မစ္စတာဒစ်ကော့စ်တိုလိုသည် လူမှုဆက်သွယ်ရေးဝက်ဘ်ဆိုက်တွစ်တာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ယခင်က ယင်းကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် စီအီးအိုဟောင်း အီဗန်ဝီလီယမ်စ်ထံမှ ရာထူးလွှဲပြောင်းရယူခဲ့သည်။
ဒစ်ကော့စ်တိုလိုသည် ၁၉၈၅ ခုနှစ်တွင် ကွန်ပျူတာနှင့် ဆက်သွယ်ရေးသိပ္ပံဘာသာရပ်ဖြင့် ရိုးရိုးသိပ္ပံဘွဲ့ရရှိခဲ့သည်။ ဘွဲ့မရမီ ကော့စ်တိုလိုသည် မီချီဂန်တက္ကသိုလ်၏ သတ်မှတ်ချက်အရ ဇာတ်ပွဲတင်ဆက်ကပြမှုအနုပညာကို လေ့လာခဲ့ရသည်။ ဘွဲ့ရရှိချိန်တွင် ကော့စ်တိုလိုက နည်းပညာကုမ္ပဏီအလုပ်များကို လက်မခံဘဲ ချီကာဂိုမြို့သို့ သွားရောက်၍ လက်တန်းဟာသပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။
ယင်းနောက်ပိုင်းတွင်မှ ကော့စ်တိုလိုသည် အန်ဒါဆင်အတိုင်ပင်ခံကုမ္ပဏီ၌ ထုတ်ကုန်နှင့် နည်းပညာလုပ်ငန်းတွင် အကြီးတန်းမန်နေဂျာဖြစ်သည်အထိ ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့သည်။ ကော့စ်တိုလိုသည် အဆိုပါကုမ္ပဏီမှထွက်ကာ ဝက်ဘ်ဒီဇိုင်းနှင့် ဆော့ဖ်ဝဲရေးသားမှုဝန်ဆောင်မှုပေးသော Burning Door Networked Media ကို ပူးတွဲတည်ထောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို ရောင်းချခဲ့ပြီး Spy On It ဟုခေါ်သော ဝက်ဘ်စာမျက်နှာ စောင့်ကြည့်ရေးလုပ်ငန်း ထူထောင်ခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဒစ်ကော့စ်တိုလိုသည် အခြားပူးပေါင်းလုပ်ကိုင်သူသုံးဦးနှင့်အတူ FeedBurner ဟုခေါ်သော ဝက်ဘ်စာမျက်နှာတင်ဆက်မှု စီမံခန့်ခွဲရေးကုမ္ပဏီကို ထူထောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် FeedBurner ကို ဂူးဂဲလ်က ဝယ်ယူခဲ့ပြီးနောက် ကော့စ်တိုလိုမှာ ဂူးဂဲလ်တွင် ဝန်ထမ်းဖြစ်လာသည်။ ယင်းနောက် ဂူးဂဲလ်၏ အခြားနည်းပညာနယ်ပယ်များတွင်လည်း ပါဝင်လုပ်ကိုင်ခဲ့သည်။
ဒစ်ကော့စ်တိုလိုသည် ၂၀၀၉ ခုနှစ် ဇူလိုင်တွင် ဂူးဂဲလ်မှထွက်ခဲ့ပြီး စက်တင်ဘာတွင် တွစ်တာသို့ ဝင်ရောက်မည်ဟု ကြေညာခဲ့သည်။ တွစ်တာလူမှုဆက်သွယ်ရေးကုမ္ပဏီတွင် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်(COO)အဖြစ်လုပ်ကိုင်ပြီး မကြာမီ ၂၀၁၀ ပြည့်နှစ်တွင် ခွင့်ယူသွားသော အမှုဆောင်အရာရှိချုပ် အီဗန်ဝီလီယမ်၏နေရာတွင် ယာယီဝင်ရောက် တာဝန်ယူခဲ့ရာမှ နောက်ပိုင်းတွင် အတည်ဖြစ်လာသည်။
၂၀၁၁ ခုနှစ် မေလတွင် ကော့စ်တိုလိုသည် သမ္မတအိုဘားမား၏ ဖုန်းဆက်သွယ်ရေးလုပ်ငန်း အမျိုးသားလုံခြုံရေးအကြံပေးကော်မတီ၌ ပါဝင်ရန်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် Business Insider စာစောင်က ကော့စ်တိုလိုကို စီလီကွန်တောင်ကြားမှ စွမ်းဆောင်ရည်အမြင့်ဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးဟု ရည်ညွှန်းခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းကလည်း အမေရိကန်နည်းပညာလုပ်ငန်း သြဇာအကြီးဆုံး အမှုဆောင်အရာရှိချုပ် ၁၀ ဦးထဲတွင် တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။
—Ref: Wikipedia
ရဲမင်း
အတွဲ (၁၃)၊ အမှတ်(၃)
အတွဲ (၁၃)၊ အမှတ်(၃)
No comments:
Post a Comment