင်ရင် ဆတ်သားက မစားမိ နိုင်ပါဘူး။
ဆိတ်သား ခြောက်ကတော့ ဈေးကိုယ်တိုင် ဝယ်လို့ အမြီး တန်းလန်းနဲ့ မြင်ရရင်
ဆိတ်သားစစ် ပါလိမ့်မယ်။ မမြင်ရ ရင်တော့ စစ်ဖို့ မသေချာ၊ စားဖို့ သတ္တိမရှိ
တာလဲ အမှန်ပါ။ မစားရဲ ပါဘူး။
စာရေးသူက မနက်စောစော အိပ်ရာထတဲ့ အကျင့်
ရှိပါတယ်။ တစ်နေ့မနက် လေးနာရီ လောက် အိပ်ရာ ထချိန်မှာ မြင်းခွာသံ
တခွပ်ခွပ် နဲ့ မြင်းလှည်း တစ်စီး မောင်းနှင် လာပါတယ်။ မိမိ အရှေ့နား
အရောက်မှာ မြင်းဇက် သတ်ပြီး ရပ်လိုက် ပါတယ်။ အင်္ကျီချွတ်နဲ့ အသား မည်းမည်း
ခပ်သန်သန် လူတစ်ယောက် တုတ်ကြီး တစ်ချောင်းကို ကျောတွင် လက်ပြန် ကပ်ပြီး
ဆင်းလာ ပါတယ်။ မိမိလဲ သူ့ကိုကြည့်ပြီး ကိုယ့်ကို အန္တရာယ် ပြုတော့မယ့်
အထင်နဲ့ အတော် ကြောက်လန့် သွားပါတယ်။ နောက်တော့ မဟုတ်ဘဲ လမ်းဘေးက
ခွေးတစ်ကောင်ရဲ့ ဦးခေါင်းကို တုတ်ခနဲ ရိုက်ချ လိုက်ပါတယ်။ ကိန်ဆိုတဲ့ အသံ
တစ်ချက်ပဲ ထွက်လိုက် နိုင်ပါတယ်။ ခွေးက ဆန့်နေပါပြီ။ ခြေထောက်
နှစ်ချောင်းဆွဲ လှည်းပေါ် ပစ်တင်ပြီး ဒုန်းစိုင်း မောင်းထွက် သွားပါတယ်။
နောက် မကြာမကြာ လဲ ဒီလှည်းနဲ့ ဒီလူတွေ ဒီလို ခွေးတွေ လိုက်ရိုက် နေတာ
တွေ့ရပါတယ်။ လှည်းက အမိုးတပ် မထားတော့ အလားတူ ခွေး အတော်များများ ကိုလဲ
လှုပ်တုတ် လှုပ်တုတ်နဲ့ အပုံလိုက် ပါသွားတာ တွေ့လိုက် ရပါတယ်။ တကယ်လို့
ဒီအသားတွေ ဈေးထဲ ရောက်ပြီး ဘုရားစူး ဆိတ်သား မိုးကြိုးပစ် ဆိတ်သား တွေ
ဖြစ်ကုန်ရင် ဆိုတဲ့ အတွေးနဲ့ ဆိတ်သား နဲ့ ဆိတ်သားခြောက် ဆိုရင် (ဝေရာမဏိ)
ရှောင်ကြဉ်မိ ပါတော့တယ်။
အချို့ ဆတ်သားခြောက် မဟုတ်ဘူး။
ဆိတ်သားခြောက် မဖြစ်နိုင်ဘူး ဆိုတာ တွေးခေါ် နိုင်တယ်။ ယုတ္တိ ဘယ်လိုမှ
မရှိဘူး ဆိုတာလဲ သိတယ်။ သိရက်နဲ့ စားကြ ပါတယ်။ အမဲသား လုံးဝ ရှောင်ထားကြ
သူတွေပါ သူများ မိုးခါးရေ သောက်လို့ မိမိတို့လဲ လိုက်သောက်ကြ တာလား။
တကယ်လို့ အပြစ်ရှိမယ်၊ ငရဲကြီးမယ် ဆိုရင် ဆတ်သားခြောက်၊ ဆိတ်သားခြောက်
ဆိုတဲ့ နာမည် ပြောင်းထားရုံနဲ့ အပြစ်လွတ် မှာလား။ အမဲသား စားချင်တာ
အမဲသားပဲ စားပါ တော့လား။ သူများ လိမ်တာ သိသိကြီးနဲ့ အလိမ်မခံ ပါနဲ့။ မိမိ
ကိုယ်ကိုလဲ ပြန်မလိမ်ချင် ပါနဲ့။ မုသာဝါဒ အပြစ်တစ်ခု ထပ် မကျူးလွန်
ပါနဲ့တော့လား။ အမဲသားကို အမဲသားလို့ စားတာက ဈေးလဲပိုချို ကိုယ်ကြိုက်တဲ့
နေရာက အသား၊ မိုးခိုသား၊ ပေါင်သား၊ လိုချင်တဲ့ အသား၊ ကြိုက်တဲ့အသား၊
ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အသားကို စားလို့ ရပါတယ်။ စားကြ စမ်းပါ။
အခုခေတ်မှာ ဆတ်သားခြောက် ကတော့ မရောင်းကြ တော့ပါဘူး။ ဆိတ်သားခြောက် ကတော့
အခုခေတ် စားဆဲပါ။ ထမင်းဆိုင် မှာလဲ ဆိတ်သားဟင်း၊ ဆိတ်သားခြောက်၊ လက်ဖက်ရည်
ဆိုင်မှာလဲ ဆိတ်သား ခြောက်ဖုတ်၊ ထမင်းဆီဆမ်း၊ ဆိတ်ကီးမား၊ ဆိတ်ပလာတာ၊
ဆိတ်ခပတ်၊ ဆိတ်စွပ်ပြုတ်၊ ဆိတ်နာမည် တပ်ထားတဲ့ အစားအစာ အတော် များများ
တွေ့နေ ရပါတယ်။ မန္တလေးသူ၊ မန္တလေးသား တွေက ရှေးက ဘိုးဘွားတွေ လက်ထက် ကလို
တကယ် ယုံကြည်လို့ တကယ် မေတ္တာထားလို့ တကယ် ရှောင်မယ် ဆိုရင်တော့ တိတိကျကျ
လိုက်နာ ရှောင်ကြဉ်သင့် ပါတယ်။ သူများ လိမ်တာလဲ မခံချင်ပါနဲ့။ မိမိ
ကိုယ်ကိုလဲ ပြန်မလိမ်ချင်ပါနဲ့။ သူများ ယောင်လို့ လိုက်ယောင်တာ လူအထင်
ကြီးအောင် လုပ်တာ ဘာအကျိုး မှ မရှိပါဘူး။ ကုသိုလ်လဲ ရမှာ မဟုတ်ပါဘူး။
အသားမစားဘူး ဆိုမှတော့ အာရုံ ပြတ်ပြတ် နေစမ်းပါ။ ဂျုံကို အသားတု
လုပ်မစားချင် ပါနဲ့တော့လား .. ဗျာ။
ယဉ်အောင်ဟိန်း
No comments:
Post a Comment