Wednesday, July 16, 2014

သစ္စာဖောက်

သစ္စာဖောက်(၁)

သစ္စာဖောက်ဆိုတာ...
အစပထမတော့ ကိုယ့်ဖာသာကိုယ် မပြောနဲ့
ကိုယ့်ဘေးနားကလူတွေတောင် ဇဝေဇဝါ၊ နဝေတိမ်တောင်ပေါ့။


ချက်ချင်းတော့ ဘယ်သဲကွဲမလဲ
ပန်းတိုင်ကတူပြီး
အယူအဆပဲ မတူသလိုလို
အတွေးအခေါ်ပဲ ကွာဟသလိုလို
နည်းဟန်ပဲ ကွဲပြားသလိုလို...
ကိုယ့်ကိုယ်ကိုတော့ မှန်တယ်လို့ပဲ ထင်တတ်ကြတယ်။

နောက်ပိုင်းကျမှ
သူမှီခိုရာ သူ့နေရာက
အကောင်အထည်က ကြီးလာ၊
ပုန်းလျှိုးကွယ်လျှိုး လုပ်မရ၊
အလုံးအဖန်က လူမြင်ကွင်းထဲ ဘွားဘွားကြီး။

သစ္စာဖောက်တယ်ဆိုတာ
ဖောက်လို့ဖောက်မှန်း မသိ၊
ရောက်လို့ရောက်မှန်း မသိဘဲ
တဖြေးဖြေးနဲ့ ခြေကျွံလက်လွန်ဖြစ်သွားတာ
နောက်ဆုတ်ချင်တိုင်း ဆုတ်မရပဲ ချောင်ပိတ်မိသွားတာ။

သူရဲကောင်းလိုလို၊
ကယ်တင်ရှင်လိုလို၊
မဟာမိတ်လိုလို၊ မိတ်ဆွေလိုလိုနဲ့
နောက်ဆုံးတော့ ရန်သူလို၊
ဓားပြလို၊
ကြာကူလီလို၊ လူလိမ်လူညစ်လို ဖြစ်သွားတော့တာဟေ့...။

သစ္စာဖောက်ဆိုတာ
ကိုယ့်ဖာသာကိုယ် ဘာဖြစ်နေမှန်းသိတာမဟုတ်၊
. အများပြည်သူဘက် မျက်နှာမမူဘဲ
အများလိုအင်တွေရဲ့လားရာကို ဆန့်ကျင်ပြီး
လမ်းသလားနေရာက
မသိလိုက်မသိဖာသာ၊ မျက်စေ့လည်လမ်းမှားရင်း
စုန်းစမြုပ်စ ပျောက်သွားတတ်တာမျိုးပါလေ...။

ကိုညို။

xxxxxxxxxxxxxxxxxxxx


သစ္စာဖောက်( ၂)

ဘယ်ခေတ်ရောက်ရောက်
သစ္စာဖောက်ဆိုတာ မတိမ်ကောဘူး..။

တချို့ သစ္စာဖောက်တွေဟာ
ယုန်ကလေးများလို နားရွက်ထောင်
ပညာရှိဟန်ဆောင်ပြီး
အာတာပူစီလို ကိုယ်ဟန်ဖွ
မာန်မာန တခွဲသားနဲ့
သာရာဆီ ကပ်မြှောင်
မင်းလိုလိုက် မင်းကြိုက်ဆောင်သူ။

တချို့သစ္စာဖောက်တွေက
ဒီမိုကရေစီအရေခြုံ
မီဒီယာအရေလည်းခြုံပြီး
လုံလုံခြုံခြုံလေးနှပ်..
ဒါပေမယ့် သူတို့လဂ်ထိုးလိုက်တာက
နှစ် ၂၀ အရေးတော်ပုံကြီးဆီက
အချောင်နှိုက်ထားတဲ့
အရင်းအမြစ်တွေရယ်
ကျဆုံးသူတွေရဲ့ ဂုဏ်သိက္ခာများနဲ့
ယစ်ပူဇော်ခြင်း..။

တချို့သစ္စာဖောက်တွေကတော့
ဝင်ကစွပ်ကောင်တွေလို
တပါးသူ့ အခွံအကာအောက် ကြောင်တောင်နှိုက်
အချောင်ကြံ၊ ဥာဏ်တမိုက်နဲ့
မှောင်မိုက်မှာခိုပြီး
လိုင်စင်မဲ့ကား၊ လိုင်စင်ရ အရက်ဆိုင်နဲ့
စတိုင်ထုတ်တတ်သူ။

တချို့သစ္စာဖောက်တွေက
ငါတို့ဟာ ခေတ်တခေတ်ရဲ့ ကြယ်ပွင့်
အနီရင့်ရင့် နံရံတွေကြား
ပေးဆပ်ခဲ့သူကွလို့
မြက်တဆုတ်စားပြီး
တသက်လုံးစမြုံ့ပြန်လို့မ၀၊
ဟိုနားလည်းထားမရ၊
ဒီနားလည်း သုံးမရနဲ့
နတ်အိုးကွဲစများ..။

နောက်ဆုံးတော့
ခေတ်အဆက်ဆက်သမိုင်း
ခေတ်အရိုင်းကိုကျောပိုး
အသာမစံ၊ အနာခံပြောင်းခဲ့သူတွေက
ပြည်သူကြားက ပြည်သူတွေပါပဲ..။

ခက်နေတာက
ဘယ်ခေတ်ရောက်ရောက်
သစ္စာဖောက်က
ပျောက်မသွားဘူး..။

ကိုညို..
၁၄ဇူလိုင် ၂၀၁၄

No comments:

Post a Comment