Cho Tu Zal shared Thenaturesfarmacy's photo.

လူတယောက်သေဆုံးသွားတဲ့အခါ သူ့ကိုယ်သူသေပြီလို့သိတဲ့တဒင်္ဂမှာပဲ ဘုရားသခင်က လက်ဆွဲသေတ္တာလေး တလုံးနဲ့ ကြွမြန်းလာပါသတဲ့။
"သွားကြစို့ ငါ့သား. ."
လူက အံ့သြတကြီးနဲ့တုန့်ပြန်တယ်။
"ခု. . .ခုချက်ချင်း. . .ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်"
"ငါစိတ်မကောင်းပါဘူး ဒါပေမယ့် သွားဖို့ အချိန်ရောက်နေပြီကွယ်"
ဒီတော့ လူက
"အဲဒီသေတ္တာထဲမှာ ဘာတွေလဲ ဟင်" လို့ ဘုရားသခင်ကို မေးလိုက်တယ်။
"မင်းရဲ့ ပစ္စည်းတွေပေါ့"
"ကျနော့်ပစ္စည်းတွေ ဘာတွေလဲ ကျနော့်အ၀တ်တွေ၊ ပိုက်ဆံတွေလား"
ဘုရားသခင် က ပြန်ဖြေပါသတဲ့
"အဲဒါတွေက မင်းပိုင်တာမှ မဟုတ်တာ ကမ္ဘာမြေကသာ ပိုင်တဲ့ အရာတွေ. .."
"ဒါဆို ကျနော့်ရဲ့ မှတ်ဉာဏ်တွေ သိမှတ်ထားတဲ့ အရာတွေလား"
"အဲဒါတွေကလည်း မင်းပိုင်တာမှ မဟုတ်ဘဲ. . .အချိန်ကာလ က သာ ပိုင်တဲ့ အရာတွေ. . ."
"ဒါဆို ကျနော့်အရည်အချင်းတွေလား ထူးချွန်ထက်မြက်မှုတွေလား"
"အဲဒါတွေလည်း မင်းပိုင်တာမှ မဟုတ်ဘဲ . . .အခြေအနေ က သာ ပိုင်တဲ့ အရာတွေ"
"ဒါဆို ကျနော့်မိသားစု နဲ့ ကျနော့် မိတ်ဆွေအပေါင်းအသင်းတွေလား"
"စိတ်မကောင်းဘူးကွယ် ဒါတွေကလည်း မင်းနဲ့ဘယ်တော့မှ မဆိုင်တော့ပါဘူး. . .ဒါတွေဟာ
တဒင်္ဂကာလလမ်းကြောင်း က ပိုင်တဲ့ အရာတွေပါ. . ."
"ကျနော့်ချစ်ဇနီး ကျနော့်သားသမီးတွေ"
"ဒါတွေကိုလည်း မင်းနဲ့မဆိုင်တော့ပါဘူး နှလုံးသားကသာ ပိုင်တဲ့ အရာတွေ"
"ကျနော့် ခန္ဓာကိုယ်တောင် မပါနိုင်တော့ဘူးလား"
"ဒါကိုလည်း မင်းနဲ့မဆိုင် ပြာ တွေသာ ဖြစ်မယ့်အရာ ဖုန်မှုန့်တွေရဲ့ အရာ"
"ကျနော့်ဝိညာဉ်တော့ ပါဦးမပေါ့. . ."
"ဒါကိုလည်း မင်းနဲ့မဆိုင်. . . ၀ိညာဉ်တော်ဟာ ငါ(ဘုရားသခင်)နဲ့သာ ဆိုင်"
လူဟာ ထိတ်လန့်ခြောက်ခြားလာပြီး၊ ဘုရားသခင်ရဲ့ လက်ထဲက လက်ဆွဲသေတ္တာထဲ ကို ယူဖွင့်
ကြည့်လိုက်တယ်။ သေတ္တာထဲမှာ ဘာမှ မရှိ၊ နတ္ထိ၊ အနတ္တ ကိုသာ တွေ့ရတယ်။
လူဟာ မျက်ရည်သွင်သွင်ကျလို့ ပူဆွေးတယ်။
"ကျနော် အနတ္တ ကိုသာ ပိုင်ဆိုင်တာပေါ့လေ. . ."
ဘုရားသခင်က . . ."အဲဒါအမှန်ပါပဲ. . .မင်းရဲ့ပိုင်ဆိုင်မှုဟာ အနတ္တ ပါ
ရှင်သန်နေတဲ့ ကာလလေးတခုကိုသာ မင်းရခဲ့တယ်
အဲဒီကာလမှာ မင်းပျော်မွေ့ဖို့၊ ကောင်းမှုလုပ်ဖို့သာ မမေ့အပ်ဘူး။
မင်း အစဉ်အမြဲ သတိရနေဖို့က
မင်းဟာ အနတ္တ ကိုသာ ပိုင်ဆိုင်တယ် ဆိုတာပါပဲ. . ." တဲ့။
ခုပြန်ဆိုလိုက်တဲ့ စာလေးဟာ၊ ခရစ်ယာန်သမ္မာကျမ်းစာလား၊ အစ္စလာန် ကိုရမ်စာအုပ်ထဲကလား ကျနော်မသိဘူး။ ကျနော်ရလိုက်တာကတော့ ဗုဒ္ဓအမြင်နဲ့ မကွာတဲ့ ဓမ္မ ပါပဲ။
"ဓမ္မ ဆိုတာ ဘာသာတရားတိုင်းမှာ ပုံသဏ္ဍန်ကွဲပြားသော်ငြား အတူတူပါ"
ထာဝရ ဘုရားသခင် ဆိုတဲ့ နေရာမှာ ထာဝရတည်တံ့နေတဲ့ ဗုဒ္ဓဓါတ်၊ ဓမ္မဓါတ်လို့ နာကြားကြည့်ပါလေ။
ချိုတူးဇော်
SanSan Cynthia Tin ထံ မှ
No comments:
Post a Comment