Tuesday, May 27, 2014

ကုလသမဂ္ဂတပ်ဖွဲ့၏ ပထမဆုံးသော အမျိုးသမီးစစ်ဦးစီးချုပ် ခရစ္စတင်းလန်းနှင့် တွေ့ဆုံခြင်း



ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမိုင်းတွင်မယ့်လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ နော်ဝေးအမျိုးသမီးစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ခရစ္စတင်းလန်းကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ရဲ့ ဆိုက်ပရပ်စ်တပ်ဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ခြင်းပါပဲ။

ဒါကြောင့် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်တပ်ဖြစ်တဲ့ အပြာရောင်စစ်တပ်မှာ ဗိုလ်ချုပ်လန်းဟာ ပထမဆုံးသော အမျိုးသမီးအကြီးအကဲတစ်ဦး ဖြစ်လာတာကို သတင်းတွေမှာလည်း ထူးထူးခြားခြား မှတ်တမ်းတင်ဖော်ပြခဲ့ကြပါတယ်။ မစ္စစ်လန်းဟာ အမျိုးသမီးစစ်သည်တစ်ဦးအနေနဲ့ အတွေ့အကြုံရင့် စစ်သမီးအကြီးအကဲတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ လုပ်ငန်းစဉ်တွေမှာ လက်ဘနွန်၊ ပထမပင်လယ်ကွေ့စစ်ပွဲ၊ ဘော့စနီးယားနဲ့ အာဖဂန်နစ္စတန်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အခုတော့ ၎င်းဟာ ဂရိနဲ့ တူရကီနိုင်ငံတို့ကြားတည်ရှိပြီး နှစ်ခြမ်းကွဲနေတဲ့ ဆိုက်ပရပ်စ်ကျွန်းနိုင်ငံကို ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ တာဝန်ယူထားတဲ့ ကုလတပ်ဖွဲ့အကြီးအကဲ တရုတ်ဗိုလ်ချုပ်ကျောက်လျူထံမှ တာဝန်များကို လာမယ့်သြဂုတ်လကစပြီး လွှဲပြောင်းရယူတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နယူးယောက်မှာရှိနေစဉ် ၎င်းကို စီအင်န်အင်န်သတင်းမှ ခရစ်ကျန်းအမမ်ပူရ်က တွေ့ဆုံမေးမြန်းထားမှုတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။
မေး- မင်္ဂလာပါ ဗိုလ်ချုပ်ရှင့်။ ကျွန်မတို့နဲ့ အင်တာဗျူးလက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်ကို အခုလို သမိုင်းဝင်ရာထူးတစ်ရပ် ခန့်အပ်လိုက်တာက ဘယ်လိုထူးခြားမှုတွေ ဖြစ်စေတယ်လို့ ထင်ပါသလဲ။ ကျွန်မ သိချင်ပါတယ်ရှင့်။
ဖြေ- အရင်ဆုံးအနေနဲ့ ကျေးဇူးအများကြီးတင်တယ်လို့ ဖြေပါရစေ။ ကုလသမဂ္ဂမှာ ဒီလိုနေရာမျိုးကို မိန်းမတွေရောက်ရှိဖို့ ဖြစ်နိုင်တယ်ဆိုတာကို အခြားအမျိုးသမီးတွေကလည်း မြင်နိုင်မှာ ဒါပထမဆုံးဖြစ်မှာမို့ ကောင်းတယ်ထင်ပါတယ်။
