Sunday, June 22, 2014

June 17th ညက America's Got Talent (Season 9, Episode 4) မှာ Performance တွေ အမျိုးစုံသလောက် အားလုံးက အရမ်းကိုကောင်းကြပါတယ်။
ထူးခြားချက်တစ်ခုက ပြိုင်ပွဲဝင်ခွင့်အတွက် Vocal အဆိုပညာနဲ့ လာပြိုင်တဲ့ American Samoan လူမျိုး အသက်က ၂၁ နှစ်ဘဲရှိသေးပေမယ့် အရပ် ၆ ပေကျော် ပေါင် ၁၈၀ ရှိတဲ့ Paul Ieti ဆိုတဲ့ ပစိဖိတ်ကျွန်းသား လူညိုထွားကြီးပါ။

မျက်နှာကလဲ သူတို့လူမျိုးတွေရဲ့ ရိုးရှင်းတဲ့ဓလေ့အတိုင်း တည်တည်ကြမ်းကြမ်းကြီး နဲ့ စကားပြောတော့လဲ ခပ်တိုးတိုးမပွင့်တပွင့် ဆိုတော့ စပြပြချင်း လူတွေက သိပ်စိတ်မဝင်စားကြပါဘူး။
နောက် သူ နဲ့ Judge တွေ စင်ပေါ်မှာ မတွေ့ခင် Presenter လုပ်တဲ့ Nick Cannon က သူ့အကြောင်းကို မိတ်ဆက်ပေးပြီး အမေးအဖြေလုပ်ထားတဲ့ Video လေးကိုအရင်ပြပါတယ်။
သူက အထက်တန်းကျောင်းအပြီး ၁၈ နှစ်သားကထည်းက US Army (ကြည်းတပ်) ကို မိမိဆန္ဒနဲ့ တန်းဝင်ခဲ့သူဖြစ်ပါတယ်။
ခုလဲ အာဖဂန်နစ္စတန်မှာ ၉ လကြာ ရှေ့တန်းတာဝန်ထမ်းအပြီး အိမ်ခဏ ပြန်ခွင့်ရတုန်း လာဝင်ပြိုင်တဲ့ Active Duty စစ်သားပါ။
သူ့ သူငယ်ချင်းရဲဘော်တွေအားလုံးက တိုက်တွန်းလို့ လာဝင်ပြိုင်ဖြစ်တာမို့ ရှက်ကိုးရှက်ကန်း အိုးတိုးအမ်းတမ်းကြီးနဲ့ ခုလိုပြောပြပါတယ်။
"ရှေ့တန်းမှာ ကျွန်တော် ရော တခြားရဲဘော်တွေတိုင်း အသက်ရှင်ရက် အိမ်ပြန်ခွင့်မရတော့မှာကို ကြောက်တဲ့စိတ် ၊ မနက်ဖြန် ဆိုတာကိုမြင်ရပါ့ဦးမလားဆိုတဲ့ စိုးရွံ့စိတ်တွေကိုယ်စီရှိပါတယ်"
"မိမိအတွက် မိမိနိုင်ငံ အတွက် မိသားစုတွေ ၊ မိတ်ဆွေတွေ ၊ သူငယ်ချင်းရဲဘော်တွေ အတွက် သတ္တိကို ဘယ်လောက်ဘဲ အားတင်းမွေးမြူထားကြရပေမယ့်လဲ ကြောက်ရွံ့ခြင်းဆိုတာကိုတော့ ခံစားရစမြဲပါ"
"အဲ့ဒိလို ကြောက်စိတ်တွေဝင်လာတိုင်း ဖြေဖျောက်ပေးနိုင်တာဟာလဲ ဂီတ တစ်ခုဘဲရှိခဲ့ပါတယ် ၊ ဒါကြောင့် တခြားရဲဘော်တွေကိုလဲ ဂီတ နဲ့ ပူပင်သောကတွေကလွတ်မြောက်အောင် ဖန်တီးပေးနိုင်လိုက်တိုင်း ပီတိဖြစ်မိပါတယ်"တဲ့။
အဲ့ဒိ တစ်မိနစ် သာသာ Video လေးကိုကြည့်အပြီးမှာ Judge တွေအားလုံးရော ပရိသတ်တွေအားလုံးက သူစင်ပေါ်တက်မလာခင်ကထဲက လက်ခုပ်တွေတီးပြီး အားပေးကြပါတယ်။
