Friday, November 29, 2013

လိပ်ပြာတွေပျံဝဲနေချိန်မှာ (၁)


ဝတ္တုကို ဖတ်ဖို့ အခက်အခဲရှိနေသူတွေအတွက် ရုပ်ရှင်ကားတကားရှိတယ်။ လက်တင်မင်းသမီး ဆယ်မာဟိုက် ပါဝင်ထားတဲ့ ကားလေးပါ။ ရုပ်ရှင်ဆိုတော့လည်း ဝတ္ထုကို မမှီဘူးပေါ့။
အဓိက ပြောချင်တဲ့ စကားတွေ ပျောက်ကုန်တယ်။ ခုလည်း ဖေ့ဘွတ်မှာ ဆိုတော့ ဇာတ်လမ်းတခုလုံးကို ချုပ်ပြီး စကားလုံးတွေကို အကျဉ်းချုပ်ပစ်လိုက်တယ်။ ဇာတ်လမ်းကို စလိုက်ကြရအောင်။


မင်နားဗား (သို့) လိပ်ပြာ (၁)

ဖေဖေ က ကျမတို့ကို အဝေးဆီက စာသင်ကျောင်းတကျောင်းဆီ ဘာလို့ ပို့ပစ်လိုက်တယ် ဆိုတာကို ကျမ ခုထက်ထိ သဘောမပေါက်ခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒီ အဖြစ်က ဘာနဲ့တူသလဲ သိလား။ မယ်တော်မာရီယာ က ဘုရားသခင် နဲ့ ချစ်ခြင်းမေတ္တာလွန်ကျူးခဲ့တယ်လို့ ကြေငြာခံခဲ့ရတဲ့ နတ်သမီးလေးတယောက် ဝမ်းသာပျော်ရွှင်စွာ သွားခွင့်ရဖို့အတွက် ရွေးချယ်ခံလိုက်သလိုမျိုး၊ ခရီးတခုကို အနှောင်အဖွဲ့ကင်းစွာ သွားခဲ့ရသလိုမျိုးပေါ့။ တကယ်တော့ ကျောင်းတက်ဖို့ ဇာတ်လမ်းက ကျမရဲ့ အမ ပက်ထရီရာ က စတင်ခဲ့တယ်။ သူက ခရစ်ယာန် သီလရှင် သိတ်ဖြစ်ချင်တယ်။ သူက ပူဇာနေခဲ့တော့ ကျန်တဲ့ ညီမတွေကလည်း သွားချင်နေကြတယ်။ ဖေဖေ က ပထမပိုင်းမှာ သူ့ရဲ့ အငယ်ဆုံး သမီးဖြစ်တဲ့ သူ့ ကို ပြောရှာပါတယ်။

" သမီးတို့သာ အဝေးကို ထွက်သွားကြမယ် ဆိုရင် ဖေ့ဖေ့ ရင်မှာ ဘာတွေ ကျန်ရစ်တော့မှာလဲ" တဲ့

ဒါပေမဲ့ မေမေက ဘာသာရေးလုပ်တာ ကောင်းပါတယ် လို့ နားချတော့ နောက်ဆုံးခွင့်ပြုလိုက်ရတယ်

ကျမတို့ ဘဝကို စတင် စဉ်းစားစေခဲ့တာ ဒီ စာသင်ကျောင်းတွေပဲလေ။
အဆောင်ကို ရောက်ကတည်းက ကျမ သတိထားနေမိတဲ့ ကောင်မလေးတယောက်ရှိတယ်။
သူ့ပုံစံက ပိန်ပိန်ပါးပါးလေးပဲ။
အဆောင်မှာ ကျောင်းလာအပ်ကတည်းပ ကျန်တဲ့ သူတွေ အားလုံးမှာ မိဘာတွေပါပေမဲ့ သူ့ကို ကြည့်ရတာ တယောက်တည်းပဲ။ နောက်မှ သူ့နာမည်ကို သိရတယ်။ ဇင်တီနာ တဲ့။ သူမ က အရာ အားလုံးကို ပျင်းရိ စိတ်ပျက်နေသလိုမျိုး။ ဒါပေမဲ့ ထရူဂျီလို ရဲ့ အမည် ကို ကြားရင် သူမ က ချက်ခြင်းပြောတယ်။

