ဧရာဝတီ အနောက်ဘက်ကမ်းက
တောင်တန်းအထက်မှာ
ချင်းလူမျိုးစုလေးတွေ အဓိက နေတယ်...
မျိုးနွယ်ကွဲ ၅၃ မျိုးပေမယ့်
ကိုယ့်တရား သူစောင့် သူ့တရားကိုယ်စောင့်
ငြိမ်းချမ်းစွာ အသက်မွေးကြတယ်.,
၁၉၂၇ မှာ
ချင်းတောင်တန်း ကြီး
တိုင်းတပါးကျွန်ဖြစ်ခဲ့ရတယ်
မွေးရာပါ စစ်ရေးပျူငှါနဲ့ နယ်ချဲ့ရန်ကာကွယ်တွန်းလှန်ခဲ့ကြ
သူ့ကျွန်ဘဝက ရုန်းထွက်ခဲ့ရ
ကျုပ်တို့ လေးမြားဓါးလှံ တိုင်းမှာသမိုင်းရှိတယ်
ခေတ်ဆိုးမှာ
ရန်ကုန်အစိုးရကို ကျုပ်တို့ကယ်ခဲ့တယ် လို့
ဘယ်ချင်းမှ လက်ခမောင်း ထမခတ်ဖူးဘူး
ပြည်ထောင်စု ဆိုတာကို ပြည်ထောင်စု လိုပဲ
ကျုပ်တို့ ချင်းတွေ ရိုးရိုးမြင်ခဲ့
သူတို့ နှစ်ကျပ်သုံးတယ် ငါးကျပ်သုံးတယ်
ငါ့ကိုကော တစ်ကျပ်ပေးပါ
ဘယ်ချင်းတစ်ယောက် လက်ဖြန့်ဖူးပါသလဲ ??
အမေ့လျော့ခံဘဝမှာ
ရိုးရိုးအအ
ဖာသိဖာသာနေတတ်ခဲ့ကြတယ်
ဘယ်သူ့ကိုမှ ကျုပ်တို့ချင်းတွေ မျှော်မကြည့်ဘူး
ဘယ်သူ့ကိုမှ ကျုပ်တို့ တရားခံရှာ အပြစ် မတင်ဘူး
ပါရာစစ်တမော ပါမီတွန်တောင် မသောက်ဖူးပဲ
သေဆုံးသွားကြတဲ့ ဘိုးဘေးညီအစ်ကို မောင်နှမတွေ....
မိုးမလုံ လေမလုံ ကျောင်းလေးတွေမှာ
စာဖတ်စာအံ တဲ့ ကျုပ်တို့ကောင်တွေ အတွက်
ကိုယ့်အမျိုးသား စာပေတောင် သင်ကြားခွင့်မရှိ မှတော့
တက္ကသိုလ်ကောလိပ် မလိုအပ်သလိုမျိုးလား
ချင်းပြည်နယ်မှာ တက္ကသိုလ်ကောလိပ် မရှိ ဘူး
လူတွေက ခေတ်နောက်အောက်ကျတွေမို့
ခေတ်မီဆေးရုံဆေးခန်းဆေးဝါး ထားဖို့ မထိုက်တန်တာများလား
လေတိုက်တိုင်း အသက်တွေကြွေတာ
မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်ကြရ ။
လမ်းပန်းဆက်သွယ်ရေးကောင်းမှုကြောင့်
ကုန်ဈေးနှုန်းတွေ ဈေးမြင့်မြင့်ရောက်တယ်
( လေပေါ်ပျံတဲ့ ယဉ်ကတော့
ကျုပ်တို့အတွက် မော့ကြည့်ရုံသက်သက် )
အဲ့ဒီလိုနဲ့
နောက်နှစ်မှသေမယ့် အသက်တွေ
ဒီနှစ်သေတယ်
ဒီနှစ်သေမယ့် အသက်တွေ ဒီမနက်သေတယ်....
ဒီအဖြစ်ဆိုးတွေက တောင်တန်းပေါ်က ပျိုရွယ်သူမှန်သမျှ ကို မောင်းထုတ်တယ်....
လူတစ်ချို့ ခေါင်းငုံ့ အံကြိတ်ပြီး ထွက်ခွါခဲ့ကြတယ်
ကျန်ခဲ့သူတချို့က မျက်ရည်တွေနဲ့ ပိုပိုစည်းလုံးလာကြတယ်....
ချင်း ဆိုတာကတည်းက
ဘယ်တော့မှ တောင်တန်းနဲ့ ကြာကြာ ခွဲလို့တော့ မရဘူး
ထွက်သွားသူတွေ တစ်နေ့ကျရင်
တောင်တန်းဆီကို
လမ်း တွေ ထမ်းပြန်လာကြ လိမ့်မယ်.....
ဆေးဝါးနည်းပညာတွေထမ်းပြန်လာကြလိမ့်မယ်
ပညာမီးရှူးမီးပန်းတွေ နဲ့ တောင်တန်းကို အလှဆင်လာကြလိမ့်မယ်.....
ချင်းအမျိုးသားနေ့ ဟာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပဲ
စိတ်လွတ်ကိုယ်လွတ် ဆင်နွှဲရပါတော့မယ်.....
ခုဆိုကြည့်ကြစမ်းပါ
ဒီစိတ်နဲ ကျုပ်တို့ချင်းတွေရဲ့ မျက်နှာ
ကြည်လင် ရွှင်မြနေတာကိုပေါ့ ။ ။
ဆလိုင်း လိဏ်းပိ ( မင်းတပ် )
LIKE I MYANMAR
SHARE✓ WE MYANMAR
#iLoveMyanmar #Myanmar
No comments:
Post a Comment