Saturday, February 1, 2014
သားသမီး ဇနီးမယားကိုပြုစုခြင်း
သားသမီး ဇနီးမယားကိုပြုစုခြင်း
••••••••••••••••••••••••••••••••
ပုတ္တဒါရဿ သင်္ဂဟော
မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တ ဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။ ။
 မင်္ဂလာတရားတော်နဲ့ ပတ်သက်ပြီးတော့ မင်္ဂလာတရားရဲ့ အဓိပ္ပာယ်က ကြီးပွားတယ်၊ တိုးတက်တယ် အောင်မြင် ချမ်းသာကြောင်း ကြီးပွားတိုးတက် အောင်မြင် ချမ်းသာကြောင်း အလုပ်မှန်သမျှဟာ မင်္ဂလာပဲလို့ မင်္ဂလာနဲ့ပတ်သက်ပြီး သဘောပေါက်ကြပါတယ်။
 တချို့တချို့သော ပုဂ္ဂိုလ်တွေဟာ နံနက်မိုးသောက် အလင်းရောက်ရင် မင်္ဂလာရှိချင်လိုက်တာ၊ အကြောင်းကြီါ်ငယ် ကြုံလာရင် မင်္ဂလာရှိချင်လိုက်ကြတာလို့ စိတ်ထဲမှာ ဖြစ်တတ်ကြပါတယ်။
 ဘုန်းတော်ကြီးသော မြတ်စွာဘုရားကတော့ မင်္ဂလာတရားနဲ့ ပတ်သက်ပြီး အချိန်မရွေး မင်္ဂလာရှိ စေချင်တယ်။ မနက်ရော၊ နေ့လယ်ရော၊ ညဥ့်ရော အချိန်မရွေးကို မင်္ဂလာရှိစေချင်တယ်။ အချိန်မရွေး ကြီးပွားတိုးတက်အောင်မြင် ချမ်းသာစေချင်တယ်။ ဒါကြောင့်မို့ အချိန်မရွေး မင်္ဂလာရှိဖို့ရာအတွက် မင်္ဂလာတရားတော်တွေကို သုံးဆယ့်ရှစ်မျိုးဟောပေးခဲ့ပါတယ်။
 အမေအဖေ မိဘကိုလုပ်ကျွေးတာ မင်္ဂလာရှိတယ်။ ကြီးပွားချမ်းသာ တိုးတက်အောင်မြင်တယ်။ ဟုတ်ပြီ၊ ကြီးပွားချမ်းသာတိုးတက် အောင်မြင်တယ်။ သားသမီးတွေက မိဘကို လုပ်ကျွေးလို့ပါပဲ။
 ဒါဖြင့် မိဘတွေဘက်ကရောဆိုတော့ မိဘတွေကလည်း သားသမီးတွေကို ပုတ္တဒါရဿ သင်္ဂဟော။ သားသမီးကို ချီးမြှောက်ရမယ်။ ဇနီးမယားကိုလည်း ချီးမြှောက်ရမယ်။ ခင်ပွန်းယောကျားကိုလည်း ချီးမြှောက်ရမယ်။ ဒီလိုဆိုရင် မပျက်မစီး ကြီးပွားပြီး မင်္ဂလာရှိပါတယ်။
 အမှန်က တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ မိဘဆိုတာ အမေဆိုတာ၊ မိဘဆိုတာ အဖေဆိုတာ သားသမီးတွေအပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခတရားတွေ တအားကြီးမားကြပါတယ်။ မေတ္တာရှိကြတယ်။ သားသမီးတွေအပေါ်မှာ ကရုဏာလည်း ရှိကြပါတယ်။ မုဒိတာလည်း ရှိကြပါတယ်။ ဥပေက္ခာလည်း ရှိကြပါတယ်။
 သနားစရာရှိရင် သနားတတ်တဲ့ ကရုဏာ၊ ၀မ်းသာစရာရှိရင် ၀မ်းသာတတ်တဲ့ မုဒိတာ၊ သနားရာကနေပြီးတော့ သနားရတဲ့ ဘ၀ကနေ လွတ်စေချင်တဲ့မေတ္တာ၊ ၀မ်းသာစရာ ဘ၀မျိုးကိုတစ်သက်လုံးတွေ့ချင် မြင်ချင်တဲ့မေတ္တာ၊ သြော် - သတ္တ၀ါတစ်ခု ကံတစ်ခုဆိုပြီး အနည်းဆုံး နှလုံးသွင်းတတ်တဲ့ ဥပေက္ခာ ဥာဏ်။ အဲဒိမေတ္တာ ကရုဏ မုဒိတာ ဥပေက္ခာတွေရှိတဲ့ မိဘတွေက သားသမီးတွေ အပေါ်မှာ ပြုစုစောင့်ရှောက်ရပါမယ်။
