Friday, January 31, 2014

တီကောင်မျက်စောင်း

Kyaw Ba Thit January 31, 2014 at 7:27pm
 
နဂါးမှန်းသိပါရဲ့
မလိုအပ်ဘဲ ခဏခဏ အမောက်ထောင်မပြပါနဲ့....။

တကယ်ဆို ကျုပ်လည်း
ဝိညာဉ်တစ်ငွေ့ကို ခန္ဓာကိုယ်နဲ့ထုတ်
အသက်ရှင်ခြင်းအလုပ်ကို လုပ်နေတဲ့သူပါ

ခင်ဗျားထင်သလို တုတ်တစ်ချောင်းမဟုတ်ဘူး...။

လွတ်လပ်မှုကို မြတ်နိုးလို့
ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားလို့
ကလိထိုးရင် ယားတတ်ပြီး
ခါးပေါ်တည့်တည့် ဖြတ်နင်းခံရတဲ့အခါ
နည်းနည်းတော့ နာတတ်တယ်...။

ခင်ဗျားဘက်က ရပ်ပြီးကြည့်တဲ့အခါ
ခင်ဗျားကိုယ်ခင်ဗျား "ငါ" လို့မြင်ရမယ်
ဒါပေမယ့်
ကျုပ်ဘက်ကဆိုရင်တော့
"ငါ"အစစ်က ကျုပ်ပဲလေ…။

ဒါကြောင့်ပါ...
လူတစ်စုက
ကျုပ်အတ္တကို ဆားနဲ့လာပက်တော့
ကျုပ်ဘက်ကလည်း
တာဝန်အရ တီကောင်မှန်း သူတို့ ရိပ်မိအောင်
ခပ်လှောင်လှောင် တွန့်လိမ်ပြလိုက်တယ်...။ ။

No comments:

Post a Comment