Thu Tay Sit's photo.
မျက်နှာ၏ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် နှုတ်ခမ်းတွင်း တင့်တယ်ရေးသည် သတိထားအပ်သော အချက် ဖြစ်သည်။
ကွမ်းစားခြင်းသည် လူ၏ နှုတ်ခမ်းတွင်းတင့်တယ်မှု ကို ပျက်စေ၏။ ကွမ်းယာကို ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ရှားဆေး၊ ဆေးရွက်ကြီးတို့ဖြင့် ပြုပြင်စီရင်ထားသည်။ ကွမ်းစားဆေး အမျိုးမျိုးတို့မှာ ကွမ်းယာတွင် အဓိက ပါဝင်သော အမယ်များဖြစ်၏။
ယခုအခါတွင်ကား ကွမ်းယာတွင် အမွှေးနံ့ အမျိုးမျိုး ၊ အချိုအဆိမ့် အမျိုးမျိုး တို့ကိုလည်း ထည့်သွင်း စားသုံးနေကြပါသည်။
ကွမ်းတံတွေးသည် နီသောအရောင်ရှိ၏။ နှုတ်ခမ်း၊ လျှာနှင့် ခံတွင်းတို့ကို နီသော ကွမ်းတံတွေးအရောင် ညစ်ပေစေ၏။ ရှားဆေး ပါသော ကွမ်းယာစားလျှင် နီညိုသော ကွမ်းတံတွေး ညစ်ပေစေ၏။ ဆေးရွက်ကြီး ထည့်စားလျှင် နီညိုရုံမက ညိုမဲသော ညစ်ပေမှုကို ဖြစ်စေ၏။ ဆေးရွက်ကြီး များလျှင် များသလောက် မဲနက်၏။ အဆက်မပြတ် စားသူတို့၏ နှုတ်ခံတွင်းများမှာ အကြည့်ရဆိုးလောက်အောင်ပင် ညိုမဲ ညစ်ပေနေကြ၏။ သဘာဝအားဖြင့် ဖြူဖွေးနေရမည့် သွားများမှာလည်း ကွမ်းချေး(ဂျီး) ကပ်လျှက် မည်းနက်စွာ အကျည်းတန်နေကြသည်။
ကွမ်းစားခြင်းဖြင့် ကွမ်းတံတွေးထွေးရာမှာ အင်္ကျီအဝတ်များ ကွမ်းတံတွေး
ပေကျံ၍ မတင့်မတယ် ဖြစ်စေပါသည်။ကွမ်းတံတွေးကို မဆင်မခြင် ထွေးကြသောအခါ၊
လမ်းများ၊ အဆောက်အဦး ဥပစာများ၊ ရုံးခန်းများ၊ နေအိမ်ခန်းများ၊
အဆောက်အအုံကြီးများ၏ လှေကားထောင့်ချိုးနံရံများတွင် ကွမ်းတံတွေးများ
နီရဲစွာပေကျံနေသည်ကို တွေ့ရပါသည်။ ကွမ်းစားသော အလေ့အထကြောင့် လူသာမက၊
အဆောက်အဦများပါ ဥပဓိရုပ် ပျက်နေကြရသည်။နိုင်ငံခြားသား လူမျိုးခြာမြင်လျှင်
ကိုယ့်လူမျိုးကို အထင်သေးနိမ့်ကျစေပါသည်။ ကားမောင်းရင်း
ကွမ်းစားသူများကြောင့် မြို့လယ်မှ ကားလမ်းများတွင်လည်း ကွမ်းတံတွေးများ
ပေကျံနေပါသည်။ အထူးသဖြင့် မီးပွိုင့်မှာ ကားရပ်ထားစဉ်
ကွမ်းတံတွေးထွေးကြသောကြောင့် မီးပွိုင့်အဝင်မှ ကားလမ်းပေါ်မှာ အရုပ်ဆိုးစွာ
ကွမ်းတံတွေးများ ညစ်ပေနေပါသည်။ မော်တော်ကားလမ်းပါ ဥပဓိရုပ်ပျက်ရရှာ၏။
ကွမ်းစားခြင်းသည် အရည်မရအဖတ်မရ၊ အာဟာလည်း ဘာမှ မဖြစ်၊ သို့သော် ကွမ်းတွင်ထည့်ထားသည့် ဆေးရွက်ကြီးအမျိုးမျိုးကြောင့် ကွမ်းစားသူကို စွဲစေ၏။ အချို့ဆိုလျှင် တစ်ယာပြီးတစ်ယာ အဆက်မပြတ်ဝါးသည်အထိ စွဲနေကြသည်။ စွဲလျှင် ဖြတ်ရခက်သော ကွမ်းစားခြင်းကို မစွဲခင်က အလေ့အကျင့် မလုပ်သင့်ကြပါ။ ကျန်းမာရေးအသိပညာဖြစ် ဆရာဝန်များက ကွမ်းစားခြင်း၏ အန္တရာယ်များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား တို့မှ အမျိုးမျိုး သတိပေးပြောဆိုနေကြပါသည်။ ကွမ်းစားခြင်းသည် သွားများကို ပျက်စီးစေသည်။ လျှာကင်ဆာ၊ နှုတ်ခမ်းကင်ဆာ၊ အာခံတွင်းကင်ဆာ အမျိုးမျိုးကို ဖြစ်စေသည်။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်မှာ ကွမ်းအမြဲစားရာမှ လျှာကင်ဆာဖြစ်၍ ဝေဒနာများကို မချိမဆန့် ခံစားရပြီး သေသွားခဲ့ရသည်။ ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါ၏။
ကွမ်းယာတွင်ပါသော ဆေးရွက်ကြီးကြောင့် နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကိုလည်း ဖြစ်စေနိုင်သည်။ ကွမ်းယာတွင်ပါဝင်သော ထုံးကြောင့် ကျောက်ကပ်နှင့် ဆီးသွားလမ်းကြောင်းတို့တွင် ကျောက်တည်ခြင်း၊ သည်းခြေအိတ်မှာ ကျောက်တည်ခြင်းတို့ကိုလည်း ဖြစ်စေသည်။ ကြောက်စရာ ကောင်းသည့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည်။
(ကွမ်းစားခြင်းနှင့်ဥပဓိရုပ်-လယ်တွင်းသားစောချစ်)

No comments:
Post a Comment