စင်ပေါ်ရောက်လို့ အပြန်အလှန်မိတ်ဆက်ရင်း Judge တစ်ယောက်ဖြစ်တဲ့ Howie Mandel က သူ့ကို "မင်း ဘာအလုပ်အကိုင်လုပ်တာလဲ" လို့ စ မေးလိုက်တော့ သူက "ကျွန်တော် US Army က စစ်သားပါ။ Savannah, Georgia တပ်ရင်းကပါ" လို့ဖြေလိုက်ပါတယ်။
အဲ့ဒိမှာတင် တစ်ရုံလုံးမှာ ထိုင်ကြည့်နေတဲ့ ပရိသတ်တွေအားလုံးက တစ်ပြိုင်နက်ထဲ Standing Ovation ခေါ်တဲ့ မတ်တတ်ရပ်ပေးပြီး လက်ခုပ်တွေအကျယ်ကြီးတီးခြင်းနဲ့ ဝိုင်းဂုဏ်ပြုကြပါတော့တယ်။
အမေရိကန် တွေဟာ ရှေ့တန်းရောက် စစ်သားတွေကို အရမ်းလေးစား ဂုဏ်ပြုလေ့ရှိပါတယ်။
Howie Mandel ကလဲ သူ့ရဲ့ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားမှု အတွက်ကျေးဇူးတင်ကြောင်း ပြောပါတယ်။
သူ က အမျိုးသမီးအဆိုတော် "Rihanna" ရဲ့ "Stay" ဆိုတဲ့သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ် ..
စစခြင်း ပြဿနာတစ်ခုဖြစ်တာက ငယ်ဖြူစစ်သား Paul က သူမမျှော်လင့်ထားတဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကြောင့် နည်းနည်း Stage Shock ဖြစ်သွားတော့ Intro မှာ Piano only 8 Bars ပြီးတာနဲ့ 9th Bar မှာ စဆိုရမှာကိုသူ မှားပြီး 11th Bar မှာမှ စဆိုမိသွားပါတယ်။
ဒါဟာ ပုံမှန်ဆိုရင် Howard Stern လို ဘယ်သူ့မှ သိပ်အားမနာတတ်တဲ့သူအတွက်တော့ ဝေဖန်စရာအကွက်အကြီးစားတစ်ခုပါဘဲ။ ဒါပေမယ့် Howard က ထူးခြားစွာ ဘာမှ မဝေဖန်ခဲ့ပါဘူး။
နောက်ပြီး သူစဆိုလိုက်တဲ့ အခါမှာ ကြားလိုက်ရတဲ့ အသံက မိန်းမသီချင်းကို မိန်းမ Key အတိုင်း ကွက်တိလိုက်ဆိုတာဆိုတော့ မိန်းမသံပေါက်နေသလိုဖြစ်နေပါတယ်။
ဆိုတဲ့ လူကောင်ကြီးက အကြီးကြီး နဲ့ မိန်းမသံ ဖြစ်နေတော့ သာမန်အားဖြင့် ပရိသတ်တွေ ရယ်မယ်ဆိုရင် ရယ်စရာအနေအထားပါဘဲ။
ဒါပေမယ့် ဘာရယ်သံမှ မကြားခဲ့ရဘဲ သီဆိုနေစဉ်မှာ လက်ခုပ်သံတွေနဲ့သာ ဖုံးလွှမ်းနေခဲ့ပါတယ်။
ဒီလိုနဲ့ သီချင်းတစ်ပုဒ်လုံးကို တမိနစ်ခွဲကျော်ကျော်ဆိုသွားတာ ကျန်တာအားလုံးတော့ ချောချောမွေ့မွေ့နဲ့ဘဲပြီးသွားပါတယ်။
တစ်ကယ်ဆို သူ့ကို အဆိုပညာအရ သီးသန့်ဝေဖန်ရမယ်ဆိုရင် မိန်းမ တစ်ယောက်ရဲ့ Key နဲ့ မူရင်း ဆိုဟန်အတိုင်း မိန်းမအသံမျိုးနဲ့ အနီးစပ်ဆုံးတူအောင် ဆိုသွားနိုင်တယ် ဆိုတာထက် အများကြီး ပိုထူးခြားပြီး ချီးကျူးလောက်စရာတော့ မရှိပါဘူး။
တစ်ကယ်လို့ သူ့နေရာမှာ တခြားသာမန် အရပ်သားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် Judge တစ်ချို့က လှောင်တာတောင်ခံရနိုင်ပါတယ်။
