အိုရှိုးနဲ့ ပတ်သက်လို့ မရေးတာ ကြာခဲ့ပါပြီ။
ပြန်ရေးပါလို့
တိုက်တွန်းကြတဲ့ လူတွေထဲမှာ ကိုဥဂ္ဂါ ပါတယ်၊ ကိုဖြိုးထက်အောင်မြင့် ပါတယ်။
သူတို့ကလွဲလို့ ကျန်တဲ့ အများစုကိုတော့ မအားလို့ ဆိုတဲ့ အကြောင်းပြချက်
ပေးခဲ့တယ်။ တကယ်တမ်း အဲ့ဒါ လိမ်တာပါပဲ။ ဘာလို့ဆို တကယ့်အကြောင်းရင်းမှန်
မဟုတ်လို့ပါ။
ကိုဥဂ္ဂါ ဆေးရုံတက်တော့ လူနာမေး သွားရင်း စကားပြောဖြစ်တယ်။
စာတွေ ပြန်ရေးပါဗျာလို့ ဆြာဥဂ္ဂါ ပြောတော့ ကျနော် ပြန်ပြောခဲ့လိုက်တယ်။
"အိုရှိုးကို
ကျနော် စတွေ့ခါစက မြန်မာစာဖတ်ပရိသတ်တွေ နယ်ပယ်မှာ အိုရှိုးကို
သိကြမှာပါလို့ ထင်ခဲ့တယ်။ ရှာကြည့်တယ်။ ဒါပေမယ့် တကယ်တမ်း ရှာကြည့်တဲ့ အခါ၊
အဲ့ဒီအခါက မြန်မာစာအုပ်စင်မှာ၊ အွန်လိုင်းမှာ - အိုရှိုးဆိုတဲ့ နာမည်ကို
လူသိပ်မသိကြဘူး။ ဆရာပါရဂူ ရှိမယ်၊ ဆရာမင်းသိင်္ခ ရှိမယ်။ ဆရာရဲထက် ရှိမယ်၊
ဆရာအောင်မေဃ ရှိမယ်၊ ကြိုကြားကြိုကြား ဆောင်းပါး တွေ ရှိမယ်။
စာပေကို
မွှေနှောက်ထားမယ့် တစ်ချို့ စာဖတ်သူတွေ ရှိမယ်။ ဟိန္ဒီ တတ်ကျွမ်းတဲ့ ကျနော့
အကိုကြီး ကိုအောင်ကိုကို ရှိမယ်။ ဒါပေမယ့် မြန်မာစာဖတ်ပရိသတ် အများစုဟာ
အိုရှိုး ကို မသိကြဘူး။ ဒါဆို နောက်တစ်ဖက်၊ အွန်လိုင်း
ဘလော့စာမျက်နှာတွေမှာရော..။ အဲ့မှာလည်း မရှိကြဘူး။ ကျနော် အရှာညံ့လို့လည်း
ဖြစ်နိုင်တယ်။
"အဲ့သည့်ကတည်းက ကျနော် အိုရှိုးနဲ့
ပတ်သက်လို့၊ "အိုရှိုး" ဆိုတဲ့ အမည်ကို တစ်ခုတ်တရ အွန်လိုင်း စာမျက်နှာမှာ
ရှိစေချင်ခဲ့တာ။ ဒီအကြောင်းကြောင့် အွန်လိုင်း မျက်နှာစာပေါ်မှာ အိုရှိုး
လို့ တပ်ပြီး သုံးနှစ်လုံးလုံး ၊ အတိုအထွာ၊ ဆောင်းပါး၊ ဘာသာပြန်၊ ဝေဖန်သမှု
စုတုပြုရင်း ကျနော် ရေးခဲ့ပါတယ်။ အပြင်မှာ စာအုပ်အဖြစ်တော့ မထုတ်ခဲ့ဘူး။
နို့ပေမယ့် ဒီ FB စာမျက်နှာ ပေါ်မှာရော၊ ဘလော့တွေ ပေါ်မှာရော ရှိတယ်။ အဓိက
ကျနော့ ရည်ရွယ်ချက်ဟာ မြန်မာစာဖတ်ပရိသတ်တွေ အနေနဲ့ ဒီလို လူ့ဂွစာကြီး
တစ်ယောက် ရှိခဲ့တယ် ဆိုတာ၊ သူ ဒါတွေ ပြောတယ် ဆိုတာ၊ သူ့ ဆိုလိုရင်းက
ဒါဖြစ်တယ် ဆိုတာ၊ ဒါတွေတော့ဖြင့် သူ့ရဲ့ ဓမ္မပဲ ဆိုတာ - အများအားဖြင့်
သိနိုင်ဖို့၊ ဝေဖန် စိစစ်နိုင်ဖို့ပဲ။
"သုံးနှစ်လွန်မြောက်တဲ့
အခါ၊ မြန်မာစာအုပ်စင်တွေမှာ ကိုအောင်သူရ (လို့ ထင်ပါတယ်) သူရေးတဲ့