မေး- အမျိုးသမီးတပ်မှူးတစ်ဦးအနေနဲ့ စစ်မြေပြင်မှာ ဖြစ်နေတာတွေကို သိမြင်နားလည်နိုင်ဖို့ ကိုယ့်မှာ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်တဲ့ ကွဲပြားခြားနားတဲ့ စွမ်းရည်မျိုးတွေ ရှိတယ်လို့ ထင်မိပါသလားရှင့်။ ဒီလိုဖြစ်အောင် ဒါမှမဟုတ် မဖြစ်စေအောင် တိတိကျကျကွဲပြားစေတဲ့ ကွာခြားမှုကရော ဘာလို့ထင်ပါသလဲ။
ဖြေ- အမျိုးသမီးဖြစ်ခြင်းကြောင့် ကွာခြားတာဖြစ်စေတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မအတွေ့အကြုံအရ ဥပမာပြရရင် အာဖဂန်နစ္စတန်ကရခဲ့တဲ့ အတွေ့အကြုံအရဆိုရင် ကျွန်မ ယူနီဖောင်းနဲ့ဆို လုပ်နိုင်ပါတယ်။ လူဦးရေ ၁၀၀ ရာခိုင်နှုန်းဆီကို ကျွန်မရောက်နိုင်ပါတယ်။ ပြီးတော့ ဒီနေ့ကာလမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်တယ်ဆိုတာဟာလည်း တစ်ခုလုံးအဆင်ပြေတဲ့ နည်းလမ်းတစ်ခု ကိုယ့်မှာရှိဖို့ လိုအပ်ပါတယ်။ ဒီတော့ ဒီနေရာကပဲ ကျွန်မအနေနဲ့ ထူးခြားမှုရှိအောင် လုပ်နိုင်တဲ့နေရာပဲပေါ့။
မေး- လာမယ့်သြဂုတ်မှာ ဗိုလ်ချုပ်အနေနဲ့ တာဝန်ယူရမယ့် ကုလသမဂ္ဂမစ်ရှင်အကြောင်း ပြောကြပါစို့။ အဲဒီက အခြေအနေက အလွန်တင်းမာနေတယ် မဟုတ်လား။ ဆိုက်ပရပ်စ်မှာ ဒီလိုမျိုးဖြစ်နေတာကလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်လား။ အဲဒီမှာ ဘာတွေရှာတွေ့နိုင်မယ်လို့ ဗိုလ်ချုပ်ထင်မြင်ထားပါသလဲ။
ဖြေ- ဟုတ်ကဲ့။ ကျွန်မ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတဲ့အချိန်မှာ ဒီနွေရာသီမှာ တာဝန်သစ်တစ်ခု၊ တာဝန်ပေးအပ်ခံရမှုအသစ်တစ်ခု ရှိမယ်ဆိုတာ သိပါတယ်။ တကယ်ကောင်းတဲ့ စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ဆိုရင် တရားဝင် တာဝန်ပေးခံရမှုတစ်ခုရအောင် လုပ်ရမယ်။ ကြုံနေရတဲ့ကိစ္စတွေကို တိုးတက်နိုင်အောင်၊ ထောက်ပံ့ပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆန်းစစ်ရပါမယ်။
မေး- အရပ်သားတွေကို ကာကွယ်ပေးဖို့ စေလွှတ်ခံရတဲ့ ကုလတပ်ဖွဲ့တွေထဲမှာ ခြစားမှုနဲ့ အခြားကိစ္စတွေတော့ ထားပါတော့။ လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေလည်း ရှိနေကြတယ်ဆိုတာ သတင်းတွေမှာ ထွက်နေခဲ့တာ ဗိုလ်ချုပ်သိတဲ့အတိုင်းပဲ။ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီတပ်ဖွဲ့ဝင်တွေဟာ တာဝန်ကျရာ နိုင်ငံတွေမှာလည်း တရားစွဲဆိုခံရမယ့်ဘေးက ကင်းဝေးနေကြတာကိုလည်း အငြင်းအခုံတွေနဲ့ ဆွေးနွေးနေကြတာလည်း ရှိပါတယ်။ ဒီကိစ္စအပေါ် ဗိုလ်ချုပ် ဘယ်လိုမြင်ပါသလဲ။ သူတို့ကို တရားစွဲဆိုမှု ကင်းလွတ်ခွင့် ပေးသင့်သလား။ ဒါမှမဟုတ် သူတို့အနေနဲ့ အပြစ်ဒဏ်ခံယူသင့်ပါသလား။