 ပုတ္တဒါရဿ သင်္ဂဟော - သားသမီးတွေအပေါ်မှာ စောင့်ရှောက်ရမယ်၊ ဒါတင်မကဘူး ခင်ပွန်းကလည်း ခင်ပွန်းယောကျား ၀တ္တရားအနေနဲ့ ဇနီးမယားကို စောင့်ရှောက်ရပါမယ်။ ဇနီးမယားကလည်း ဇနီးမယားတာဝန် ၀တ္တရားအနေနဲ့ ခင်ပွန်းယောကျားကို စောင့်ရှောက်ရပါမယ်။ ဒါတွေက မင်္ဂလာပါပဲ။
 ဒီမင်္ဂလာတွေက နံနက်မိုးသောက် အလင်းရောက်လို့ မင်္ဂလာရှိရမယ်ဆိုတာထက် အချိန်မရွေး မင်္ဂလာရှိရမယ့်တရားမျိုး၊ အချိန်မရွေးမင်္ဂလာရှိစေတဲ့ တရားမျိုးပါ။ သားသမီးတွေကလည်း မိဘကို ပြုစုလုပ်ကျွေးရတာ မင်္ဂလာလို့ပြောခဲ့ပြီးတော့ ဒီတစ်ခါမိဘတွေက သားသမီးတွေကို ခင်ပွန်းယောကျား၊ ဇနီးမယားတွေ အချင်းချင်းပြုစုစောင့်ရှောက်ရမယ်လို့ ပြောချင်ပါတယ်။ တကယ်ပြောတော့ မေတ္တာ ကရုဏာမုဒိတာ ဥပေက္ခာတွေက အမေ့မှာလညှ်းရှိတာပဲ။ အဖေ့မှာလည်း ရှိတာပဲ။ သားသမီးမှာလည်း ရှိတာပါပဲ။ မိဘမှာလည်း ရှိတာပဲ။
 ဒီစိတ်ဓာတ်ကောင်းတွေဟာ မိဘမှာတင် ရှိလို့မရတော့ဘူး။ မိသားတစ်စုဆိုတာ မိဘက သားသမီးအပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေ ထားနိုင်သလို သားသမီးတွေကလည်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေထားနိုင်မှ မိဘကိုပြုစုလို့ရပါတယ်။ မိသားစုတစ်စုဆိုတာက မေတ္တာဓာတ်တွေ စုဝေးပြီးတော့၊ ကရုဏာဓာတ်တွေ စုဝေးပြီးတော့၊ မုဒိတာဓာတ်တွေ စုဝေးပြီးတော့၊ ဥပေက္ခာဓာတ်တွေနဲ့ စုဝေးပြီးတော့ နေကြတာကို မိသားစုလို့ ခေါ်တာပါ။
 ခုခေတ် ခုအခါမှာ အရင်ခေတ်နဲ့ မတူတာက အရင်တုန်းက ကြီးပွားတယ်။ တိုးတက်တယ်။ အောင်မြင်တယ်။ ချမ်းသာတယ်ဆိုတဲ့ မင်္ဂလာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက် ချမ်းသာတာကို အခြေခံတယ်။
 အခုအခါ စိတ်ဓာတ်ပိုင်းဆိုင်ရာက ကြီးပွားတိုးတက် ချမ်းသာတာတွေကို မင်္ဂလာရှိတယ်လို့ သတ်မှတ်ရာကနေပြီးတော့ စိတ်ဓာတ်တွေတိုးတက်အောင်မြင် ကြီးပွားချမ်းသာရင် ရုပ်ပိုင်းဆိုင်ရာ ရုပ်ဓာတ်တွေလည်း ကြီးပွားချမ်းသာအောင်မြင် တိုးတက်ရှာမှာပါပဲ။ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကြီးပွားတိုးတက် ချမ်းသာတာအထိကို မင်္ဂလာရှိတယ်လို့ ဘုန်းတော်ကြီးမြတ်စွာဘုရားက ညွှန်းပါတယ်။ ခုခေတ် ခုအခါကျတော့ ရုပ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက် ချမ်းသာတာကိုပဲ မင်္ဂလာရှိတယ်။ ကောင်းတယ်။ ချမ်းသာတယ်လို့ ဒီလို ပြောလာကြတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မင်္ဂလာရှိမှုတွေ အားနည်းလာကြတယ်။