ဒါပေမယ့် သူ့ သီချင်းပြီးသွားတဲ့အခါမှာ Judge တွေ ရော ပရိသတ်တွေအားလုံးပါ မတ်တပ်ရပ်ပြီး တစ်ခဲနက် ထပ်အားပေးခဲ့ကြပါတယ်။
Judge ထဲက Mel B. က "ငါ နင့်ကိုအားရပါးရ လာဖက်မယ်" ဆိုပြီး သူ့ကို စင်ပေါ်ထိ တက်ပွေ့ဖက်ပြီး ချီးကျူးအားပေးခဲ့ပါတယ်။
ပြီးတာနဲ့ တော်ရုံ ထိုင်ရာက ထခဲတဲ့ Heidi Klum ကပါ "ငါလဲ အခု သူ့ကိုသွားဖက်ချင်လာပြီ တစ်ကယ်ပြောတာ" ဆိုပြီး ထသွားဖက်ပြန်ပါတယ်။
အဲ့ဒိမှာတင် ဘယ်သူ ဘယ်လောက် ကောင်းကောင်း တော်ရုံနဲ့ မတ်တပ်တောင် ထမရပ်ပေးတတ်တဲ့ Howard Stern ကြီးကပါ "ငါလဲမင်းကိုဖက်ချင်တယ်ကွ သိလား" ဆိုပြီး ထူးထူးဆန်းဆန်း စင်ပေါ် ကလန်ကလားနဲ့ တက်ပြေးပြီး ဖက်ပါတော့တယ်။
TV က ကြည့်နေတဲ့သူတွေ နဲ့ ပွဲမှာရှိနေတဲ့သူတွေ အားလုံးရော ကာယကံရှင် Paul ပါ ကြည်နူးမှုကြောင့် မျက်ရေကျခဲ့ကြရတဲ့ အခိုက်အတန့်လေးပါ။
ဒါပေမယ့် အဲ့ဒိလောက် ပရိသတ်တွေ နဲ့ Judge တွေရဲ့ Paul အပေါ် ခုလို ကြီးမားတဲ့မေတ္တာနဲ့ တစ်ခဲနက် တုံ့ပြန်အားပေးခဲ့တာဟာ သူ့ ရဲ့ အဆိုပညာသီးသန့်ကြောင့်တော့ မဟုတ်ခဲ့ပါဘူးဆိုတာ အားလုံးရဲ့ရင်ထဲမှာ စူးရှစွာခံစားလို့ရနေခဲ့ပါတယ်။
အဲ့ဒါ ဘာလို့လဲ ဆိုတော့ America လို လွတ်လပ်တဲ့ နိုင်ငံတိုင်းက စစ်သားတွေ အပေါ်မှာ ထားတဲ့ ပြည်သူတွေ ရဲ့ မေတ္တာအရှိန်အဟုန်ဟာ သိပ်ကြီးမားတာကြောင့်ပါဘဲ။
ကျွန်တော် အဲ့လို အဖြစ်မျိုးကို TV မှာတင်မက အပြင်မှာပါခဏခဏ ကြုံဖူးပါတယ်။
ကြုံလာခဲ့တိုင်းလဲ ကျွန်တော့် ရင်ထဲမှာ မြန်မာစစ်သားတွေအတွက် အရမ်းသနားပြီး ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါတယ်။
သူများတိုင်းပြည်က စစ်သားတွေဆိုတာ အကောင်းဆုံးစား အမြင့်ဆုံးအခွင့်အရေးတွေနဲ့ အကောင်းဆုံးနေရပြီး ပြည်သူတွေက သူရဲကောင်းလို လေးစားချစ်ခင်စွာ ချီးမြှောက်ဆက်ဆံတာ ခံရတဲ့ လူတန်းစားတစ်ရပ်ပါ။
ကျွန်တော်တို့ တိုင်းပြည်မှာတော့ အောက်ခြေကစစ်သားတွေခင်ဗျာ အနေအစားဆိုတာ စုတ်ပြတ်သတ်ပြီး မဝမလင်နဲ့ မငတ်ရုံ တမယ်လေး ကျွေးထားတာဘဲ စားကြရရှာပါတယ်။
လခဆိုသူများတိုင်းပြည်က စစ်သားတွေ ရဲ့ တစ်ရက်စာလုပ်ခတောင်မရကြပါဘူး။
American / British စစ်သားတွေဟာ ကံမကောင်းလို့ ရှေ့တန်းမှာ ကျဆုံးခဲ့ရင် / ဖြေပြတ်လက်ပြတ်ဖြစ်ခဲ့ရင် ၄င်းတင်မကဘဲ ၄င်းရဲ့ မိသားစုပါ လူတန်းစေ့ စားလောက်တဲ့ ရာသက်ပန် အငြိမ်းစားလစာနဲ့ အစိုးရရဲ့ ပြန်ထောက်ပံ့မှုကို ခံစားကြရပါတယ်။