ဖြေ- ကျွန်မအမြင်ကတော့ ကိုယ်က ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့လုပ်ငန်း လုပ်နေပြီဆိုရင် ဒါကအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ထင်ထင်ရှားရှား မြင်နေကြမှာမို့ပါ။ ဒီတော့ ကျွန်မအတွက်ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြောနိုင်ပါတယ်။ အရင်က ကျွန်မ စစ်ဆင်ရေးတွေမှာ ပါဝင်တုန်းကလည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ကိုယ်အမှားတစ်ခုလုပ်မိရင်တော့ နောက်ဆက်တွဲတွေ ကြုံရမှာပေါ့။
မေး- ဒီတော့ ဗိုလ်ချုပ်အုပ်ချုပ်မှုအောက်မှာ အဲဒါတွေဖြစ်ခဲ့မယ်ဆိုရင် အမှုကျူးလွန်တဲ့သူတွေကို အပြစ်ပေးမယ်ပေါ့။
ဖြေ- ကျွန်မက ကုလသမဂ္ဂစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး အဲဒီအတိုင်း လုပ်ဆောင်သွားမှာပါ။ ပြီးတော့ သိတဲ့အတိုင်းပဲ ဒီရာထူးနေရာကို ကျွန်မ တစ်နေ့ကမှရတာပါ။ ဒီတော့ အဲဒီကိစ္စမှာ ဘာလုပ်ရမယ်ဆိုတာ စည်းမျဉ်းတွေအားလုံးကို လေ့လာနားလည်ဖို့ လိုတဲ့အချိန်တွေ အများကြီးရှိမှာပါ။ ဆိုလိုတာက အခုထိတော့ အဲဒီလို ကျူးလွန်တဲ့သူတွေ အပြစ်ပေးမခံရသေးဘူး။ ဒီတော့ ကုလသမဂ္ဂက ဘာလုပ်ပါလို့ ပြောတဲ့အတိုင်း ကျွန်မ လိုက်နာသွားပါမယ်။
မေး- ဗိုလ်ချုပ် တာဝန်ထမ်းဆောင်ရမယ့် မစ်ရှင်ကို ဒီလိုကိစ္စမျိုးတွေက ဂယက်ရိုက်နိုင်မလား။ ဗိုလ်ချုပ်တို့က ငြိမ်းချမ်းရေးတပ်ဖွဲ့အနေနဲ့ တပ်မှူးတစ်ဦးအနေနဲ့ ကာကွယ်ပေးရမယ့် အရပ်သားပြည်သူတွေက သူတို့ကို ဒီလိုကာကွယ်မှုတွေ ပေးလာမယ်ဆိုရင် သူတို့ယုံကြည်မှုလည်း တိုးလာမယ် ထင်ပါသလားရှင့်။
ဖြေ- ကျွန်မရဲ့တာဝန်တွေထဲကတစ်ခုက ယုံကြည်မှုတည်ဆောက်ဖို့ပါ။ ကျွန်မတို့လုပ်နိုင်တဲ့ အရေးအပါဆုံး အလုပ်ကလည်း ဆက်ဆံရေးတွေ တည်ဆောက်တာပါ။ ဒီလိုလုပ်ရင်းနဲ့ ကျွန်မလက်အောက်မှာရှိနေတဲ့ တပ်မှူးတွေကြားမှာ ဒီကိစ္စတွေကို ဆွေးနွေးလာနိုင်လိမ့်မယ် ထင်ပါတယ်။ သင့်လျော်တာကို လိုက်နာနိုင်ဖို့ သူတို့ကို ကျွန်မ တွန်းအားပေးဖို့ ကြိုးပမ်းသွားမှာပါ။
—Ref: Christian Amampour: Interview with Maj.Gen. Kristin Lund, CNN. 14th May.
http://www.7daynewsjournal.com/article/14186

ကျာ်မျိုး
အတွဲ (၁၃)၊ အမှတ်(၁၁)

No comments:

Post a Comment