 ဒါကြောင့်မို့ သားသမီးတွေက အမေ အဖေကို ပြုစုတယ်ဆိုတာ အလွန်ရှားလာတယ်။ ဒီခေတ်ဒီအခါမှာ တချို့ဆိုရင် အို ဒီအမေ  ဒီ အဖေက မွေးထားတာပဲ ကျွေးပေါ့ဆိုတဲ့ စကားလုံးတွေအထိ ပြောလာကြတယ်။ ပစ္စည်းဥစ္စာချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်တော့ဘူး။ စိတ်ဓာတ်တွေ မင်္ဂလာနည်းလာကြတယ်။ မင်္ဂလာပျက်လာတယ်။ စိတ်ဓာတ်အင်အားတွေ ချမ်းသာမှု နည်းလာတယ်။ ဒါကြောင့်မို့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာဟာ လူတိုင်းပြည့်စုံဖို့ဆိုတာ တော်တော်ရှားလာပါတယ်။ အဓိက ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းကတော့ ကောင်းသထက် ကောင်းလာရင် မင်္ဂလာရှိပါတယ်။
 ပုတ္တ ဒါရဿ သင်္ဂဟော။ သားသမီးကို မိဘက ပြုစုစောင့်ရှောက်ရတာဟာ မင်္ဂလာပါပဲ။
 ဒီနေရာမှာ မိဘကိုသားသမီးက ပြုစုစောင့်ရှောက်တာက မင်္ဂလာ၊ သားသမီးကို မိဘကပြုစုစောင့်ရှောက်တာကလည်း မင်္ဂလာပါပဲ။ များသေားအားဖြင့် ပြောနေကြတာကတော့ စုန်ရေကို ပြောနေကြတယ်။ မိဘတွေကသာ သားသမီးတွေအပေါ် ပြုစုစောင့်ရှောက်တာ များပါတယ်။ သားသမီး ဆယ်ယောက်မွေးထားရင် မိဘနှစ်ယောက်က ကျွေးမွေးနိုင်တယ်။ သားသမီး ဆယ်ယောက်က မိဘနှစ်ယောက်၊ သို့မဟုတ် တယောက်ကို မကျွေးမွေးနိုင်ဘူးလို့ ပြောနေကြတယ်။ ဆန်ရောလို့ ပြောကြတယ်၊ ဖွင့်ဆိုကြတယ်။
  ဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့ မင်္ဂလာတရားတော်အရဆိုရင်တော့ သားသမီးကလည်း မိဘကိုပြုစုလုပ်ကျွေးမှာပဲ၊ မိကကလည်း သားသမီးကိုပြုစုစောင့်ရှောက်တာပါပဲ။ ဒါဟာ ၀တ္တရားပါပဲ။ စုန်ရေရော ဆန်ရေရော နှစ်မျိုးစလုံး မင်္ဂလာရှိပါတယ်။
 စုန်ရေဆိုတဲ့ စကားဟာ အသက်အရွယ်ကြီးပြီး၊ အတွေ့အကြုံများတဲ့ မိဘတွေကသာ သားသမီးတွေအပေါ်မှာ မေတ္တာထားနိုင်တယ်။ ဒီလိုသဘောကို စုန်ရေလို့သုံးကြတယ်။ မင်္ဂလာနဲ့ပတ်သက်ပြီး အဲ့ဒီလို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် တချို့မိဘတွေက သားသမီးတွေကို ပြည့်ပြည့်၀၀ မစောင့်ရှောက်ပေမဲ့ သားသမီးတွေက မိဘကိုပြန်ပြီး ပြည့်ပြည့်၀၀ စောင့်ရှောက်တာတွေ တစ်ပုံးကြီးပါပဲ။ အဲဒီလိုလည်း လောကမှာရှိပါတယ်။