တပ်ကထွက်လို့ အပြင်အလုပ်ဝင်လုပ်ရင်လဲ စစ်ပြန်ဆိုတာနဲ့ ကုမဏ္ဏီတိုင်းက ဦးစားပေးပြီးကိုခန့်ပေးရပါတယ်။ အထူးသဖြင့် ဒုက္ခိတ စစ်ပြန်တွေကို သူတို့ လုပ်နိုင်မယ့် သူတို့ နဲ့ ဆီလျော်ကိုက်ညီတဲ့ နေရာရှိနေသ၍ မခန့်မနေရကို ခန့်ရပါတယ်။
လစာ ကိုလဲ အရပ်သားတွေထက်ပိုပေးရသလို
အလုပ်သမားရပိုင်ခွင့် ၊ ခံစားခွင့် ၊ အငြိမ်းစားယူခွင့် တွေကို ပိုလဲစောပြီးရတဲ့အပြင် စီးပွားရေးပျက်လို့ ကုမဏ္ဏီတွေမှာ လူလျှော့မယ်ဆိုရင်တောင် စစ်ပြန်တွေကို ဘယ်တော့မှ မဖြုတ်ပါဘူး။
မြန်မာပြည်မှာကတော့ ရှေ့တန်းမှာ ထိပဟေ့ ပြတ်ပဟေ့ဆို ရင်ဘတ်ထိုးဖို့ Made In China အပေါစား တံဆိပ် တစ်ခုနှစ်ခု နဲ့ ပုခုံးလေးပုတ် အလေးလေးပြု ငွေ မစို့မပို့လေးပေးပြီး အသာ ပ ထုတ်လိုက်တာပါ။
ကိုယ့်ပြန်ကြည့်မယ့် မိသားစုမရှိလို့ကတော့ အဲ့ဒိမှာတင်သူတောင်းစားဖြစ်ဖို့ သေချာပြီးသားပါ။
အဲ့လိုဒုက္ခတွေခံနေရလို့ စစ်သားတွေကို ပြည်သူတွေကရော မေတ္တာထား စာနာပေးကြသလားဆိုတော့လဲ လုံးဝပါဘဲ။
ဘယ်ကိုဘဲသွားသွား ယူနီဖေါင်းနဲ့ဆို ဝိုင်းကြည့်တဲ့မျက်လုံးတွေမှာ ကြောက်ရွံ့မှု နဲ့ အမုန်းတွေ ကလွဲရင် ဗလာအတိပါ ...
ကလေးလူကြီး ဆင်းရဲချမ်းသာမရွေး သာမန်လူတန်းစားတွေ ကိုယ့်ယူနီဖေါင်း အစိမ်းရောင်ကို မြင်လိုက်တဲ့အခါမှာ ရုပ်တစ်ရက် ထပျံသွားတဲ့အပြုံးတွေ ...
ကျပျောက်သွားတဲ့ရယ်မောစကားသံတွေ ...
တပ်မဟုတ်တဲ့ အရပ်ထဲ ကျောင်းထဲ လွမ်းလို့ ပြန်လည်ပြန်တော့လဲ ကြုံဆုံလာတိုင်း အေးစက်ပြီး အရောင်ပြောင်းသွားတဲ့ သီကျွမ်းပြီးသား မျက်လုံးအဟောင်းတွေ ...
အဲ့ဒိလို အချက်တွေဟာ စစ်သားတွေ နဲ့ ပြည်သူတွေကြားမှာ အမုန်းဆိုတာကို မသိမသာတည်မြဲလာအောင် သွေးခွဲနိုင်စေဖို့ နှစ်ပေါင်းများစွာ စနစ်တစ်ကျ ဖန်တီးထားခဲ့တဲ့ စစ်အာဏာရှင် အစိုးရရဲ့ အစီအမံတွေကြောင့်ပါဘဲ။
ဒါကြောင့် စစ်သားတွေဟာလဲ သူတို့ကို ပြည်သူတွေက မုန်းတယ်လို့ နားလည်ထားတဲ့အခါ သူတို့ကလဲ ပြည်သူတွေကို ရန်သူလို ပြန်ကြောက်ရွံ့သိမ်ငယ် နေတဲ့သဘောရှိပါတယ်။
ဒါကို သေချာနားလည်ပေးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။
ပြောနေရင်း စာကလဲရှေသွားပြန်တာမို့ ကျွန်တော် အဓိက မေတ္တာရပ်ခံချင်တာက ...