အိုရှိုး စီးရီးလိုက် ဆက်တိုက် ကျနော် တွေ့ရတယ်။ ဆရာအောင်မေဃလည်း
ဟိန္ဒီစာကနေ ဘာသာပြန် ထုတ်ဝေတဲ့ စာအုပ်တွေ တွေ့ရတယ်။ အွန်လိုင်း
စာမျက်နှာမှာလည်း ဖြူနှင်းဖွေးတို့၊ အခြားတစ်ယောက်၊ နှစ်ယောက် ကောင်းကောင်း
ရေးနိုင်ကြတာ တွေ့တယ်။ အဲ့ဒီအချိန်မှာ ကျနော် ဝမ်းသာအားရ ဖြစ်ပါတယ်။
အိုရှိုးကို မြန်မာပရိသတ် သိမယ့် အကြောင်းခံ ဥပနိဿယတွေ မြင်နေရပြီပဲ။
ဆိုင်သည် ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ ကျနော် ဖြစ်စေချင်တဲ့ အတိုင်း
မြင်တွေ့ရတဲ့ အတွက် ကျနော် ကြည်နူးတယ်။ အိုရှိုးအကြောင်း ကျနော် ဆက်တိုက်
ရေးခဲ့သမျှကိုလည်း ရပ်လိုက်ပါတယ်။ ဘာလို့ဆို ကျနော့် ရည်ရွယ်ချက် အတိုင်း
တွေ့နေရပြီမဟုတ်လား။ ကျနော် မြင်ချင်တဲ့ အတိုင်း မြင်နေရပြီပဲ မဟုတ်လား။
ပွဲပြီးရင် ဖျာလိပ်ပြန်ရတယ် ဆိုတဲ့ တာအိုစကား ရှိပါတယ်။
ကိစ္စအောင်မြင်တယ်လို့ ထင်တယ်၊ ဒါ့ကြောင့် ကျနော် ရပ်လိုက်တယ်"
ဒါဟာ
အိုရှိုးနဲ့ ပတ်သက်လို့ ကျနော် ဆက်မရေးဖြစ်တဲ့ အကြောင်း ဖြစ်ပါတယ်။
သို့ပေတဲ့ ဒီလိုနေလာရင်း အခု ကျနော် စာပြန်ရေးဖို့ အကြောင်း
တွေ့ရပြန်ပါတယ်။ အကြောင်းက အိုရှိုး မိတ်ဆက် တစ်ချို့ မှာ တစ်ချို့အလွဲတွေ
တွေ့ရလို့ပဲ။ အိုရှိုးကြီး သက်ရှိ ထင်ရှားရှိနေစဉ်ကရော၊ သူ့နောက်ပိုင်းရော
သူ့အပေါ် အမြင်၊ အထင် လွဲခဲ့ကြတာ ဒုနဲ့ ဒေးပါ၊ မဆန်းလှပါဘူး။ ဒါပေမယ့် ဒီလို
အထင် အမြင်အလွဲတွေ ရှိတိုင်း အိုရှိုးကို တလွဲ မိတ်ဆက်မိတာမျိုး ကျနော်
မဖြစ်စေချင်ပါဘူး။ ဒီနေရာမှာ ဆရာရဲထက်ရဲ့ စကား ကျနော် အမှတ်ရလျက် ရှိတယ်။
"အိုရှိုးကို သိချင်ရင် ဖွင့်ထားတဲ့ စိတ်နှလုံးတော့ ခင်ဗျားတို့မှာ
ရှိရလိမ့်မယ်" တဲ့။
ဖွင့်ထားတဲ့ စိတ်နှလုံး ဆိုတာ ဘာလဲ။
ကျနော့အမြင်အရ - ဖွင့်ထားတဲ့ စိတ်နှလုံး ဆိုတာရဲ့ အရည်အသွေးဟာ အပေါ်ယံကြော
မမြင်မိဖို့၊ ဆိုလိုရင်း မလွဲစေဖို့၊ ကိုယ်လိုရာ ဆွဲ၊ ဘေးဆိုးကျိုး
မတွဲသွားမိဖို့၊ ဒီထက်ပိုတဲ့ "ဖွင့်ထားတဲ့ စိတ်နှလုံး" ဆိုတာ ကိုယ်တွေ့
ငြိမ်းအေးမှု မပါဘဲ မရေးမိစေဖို့ ဖြစ်ပါတယ်။ ဒီလိုအကြောင်းတွေ ကြောင့်
အိုရှိုးနဲ့ ပတ်သက်လို့ ကောင်းနိုးရာရာ မှန်သမျှ ကျနော် တတ်စွမ်းသရွေ့
ဆက်ရေးဦးမယ်။ ဒီလောက်ပါပဲ။
April 30th 2013 at 3:50 AM
No comments:
Post a Comment