Wednesday, June 11, 2014

ဧည့်တွေ့ချိန် (ဆောင်းပါး )


ကျွန်မသည် ဆေးရုံဆေးခန်းများအား အလွန်ကြောက်တတ်သူတစ်ဦးဖြစ်သည်။ ထိုကဲ့သို့  ကြောက်တတ်နေသည့်ကြားမှ ဆေးရုံဆေးခန်းများသို့ မကြာခဏ ရောက်တတ်ပြန်ပါ၏ ။ ကျွန်မကျန်းမာရေး အခြေနေကြောင့် မကြာခဏ ဆေးရုံတက်ရသည်။  လူမှု့ရေးအရ လူနာမေးသွားခဲ့ရသည့် အကြိမ်တွေလည်း ရှိခဲ့ဖူးသည် ။
မကြာခဏ ရောက်ဖြစ်နေသော်လည်း ကြောက်သည့်စိတ်ကဖြင့် လျော့ပါးမသွားခဲ့ပါ ။ ဝေဒနာ အမျိုးမျိုးကြောင့် ဆေးရုံပေါ်  ဆေးကုသမှု့ခံယူနေရသော ပုံစံအမျိုးမျိုးရှိလူနာများအားကြည့်ရသည်မှာ သနားစရာကောင်းလှပေသည် ။ ပုံမှန်အခြေနေမဟုတ်သော လက္ခဏာများအား မကြည့်ရဲသည့် ကျွန်မအကျင့်ကပင် ဆေးရုံဆေးခန်းများအား ကြောက်စေခဲ့ပုံပင်။
ကျွန်မ၏ ညနေခင်းလေးအား သာသာယာယာဖြတ်သန်းနေစဉ် ဖုန်းမြည်လာသည် ။ ဟင်းချက်နေရာမှ ဖုန်းလေးကို ကောက်ကိုင်လိုက်သည် ။ ချက်လက်စ ဟင်းအိုးက မီးဖိုပေါ်တွင် ရှိနေသည် ။ ဖုန်းကိုကြည့်လိုက်တော့ အိမ်သားထံက ဖြစ်နေသည် ။ မီးဖို မီးကိုပါ တပါတည်း ပိတ်လိုက်သည် ။ ဖုန်းပြောတာ ကြာနေရင် ဟင်းအိုးလေး တူးနိုင်ကိန်းရှိနိုင်သည် ။ မကြာခဏဆိုသလို  တူးတတ်သည်မို့ စိတ်ချရအောင် မီးဖိုကိုပါ ပိတ်ထားလိုက်ခြင်းပင် ။ အားလုံးစိတ်ချရလက်ချရှိမှ ဆက်တိုက်မြည်နေသည့် ဖုန်းအား ကိုင်လိုက်ပါ၏ ။
ဖုန်းကိုင်လိုက်တယ်ဆိုရင်ဖြင့် အိမ်သားဆီမှ စိတ်မရှည်သံကြီး အရင်ဆုံး ထွကပေါ်လာသည် ။ *မင်းလည်း ခေါ်လိုက်ရတာကွာ ။ အရေးကြီးပြီဆို တော်တော်နဲ့ မကိုင်ဘူး *။ * ဟင်းအိုးတန်းလန်းကြီးမို့ မီးပိတ်ရသေးတယ်လေ ။ ကဲပြော ။ ဘာတွေ အရေးကြီးနေလဲ *။ * မင်းအမဆီက ဖုန်းလာတယ် ။ နေမကောင်းလို့ဆိုလားပဲ ။ မောင်လည်း စက်သံတွေ ဆူနေတော့ သေချာ မကြားရဘူး ။ ကေ ပြန်ဆက်လိုက်အုံး*။ * ဟုတ်လား ။ အေးအေး ။ ခုဆက်လိုက်မယ် ။ဒါဘဲနော် *ဆိုပြီး အိမ်သားဖုန်းကိုချလိုက်သည် ။ တစ်ဆက်တည်းမမဆီကို ဖုန်းခေါ်လိုက်သည် ။ မလေးရှားနိုင်ငံမှာ သွေးသားဆိုလို့ အကိုတစ်ဝမ်းကွဲ နှစ်ယောက် နှင့် ခုအမ၀မ်းကွဲတစ်ယောက်သာ ရှိပါသည် ။ အမ တစ်ဝမ်းကွဲဆိုပေမယ့် ကျွန်မအပေါ်ညီမအရင်းပမာ စောင့်ရှောက်သူပါ ။ ဖုန်းဝင်သွားရင်ဖြင့် မမဆီမှ ငိုသံပါလေးဖြင့် ထူးသံကိုကြားလိုက်ရသည် ။ သူမဗိုက်တွေ အရမ်းအောင့်နေကြောင်းပြောပြသည် ။ မမနေသည့်နေရာနှင့် ကျွန်မနေသောနေရာမှာ ကားနှစ်နာရီ နီးပါးစီးရပါသည် ။ ဒါနှင့် မမအား ဆေးရုံသို့ သွားရန် ပြောပြရသည် ။ ဒီလိုဖြင့် နောက်နေ့မနက်မှာ ဆေးရုံသို့ ရောက်သွားသည် ။ လိုအပ်သည့် ဆေးစစ်မှု့တွေအား ပြုလုပ်ပြီးနောက် ဆေးရုံသို့ တက်ခိုင်းပါသည် ။ ဆေးရုံတက်ရပြီဆိုတော့ မမရှိရာကို ကျွန်မတို့လင်မယား လိုက်ရပြီပေါ့ ။ ကျွန်မတို့နေထိုင်ရာ ပုချွန်းကနေ ကေအယ်သို့ ကားစီးရသည် ။ ပုချွန်းနှင့် ကေအယ်ကို နာရီဝက်နီးပါး ကားစီးပြီး မမရှိရာ ကလန်းသို့ ကားထပ်စီးရပြန်သည် ။ တစ်နာရီတိတိကြာသည် ။ ကလန်းရောက်တော့ နေ့လည် ဆယ့်နှစ်နာရီခွဲနေပါပြီ ။ ကလန်းကားဂိတ်ကနေ မမတက်နေသည့် ဆေးရုံသို့ တက္ကဆီငှားလာခဲ့သည် ။ ခုနှစ်မိခန့်ကြာသော် ဆေးရုံသို့ ရောက်ပါသည် ။ မမသူငယ်ချင်းကိုဖုန်းဆက်ပြီး မမရှိရာ အခန်းကို မေးရသည် ။ မမရှိရာ အခန်းကို ရောက်ဖို့ အသွားကစပြီး ကျွန်မအတွက် ထူးဆန်းခြင်းတွေကို စတင်ခံစားရပါတော့သည် ။ ဆေးရုံဆိုကြောက်တတ်သည့် စိတ်တွေပင် ကြောက်ဖို့မေ့ကုန်၏ ။
ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးစလုံး အံ့သြခဲ့ရသည် ။ အိမ်သားက ပြောသည် ။ ကေရေ ဆေးရုံလား ရှော့ပင်းမောလား မသိဘူး ဟုဆိုလာသည် ။ ဟုတ်ပါသည် ။ အိမ်သားပြောလည်း ပြောစရာပင် ။ စားသောက်ဆိုင်တွေကလည်း တကယ်ရှယ် တွေပါပဲ ။ အ၀တ်စားဆိုင် ၊ လက်ကိုင်အိတ်ဆိုင် အိုဆိုင်တွေကို စုံနေတာပါပဲ ။ဒီကနေ လူနာဆောင်ကို ၀င်လိုက်တယ်ဆိုရင်ဖြင့် ဘောင်းဘီရှည် အကျီလက်ရှည် ကုတ်အဖြူဝမ်းဆက်လေးတွေနဲ့ သူနာပြုမလေးတွေကို တွေ့ရပါသည် ။ လူနာဆောင်တစ်ဆောင်ကို ထားပေးထားသည့် သူနာပြုဆရာအရေတွက်ဟာလည်း လိုအပ်တာထက်တောင် များနေသလားထင်ရသည် ။ ဒီလိုနှင့် မမရှိရာ လူနာကုတင်နားသို့ ရောက်ပြန်တော့ ပို၍ပင်အံ့သြရပြန်သည် ။ ကုတင်မွေ့ယာ ခေါင်းအုံးအားလုံးအဆင်သင့်ပေးထားသည် ။ ခင်းကျင်းပေးထားပုံက ဟော်တည်တွေကအတိုင်းပင် ။ လူနာအားလုံး၏ ကိုယ်ပေါ်လည်း ပန်းနုရောင် တူည်ီအကျီလေးတွေက သစ်လွင်တောက်ပနေကြ၏ ။
