Sunday, February 23, 2014

“ အသက်ကို ဥာဏ်စောင့်၏ ”


  မြွေဆိုးတစ်ကောင်က သူတော်စင်တစ်ဦး ထံပါးမှာ ဂတိ သစ္စာ တခု ပြုလေတယ်။ နောက်နောင် ဘယ်သောအခါမှ လူတွေကို အန္တရာယ် မပြုတော့ ပါဘူး။ မြွေ ယဉ်ကျေးလိမ်မာ ဖြစ်အောင် နေ ပါတော့မည်ဟု လေးလေး နက်နက် သစ္စာပြုလိုက်တယ်။

ဒီလိုနဲ့ မကြာဘူး ရပ်နီး ရွာစပ်က ခလေး တသိုက်က ဆော့ကစားရင်းနဲ့ မြွေအောင်းရာ အရပ်မှာ မြွေကိုမြင်တော့ လောက်လေးတွေနဲ့ ပစ်တယ် ခဲတွေနဲ့ မရဲတရဲ ထုကြည့်ကြတယ် ။

မြွေလည်း သူတော်စင် အပါးမှာ ပြုခဲ့တဲ့ ဂတိ သစ္စာ ထာဝရတည်စေရမယ်ဟု သူ့ ရင်၌ ကြုံးဝါးပြီး သွေးအလိမ့်လိမ့် ဖြစ်လာလင့်ကစား ကလေး အပေါင်းအား ရန်မပြုရုံတင်မက မာန်ပင် မဖီခဲ့ပါ။

ပြန်မလုပ်မှန်းသိသောအခါ ထုလို့ရမှန်းသိသောအခါ၊ ခလေးတွေလည်း တရက် နှစ်ရက် ရက်အတန်ကြာသည် အထိပင် မြွေကို နှိပ်စက်ပြီး သူတို့ကိုယ်ကို သူတို့ သူရဲကောင်းပြုကြတယ်။

နောက်ဆုံး ဝေဒနာ မခံနိုင်ဖြစ်ကာ ဒဏ်ရာ ဗရပွနဲ့ သူတော်စင် အပါး၌ ခစားပြီး ၀မ်းနည်း ပက်လက်ဖြင့် သူ့ ဖြစ်ရပ်ကို ရင်ဖွင့်လေတယ်။
သူတော်စင်ကြီးက ဆုံးအောင်နားထောင်ပြီး ဆုံးမ စကားဆိုတယ် ။

သင် မြွေကြီး ( သင် ခန္တီ ရှိရမည်ဟု ငါ လမ်းပြခဲ့လေသည် သို့သော်လည်း သင့်ကို ပြုသမျှ မခုခံ အံကြိတ် ခံရမည်ဟု ငါ မဆိုခဲ့ သင် သည် ကိုယ်ပိုင် အဆိပ် ရှိသော ကိုယ်ပိုင် အစွယ်ရှိသော မြွေတစ်ကောင် ဖြစ်မှန်းတော့ သူတို့ သိစေရမည်။ )

  နောက်တနေ့၌ ထုံးစံအတိုင်းပင် လောက်လေးခွ ခဲ ကျောက်တို့ဖြင့် ပစ်ပေါက် အနိုင်ကျင့်ရန် ခလေးတစ်သိုက် ရောက်လာကြပြန်သည်။

ဤအခါ၌ မြွေသည် တရွှီရွှီ မြည်တွန်ပြီး ပါးပြင်း ထောင်လိုက်သောအခါ သူတို့သည်လည်း ကြောက်လန့်တကြား ထွက်ပြေးကြလေတော့သည်။

ထိုနေ့မှစ၍ မြွေသည်လည်း အေးချမ်းသွားလေသည်။

Myanmaalinn

No comments:

Post a Comment