အစိုးရကို မုန်းချင်သလောက် မုန်းပါ .. စစ်သားတွေကို မမုန်းကြပါနဲ့ ...
သူတို့ဟာ အထက်ကအမိန့်တွေတိုင်းကို ဝေဖန်စဉ်းစားသုံးသပ်ခွင့် စောဒကတက်ခွင့် မရှိဘဲ ကြောက်စိတ်တစ်ခုထဲနဲ့ဘဲ လိုက်နာနေရတဲ့သူတွေဆိုတာ ခွင့်လွှတ်နားလည်ပေးလိုက်ပါ။
တပ်မတော် အပေါ် အဖေ့သွေးကြောင့် သံယောဇဉ်အရမ်းကြီးတဲ့ အမေစုရဲ့ဆန္ဒကို ကျွန်တော် သေချာနားလည်ပါတယ်။
သူမ အသက်ရှင်စဉ်အခိုက်မှာ အလိုချင်ဆုံးအရာဟာ တပ် နဲ့ ပြည်သူ ပြန်လည် ညီညွတ်ရေးပါ။
တစ်ချိန်ထဲမှာဘဲ စစ်သားတွေအားလုံးကိုလဲ အထူးမေတ္တာရပ်ခံချင်တာက
ဒေါ်အောင်ဆန်းစုကြည် ကို မကြိုက်ရင် မိမိကိုယ်ပိုင်အသိဥာဏ်နဲ့ ကြိုက်သလို ဝေဖန် အပြစ်တင်ထောက်ပြနိုင်ပါတယ်။
ဒါပေမယ့် အထက်လူကြီးတွေက အတိုက်အခံမို့ အမုန်းတရားတွေအပြည့်နဲ့ သင်တို့ခေါင်းထဲကို အမြဲ ရိုက်သွင်းနေတဲ့ စကားလုံးတွေထဲက အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးကို လုံးဝ အထင် မလွဲကြပါနဲ့ ...
သူမ ဟာ တပ်မတော်သားတွေ မကောင်းကြောင်း ဘယ်တုန်းကမှ မပြောခဲ့ရှာပါဘူး။
သူမ ဟာ စစ်သားတွေကို အာဏာနဲ့ ချုပ်ကိုင်ထားတဲ့ စနစ်ဆိုးကြီးကိုဘဲ စစ်သားတွေအတွက်ပါ အဓိကထားပြီး ပြောင်းလဲပေးဖို့ ကျိုးစားနေတဲ့သူပါ။
သူမ အသက်ရှိနေသ၍လဲ တပ်မတော်သားတွေကို အရမ်းကြီးမားတဲ့ မေတ္တာ နဲ့ အမြဲ နားလည်ခွင့်လွှတ်ပေးနေဦးမှာပါဘဲ။
ဒါကြောင့်မို့ တပ်မတော် နဲ့ ပြည်သူတွေကြားမှာ စစ်မှန်တဲ့ မေတ္တာတရားတစ်ခု အမြန်ဆုံး ပြန်လည်မွေးဖွားပေါ်ပေါက်လာပါစေလို့ အမေစုရဲ့ ၆၉ နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ် ကျွန်တော် ဒီစာလေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
လွဲနေတဲ့ နားလည်မှုတွေတိုင်း ပြန်လည်သင့်မြတ်သွားပါစေ ...
အမေစု အိပ်မက်တွေအားလုံး တစ်ကယ်ဖြစ်လာပါစေ ...
တပ် နဲ့ ပြည်သူ ကြားမှာ နှစ်ပေါင်းများစွာ ပြတ်နေခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ကြိုးတစ်ချောင်း အကောင်းပကတိ ပြန်ဆက်သွားနိုင်ပါစေ။

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ
(မှတ်ချက်။ ။ ကျွန်တော်ဒီစာလေးကိုရေးထားတာ စစ်သားတွေ နဲ့ ပြည်သူတွေ ကြား အပြန်အလှန် ပြန်လည်မေတ္တာထားနိုင်ကြစေချင်တဲ့ စေတနာ တစ်ခုထည်းနဲ့ပါ။
ကျေးဇူးပြုပြီး ဘယ်ဖက်ကနေ ဘယ်ဖက်ကိုမှ နစ်နာ အမုန်းပွား စေမယ့် Comment တွေ ဝင်မရေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်။)

Original Video - http://youtu.be/BNNggeedsbU (Property of A.G.T)
I do not own the copy right.

No comments:

Post a Comment