မမနားသို့ရောက်ချိန်သည်  နေ့လည် တစ်နာရီ လေးဆယ့်ငါးမိနစ်ရှိနေပါပြီ ။ အခြေနေတွေဘာတွေ မေးနေယုံရှိသေး အသက် ငါးဆယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး ကျွန်မတို့အနားသို့ ရောက်လာပါ၏ ။ ကျွန်မတို့ကို အရင်ဆုံးပြုံးပြသည် ။ ပြီးနောက် မလေးလို ပြောလာသည် ။ အိမ်သားက သေချာ မကြားလို့ ပြန်စိုက်ကြည့်လိုက်သည် ။ အမျိုးသမီးကြီးမှ အပြုံးတွေကို ထပ်မံဖြည့်တင်းလိုက်သည် ။ ပြီးနောက်sorry ဆိုတဲ့ စကားလုံးကို သုံးကြိမ်တိတိသုံးရင်း နာရီလေးကိုလည်း ညွှန်ပြပါသည် ။ ဒီတော့မှ အိမ်သားက သဘောပေါက်သွားသည် ။ လာပြောသည့် အမျိုးသမီးကြီးက လူနာဆောင်ရဲ့ အစောင့်တစ်ဦးပါ ။ သူဝတ်စုံလေးကလည်း အဖြူဝမ်းဆက်လေးမှာလည်း သန့်ပြန့်နေ၏ ။ သူမလာပြောတာကတော့ ဧည့်တွေ့ချိန်ကုန်ပြီဆိုတာကို လာပြီးပြောခြင်းပါ ။ ဒီအချိန်မှာ ကျွန်မကြောင်ပြီး ကြည့်နေမိသည် ။ တကယ်ကြောင်သွားခဲ့ခြင်းပါ ။ ဘာဖြစ်လို့လည်းဆိုရင် ဧည့်တွေ့ချိန်ကုန်ပြီဆိုတာကို ဒီလိုပုံစံမျိုးဖြင့် သတိပေးခြင်းမျိုး ကျွန်မတခါမှ မတွေ့ခဲ့ဘူးလို့ပါပဲ ။ မြန်မာပြည်မှာ ဆေးရုံတွေ ရောက်ခဲ့စဉ် ၊ လူနာမေးသွားခဲ့ချိန်က ကျွန်မ မြင်ဖူးခဲ့တဲ့ ဧည့်နှင်တဲ့ ပုံစံမှာ ဒါမျိုးမှ မဟုတ်ခဲ့တာ ။ အချိန်ပြည့်ဘဲလ်တီးမည် ။ အချိန်ပြည့်သည်ကို မသိလိုက်သော ဧည့်သည်များအား မည်သည့်ပုံစံဖြင့် နှင်ခဲ့သည်ကို ဆေးရုံရောက်ဖူးသူတိုင်း သိကြမည်ဟု ထင်ပါသည် ။ အထူးတလည် မရေးပြချင်တော့ပါဘူး ။ ကြောင်ကြည့်နေသည့် ကျွန်မကို အိမ်သားကနေ ဆွဲခေါ်မှ သတိဝင်လာမိသည် ။ မမကလည်း သက်သာသည်မို့ ပြန်ဖို့ပြောသည် ။ ညနေ ခြောက်နာရီမှ ဧည့်ပြန်တွေ့ရမှာမို့ ကျွန်မတို့ အိမ်ကိုပြန်ဖို့သိပ်နောက်ကျနေမည်မို့ ပြန်လာခဲ့ကြသည် ။အပြန်ကြမှ နံရံတွေမှာ ရေးထားသည့် ဧည့်တွေ့ချိန်စာရွက်တွေကို မြင်မိပါသည် ။  ညဘက်ကိုလည်း ဆေးရုံမှာ ဘယ်သူမှ စောင့်မအိပ်ရသည်မို့ တခါတည်းဘဲ ပြန်လာခဲ့လိုက်သည် ။
အိမ်ပြန်လမ်းတစ်လျှောက် လူနာဆောင်စောင့် အမျိုးသမီးကြီး၏ ဖော်ရွေသောအပြုံးတစ်စုံအား ကျွန်မစိတ်ထဲ စွဲမြဲနေခဲ့သည် ။ အိမ်ပြန်ရောက်တော့မှ သတိရမိသည် ။ လောလောဖြင့် ပြန်လာလိုက်တာ မမကို ဘာမှဝယ်မပေးခဲ့ရဘူး ။ ဒါနဲ့ မမဆီဖုန်းဆက်ပြီး ဘာစားပြီးလည်း မေးရသည် ။ ဒီတော့မှ မမက သေချာ ပြောပြသည် ။ ဆေးရုံက မနက်စောစော နေ့လည် ညနေစာအားလုံးကျွေးတယ်ဆိုပဲ ။ သူနာပြုဆရာမလေးတွေကလည်း နာရီဝက်တစ်ခါ ဘယ်လိုနေလည်း လာလာမေးကြသတဲ့ ။ ဆရာဝန်တွေကလည်းအရမ်းဂရုစိုက်ကြောင်း ပြောပြသည် ။ ကျွန်မက စိုးရိမ်နေခဲ့ခြင်းပါ ။ နိုင်ငံခြားသားဆိုတော့ ဂရုမစိုက်ဘဲနေမလားပေါ့ ။ အထင်နဲ့ တခြားဆီဖြစ်နေခဲ့ပါသည် ။ သူတို့နိုင်ငံသားတွေဆို ဆေးရုံတက်ခ တစ်နေ့ကို မလေးငွေ သုံးကျပ်(3RM) ဘဲပေးရသတဲ့ ။ ကလေးမွေးရင် အစိုးရက ပိုက်ဆံ ထောင့်ပံ့ပါသေးသည် ။ ပြည်သူတွေအပေါ် ထားသည့် အစိုးရ၏ ထောင့်ပံ့မှု့တွေက ဒီထက်အများကြီး ရှိပါသေးသည် ။ ဒီလိုတွေ ကြားရသိရချိန်မှာတော့ ကျွန်မနှလုံးသားထဲကနေ လှိုက်ကာလှိုက်ကာ ၀မ်းနည်းလာမိသည် ။ ကွာခြားချက်တွေ များလှချည်လား ။ နိုင်ငံဆင်းရဲခြင်း ၊ ချမ်းသာခြင်း ဆိုတာထက် လူသားချင်းစာနာထောက်ထားတတ်ခြင်းဆိုသည့် အသိစိတ် အားနည်းခြင်း အားများခြင်းကြောင့်သာ ယခုကဲ့သို့ ကွာခြားသွားသည်ဟု ထင်မြင်မိပါ၏ ။ ကျွန်မတို့ဆီမှာ နေရာလေးတစ်ခုရလာလျှင် ရသည့်နေရာထက်ပိုစွာ အာဏာပါဝါတွေပြချင်ကြသည် ။ ကျွန်မတွေ့ခဲ့ရသည့် မလေးရှားနိုင်ငံ ကလန်းဆေးရုံရှိ လူနာဆောင်စောင့် အမျိုးသမီးကြီးဆီမှာဖြင့် ချိုသာသောစကားသံ ၊ ဖောရွေသော အပြုံးတွေ ပေါများလိုက်တာ ။ ဖြစ်နိုင်ရင် ထိုအမျိုးသမီးကြီးဆီမှာ ရှိနေသည့် ပိုနေသော အပြုံးတွေ ၊ ချိုသာသော စကားသံတွေအား မြန်မာပြည်သို့ သယ်သွားချင်မိပါသည် ။

*လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထား လေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကို ကြည့်ပြီး "ခယ၀ပ်တွား" ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊ လူသားအနေနဲ့ ထိုက်သင့်တဲ့အလျောက် လေးစားမှုပေး ဆက်ဆံတာဟာ ယဉ်ကျေးခြင်း ဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာ လိုတယ်။ *ဟု ဆရာကြီး လူထုစိန်ဝင်း ရေးသားသည်ကို ကျွန်မဖတ်ဘူးသည် ။တကယ်တော့ လူအချင်းချင်း လူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတတ်ဖို့ သိပ်အရေးကြီးပါသည် ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းက လူဖြစ်ရခြင်း ရည်ရွယ်ချက်

(၁) လောကကောင်းကျိုး သယ်ပိုးရန်
(၂) မိဘဆွေမျိုး၊ လူမျိုးအကျိုးကို ဆောင်ရန်
(၃) မိမိကိုယ်ကိုယ် မြှင့်တင်ရန် ဟုဆိုထားပါသည် ။
 ဒါကြောင့် ကျွန်မတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်လည်း လူအချင်းချင်း လူလိုမြင် လူလိုလေးစား တန်ဖိုးထားတတ်ခြင်း ဟူသော စိတ်တွေဖြစ်ထွန်းလာကြပါစေဟု အခါခါ ဆုတောင်းနေမိပါတော့သည် ။


ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment