ကံဆိုးမိုးမှောင်ကျစွာ အေးနိုင်ဟာ အသက် ၁၅-၁၆ လောက်မှာ ဦးနှောက်မူမမှန် ဖြစ်လာတယ်။ မူမမှန်ရာက တစ်စတစ်စနဲ့ နောက်ဆုံးမှာ (အရပ်သုံးစကားနဲ့ ပြောရရင်) ရူးသွားတော့တယ်။
ရူးတယ်ဆိုပေမယ့် တစ်ခြားအရူးတွေလို လူတွေကို ရန်ပြု၊
ကိုယ်တုံလုံးချွတ်လျှောက်သွား...အဲဒီလိုမျိုး မဟုတ်ဘူး။ သူထင်ရာ သူပြော၊
သူလုပ်ချင်တာ ထလုပ်၊ သူ တစ်ယောက်တည်း သွားချင်ရာ လျှောက်သွား၊ အဲဒီလိုမျိုး
စံသွေနေတာ။
သို့သော် ကျွန်တော်တို့ဆီကလူတွေရဲ့ ရိုးရာဥပါဒါန်အတိုင်း အတော်အတန် စံသွေတယ်ဆိုရင်ပဲ အရပ်အမြင်မှာ 100% အရူးစာရင်း ဝင်သွားတယ်။ လူတွေက သူ့ကို အရူးလို ဆက်ဆံ၊ အရူးလို ပြောဆို၊ အရူးလို ကျီစယ်၊ အရူးတစ်ယောက် ရသင့်ရထိုက်တာထက်ပိုတဲ့ အရူးတံဆိပ်တွေ ခပ်နှိပ်ကြတယ်။
ဒါပေမဲ့ ဒါကို အေးနိုင်က အရမ်းကြီး ထည့်တွက်နေတာတော့ မဟုတ်ပါဘူး။ တစ်ခြားလူတွေရဲ့ ရူးသွပ်မှုကို သူ့ဘက်ကလည်း ပြန်ရိပ်မိနေသလို ပြုံးဖြီးဖြီးအထာနဲ့ သူ့ကို လာစသူတွေကို ပြန်ချေပလေ့ရှိတယ်။ ကျွန်တော်တို့ရွာမှာ ခေတ်စားတဲ့ အေးနိုင်ပြောနေကျ ဂန္ထဝင်စကားတစ်ခုက...
"မင်းတို့နဲ့ ကြာကြာပေါင်းရင် ငါပါ ရူးပါလိမ့်မယ်"တဲ့။
ငယ်သူငယ်ချင်းပေမယ့် အခုအချိန်မှာ အေးနိုင် ကျွန်တော့်ကို မမှတ်မိတော့ဘူး။ သို့သော် သူနဲ့တွေ့တိုင်း လေးလေးနက်နက် နှုတ်ဆက်ရင်း လောကကြီးရဲ့ တစ်မူးသာချင်မှုကို ပြန်ပြောင်းဆင်ခြင်မိတယ်။
လူတွေ ကိုယ်ရူးတာကို ဖုံးဖိရင်း တစ်ခြားသူတွေကို အရူးလုပ် စွပ်စွဲနေတာ တွေ့ရတဲ့အခါ၊ ကိုယ့်အတ္တ၊ ကိုယ့်ကုလားထိုင်၊ ကိုယ့်ထမင်းအိုး၊ ကိုယ့်တန်ခိုးအာဏာ ကွယ်ပျောက်ဆိတ်သုဉ်းမှာ စိုးရိမ်တာကိုပဲ သူနဲ့ လူအများ လမ်းမှားမရောက်စေရေးဆိုပြီး ခပ်တည်တည် ရွှီးနေတာ မြင်ရတဲ့အခါ၊ ကိုယ့်ကိုယ်ကို ချစ်တာမှန်းမသိ၊ သူတစ်ပါးကို ချစ်တာမှန်းမသိ၊ ကိုယ့်စိတ်ခံစားချက် ဖြစ်ရှိမှုကိုတောင် သဲကွဲအောင် မကြည့်မမြင်နိုင်ဘဲ သူ့ကို၊ ကိုယ့်ကို၊ တိုင်းပြည်ကို၊ လူမျိုးကို၊ ဘာသာသာသနာကို ချစ်ယောင်ပြပြီး တစ်ဘက်သားနဲ့ ယေဘုယျ လူများစုရဲ့ အညွန့်တလူလူ ထွက်ရှိမှုကို ရိုက်ချိုးနေတာတွေ ကြုံရကြားရကြည့်ရတဲ့အခါ....
ကျွန်တော့်သုခမိန်ကြီး အေးနိုင်ရဲ့စကားကို အမှတ်တမဲ့ ကော်ပီလုပ် ညည်းတွားမိတော့တယ်...
"ဒီလူတွေနဲ့ ကြာကြာပေါင်းရင် ငါပါရူးသွားလိမ့်မယ်" လို့။
တကယ်တော့ ကမ္ဘာကြီးရဲ့မျက်နှာကို ခေတ်အဆက်ဆက် အိုးမည်းသုတ်ခဲ့ကြတာ အေးနိုင်လို ၁၀၀ ရာနှုန်းပြည့် အရူးတွေ မဟုတ်၊ ကိုယ့်ကိုယ်ကို လူကောင်းယောင်ဆောင်ထားတဲ့ မစို့မပို့အရူးတစ်ပိုင်းတွေ။ ။

No comments:
Post a Comment