Wednesday, January 22, 2014

*ကျူးကျော်သူ သုံးနှစ်သား*


ကလေးလေးတစ်ယောက်
သွားလေးပေါ်အောင် ရယ်ပြလို့
အအေးဒဏ်တွေလာမယ်ဆိုတာ
သူမသိရှာဘူး။


သားရေ
ဓါတ်ပုံ ရိုက်မယ်
ကလစ်...
ပေကျံနေတဲ့
ကူရာကယ်ရာမဲ့
ဘဝတွေထင်ကုန်တယ်။

သားရေ ...
ဒီနိုင်ငံတော်ကြီးဟာ
သားအတွက် အိပ်စရာနေရာမရှိတော့ဘူးတဲ့
ဒီနိုင်ငံတော်ကြီးဟာ
သားအတွက် ကျောင်းတစ်ဆောင်မရှိတော့ဘူးတဲ့
သားမွေးခဲ့တဲ့
ဒီနိုင်ငံတော်ကြီးက
သားကို အသိအမှတ်မပြုဘူးတဲ့
နားထဲကို ငိုသံတွေ
မိုးလို လေလို ဝင်လာတယ်။

အကျီ င်္သစ်လေးပေးပါလို့ ပြောမိလို့လား
ကားအကောင်းစားကြီးနဲ့ ကျောင်းတက်ချင်တယ်လို့
မင်းပြောလိုက်မိလေလား
မင်း အသိုက်အမြုံကို
ဘာကြောင့် ဖျက်တယ်
သူတို့ပြောသလဲကွယ်။

ဂေါက်ကွင်းထဲက မြက်ပင်တွေလား
မင်းတို့ဘဝတွေ
ရန်သူမျိုးငါးပါးထဲမှာ
"မင်း"ဆိုတာကို ခိုးသူနဲ့အတူတူထားတာ
မင်းသိခဲ့ပြီပေါ့ သားရေ။

သားရေ
အိပ်စရာနေရာတောင်မပေးတဲ့
နိုင်ငံတော်အတွက်ဆိုသူတွေကု
မင်းမမေ့လေနဲ့..

သားရေ
မင်းရဲ့လူအဖြစ်ကို အသိအမှတ်မပြုတဲ့
နိုင်ငံတော်အတွက်ဆိုသူတွေကု
မင်းမမေ့လေနဲ့ ...

ကျူးကျော်တဲတဲ့
ကျူးကျော်နေသူတွေတဲ့
မင်းမမေ့လေနဲ့
ဘဝတွေ ကျူးကျော်ခံခဲ့ရတာကို...။

မောင်မြတ်သူ

(ရွှေလင်ဗန်းကျူးကျော်ရပ်ကွက် အဖျက်ခံခဲ့ရတဲ့မိသားစုတွေထဲက ကလေးငယ်ရဲ့ ပုံပါ။ သတင်းထောက် ကိုကြည်နိုင်ရဲ့ ဓါတ်ပုံပါ။ ဓါတ်ပုံအသုံးပြုခွင့်ပေးတဲ့အတွက် ကိုကြည်နိုင်ကို ကျေးဇူးအထူးတင်ပါတယ်)

No comments:

Post a Comment