 စုန်ရေနဲ့ ပတ်သက်ပြီး မိဘမေတ္တာတစ်ခုတည်းကိုသာ မသုံးလိုပါဘူး။ သုံးချင်တဲ့အဓိပ္ပာယ်က ကရုဏာနဲ့ သနားတာဟာ သနားတာသက်သက်ပဲ။ ကိုယ့်ကို ဘာပြန်ပေးပါစေဆိုတာ မပါဘူး။ အပေးပဲရှိတယ်။ အယူမရှိဘူးဆိုတာ ကရုဏာရဲ့ဓာတ်။ ၀မ်းသာစရာရှိရင် ၀မ်းသာလိုက်မှာပဲ။ ကိုယ့်ကျပြန်ပြီး မျက်နှာချို သွေးပါစေဆိုတာ မပါပါဘူး။ အဲ့ဒါမုဒိတာဓာတ်။ မေတ္တာဆိုတာ သေသေချာချာ ရှင်းပြစရာ မလိုလောက်အောင်ထိ ဒီလူတွေ သိကြပါတယ်။
 အခု တရားနာနေတဲ့ သူတော်ကောင်းတွေထဲမှာ မိဘနေရာ ၀င်စားတဲ့သူတွေလည်း ရှိမှာပါပဲ။ သားသမီးနေရာပါနေတဲ့သူတွေလည်း ရှိမှာပါပဲ။ ဘယ်သူက ဘယ်သူ့အပေါ် မေတ္တာာထားသလဲဆိုတော့ သားသမီးတွေ အားနည်းနေလို့မိဘတွေက ကရုဏာ မုဒိတာ မေတ္တာတွေ ထားရတာရှိသလို၊ မိဘတွေအဆင်မပြေလို့ သားသမီးတွေက မေတ္တာ ကရုဏာ မုဒိတာ ထားနေတာလည်း အများကြီးပါပဲ။
 တကယ့် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဒီစိတ်ဓာတ်ကောင်းတွေကို တကယ့်စုန်ရေလို့ပြောရင် အဆန်မရှိပါဘူး။ ကိုယ်ကသာပေးလိုက်မှာ ပြန်လာအောင် မျှော်ရိုးထုံးစံမရှိပါဘူး။ အဲဒိစိတ်ဓာတ်တွေကို မင်္ဂလာရှိတယ်လို့ ခေါ်ပါတယ်။
 လောကမှာ များသောအားဖြင့်က တစ်ဦးနဲ့တစ်ဦး အပေးအယူ သဘောနဲ့ ဆက်ဆံနေကြတယ်။ အသွားအပြန် ဆက်ဆံနေကြတယ်။ အဲဒီလို ဆက်ဆံမှုထဲမှာ မေတ္တာဓာတ်တွေ ဒီလိုဓာတ်ကောင်းတွေမပါဘူး။ အစုန်သက်သက်ပဲ။ အဲဒီတော့ မိဘကပိုပြီး သားသမီးပြုစုစောင့်ရှောက်တယ်၊ သားသမီးကပိုပြီး မိဘကိုပြုစုစောင့်ရှောက်တယ် အဲဒီလို မဟုတ်ပါဘူး။ လောကမှာ မေတ္တာသဘောတွေကို သေသေချာချာတွေ့ဖူး မြင်ဖူးနေကြတာပဲ။
 ကိုယ့်မိသားစုအချင်းချင်း ခင်ပွန်းယောကျားဇနီး မယားအချင်းချင်း မေတ္တာတွေ ထားလိုက်ကြစမ်းပါ။ ကရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေလည်း ထားလိုက်ကြစမ်းပါ။ သားသမီးတွေကို ကိုယ်က စောင့်ရှောက်ပါလျက်နဲ့ စောင့်ရှောက်မှုကို ခံနိုင်တဲ့သတ္တိ သူတို့မရှိလို့ စောင့်ရှောက်တာကို လက်မခံရင် ဥပေက္ခာထားရုံပေါ့။ သားသမီးတွေဖက်ကလည်း မိဘတွေကို ကျွေးမွေးပါတယ်။ စောင့်ရှောက်ပါတယ်။ တချို့မိဘတွေက လက်မခံဘူး။ သူလက်ခံနိုင်တဲ့ စွမ်းအားမရှိလို့ အကျိုးပေးကံ မပါလို့ရှိရင် နေလိုက်ပေါ့ ဥပေက္ခာ။ အဲ့ဒီလိုမျိုး ဥပက္ခာတရားလည်း လက်ကိုင်ထားရပါတယ်။ သားသမီးတွေကိုစောင့်ရှောက်ရမယ့်ဝတ္တရား မိဘတွေမှာ ရှိပါတယ်။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွင်သားတို့တာ။ သးသမီး ၀တ္တရားတွေလည်း ရှိပါတယ်။ မိဘ၀တ္တရားတွေလည်း ရှိပါတယ်။ နှစ်ဖက်စလုံးအတွက် ဘုရားက ဟောတော်မူပါတယ်။
 အဲဒီကျင့်ဝတ်တွေကို ဒီခေတ် ဒီအခါကျတော့ တချို့က ရယ်စရာကြီးတောင် ထင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာနဲ့ပတ်သက်ပြီး စိတ်မပွားနဲ့ပေါ့။ တစ်လောကလုံးလည်း မေတ္တာရှိရတယ်။ ဒေါသမပွားနဲ့ပေါ့။ နှစ်ဦးထဲမေတ္တာကို အားလုံးနားလည်သလို မိသားစုမေတ္တာကိုလည်း အားလုံးနားလည်နိုင်ကြပါတယ်။
 တလောကလုံးနဲ့ ပတ်သက်တဲ့ မေတ္တာကျတော့ ဘုရားအလောင်း သူတော်ကောင်းကြီးတွေထားတဲ့ မေတ္တာမျိုးတွေပါပဲ။ ဘုရားလောင်း မဟုတ်သော်မှ တကယ်မြင့်မြတ်တဲ့ သူတော်ကောင်းဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေထားတဲ့ မေတ္တာမျိုးပါ။ အဲဒီမေတ္တာမျိုးကို ကိုယ်က မွေးသွား၊ အားထုတ်သွားကျင့်သွား၊ နှလုံးသွင်းသွား၊ စိတ်ထဲမှာထားပြီးနေရင် ကိုယ်လည်း ကြီးပွားတိုးတက်တယ်၊ အောင်မြင်တယ်၊ မင်္ဂလာရှိပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေလည်း မင်္ဂလာ ရှိလာကြပါတယ်။
 မိဘက သားသမီးကို ဘယ်လိုပြုစုရမယ်လို့ ဒီလိုပြောစရာ မလိုလောက်တော့ပါဘူး။ သားသမီးတွေကလည်း မိဘကို ဘယ်လိုပြန်ပြီး ပြုစုစောင့်ရှောက်လို့ ပြောစရာမလိုလောက်တော့ပါဘူး။ မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာဓာတ်တွေ ရှိဖို့က အဓိကပါပဲ။
 အဲဒီမေတ္တာသည်ပင်လျှင် သမထ မေတ္တာမျိုးဖြစ်နိုင်သလို၊ ၀ိပဿနာကို ဖြစ်စေတဲ့ မေတ္တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကရုဏာလည်း ထို့အတူပါပဲ။ မုဒိတာလည်း ထို့အတူပါပဲ။ ဥပေက္ခာတရားတွေများ စိတ်ဓာတ်စွမ်းအားတွေများ မင်္ဂလာရှိလာပြီး ဆတက်ထမ်းပိုး တိုးတိုးလာရင် ကောင်းကျိုးချမ်းသာတွေ အများကြီး ရပါတယ်။
 တစ်ဦးပေါ်တစ်ဦး မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ရှိဖို့ဆိုတာဟာ ကိုယ့်စိတ်သန္တာန်မှာကို မေတ္တာ ရှိဖို့ဆိုတာဟာ ကိုယ့်စိတ်သန္တာန်မှာကို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဓာတ်တွေ သူတော်ကောင်းဓာတ်တွေ၊ မင်္ဂလာရှိတဲ့ စိတ်ဓာတ်တွေရှိအောင် ကြိုးစားမှ ဖြစ်ပါမယ်။ ကြိုးစားရင် မင်္ဂလာတွေ တိုးပွား တိုးတက်ကြီးပွား အောာင်မြင်ချမ်းသားပြီးတော့ မိမိတို့ ရည်မှန်းတဲ့အတိုင်းလောကီကောင်းကျိုး ချမ်းသာတွေရော၊ လောကုတ္တရာကောင်းကျိုး ချမ်းသာတွေရော ရရှိခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။             ။
ဓမ္မဒူတဆရာတော်(မှော်ဘီ) ၏ “မင်္ဂလသုတ္တန်တရားတော်အရ တရားအားထုတ်နည်း” စာအုပ်မှ ကူးယူဖော်ပြသည်။