" အလကား ယုတ်မာနေတဲ့သူ၊ မကောင်းတာတွေ လုပ်နေသူ" တဲ့။

ကျမ အံ့သြခဲ့မိတာ အမှန်ပဲ။

တကယ်တော့ ဗိုလ်ချုပ် ထရူဂျီလို တယောက် ကျောင်းကို လာလည် ပြီ ဆိုရင် အားလုံးက ကျေးဇူးရှင် အဖြစ် သဲသဲ လှုပ် ကြိုဆိုနေကြတာ မို့လား။

ကျမက စိတ်ဝင်တစား မေးကြည့်မိတော့

" နင် မသိပါဘူးဟာ သူ့ အကြောင်းကို မကောင်းပြောမိရင် ငါတို့အားလုံး သေကုန်ကြတော့မယ်။ ဒါပေမဲ့ နင့်ကို တနေ့ကျရင် အဲ့ဒီ ထရူဂျီလို ရဲ့ လျှို့ဝှက်ချက်တွေအကြောင်းပြောပြမယ် "

ကျမ က လျှို့ဝှက်ချက်တွေ အားလုံးကို ပက်ထရီရာ က ပြောပြခဲ့ပြီးပြီ ထင်နေတာ။ နောက်ထပ် လျှို့ဝှက်ချက်တွေ တဲ့။ ကျမ သိချင်စိတ်တွေ များလာခဲ့တယ်။



အပိုင်း (၂)

ကျမ ပက်လက်လှန်လှဲလျောင်းနေမိတယ်။ အဖြူရောင် ခြင်ထောင်စ လေးကို ဦးတည်ရာမဲ့ ငေးကြည့်လို့။ ဘယ်သူတွေများ နိုးနေမလဲ လို့ စဉ်းစားနေမိတယ်။ ငိုသံတချက် သဲ့သဲ့လေးကြားရတယ်။
ဒါ ကြိတ်ငို နေတဲ့ အသံပဲလေ။
ကျမ ကုတင်ရဲ့ ဘေးမှာ ရှိနေသူက စင်တီနာ ဆိုတဲ့ ကောင်မလေး။
ကျမ ထသွားမိတယ်။
သူ့ရဲ့ ခြင်ထောင်ဇာ ခန်းစီးလေးကို မပြီး မေးကြည့်မိတယ်။
ဘာဖြစ်လို့လဲ
သူမ က နာမည်တလုံးရွတ်တယ်။

"အဲ့ဒါ ဂျိုးလူးဝစ်စ် " ပေါ့ တဲ့

အော် --- ဒါ နင့် အကိုမို့လား

သူ့မ အကိုက ပြီးခဲ့တဲ့ နွေရာသီတုံးက သေဆုံးသွားခဲ့တယ် လို့ ကြားခဲ့မိတယ်။

သူမက တသိမ့်သိမ့် လှုပ်ငိုနေတော့
ကျမ ငယ်ငယ်တုံးက ငိုတိုင်း ကျမ မေမေက ကျမရဲ့ ကျော ကို ပွတ်ပေးပြီး နှစ်သိမ့်ပေးနေသလိုမျိုး
သူမ ကို အားပေးနေမိတယ်။

သူမ က ပြောတယ်။
သူ့မ ဦးလေးတွေ အားလုံးကို ဗိုလ်ချုပ် ထရူဂျှီလို က သတ်ပစ်ခဲ့တာ တဲ့

ထရူဂျီလို ကို မကောင်းပြောသူ၊ အာခံသူအားလုံးကို ထရူဂျီလို က အပြတ်ရှင်းပစ်တယ် လို့ ပြောရှာတယ်။ သူပ ထရူဂျီလို အကြောင်း မရဲတရဲ ပြောတဲ့အခါ၊ ကျမ နားထဲမှာ ခရစ်တော်က ကလေးတယောက် ကို ပါးရိုက်နေတဲ့ မြင်ကွင်းကို ပြောပြနေသလို မျိုး ခံစားမိတော့ ဖြစ်နိုင်ပါ့မလဲဟယ် လို့ မယုံရဲရဲ မေးလိုက်မိတယ်။

သူမ က " နေအုံး။ သူ ဘယ်လို အာဏာရခဲ့သလဲ ဆိုတာ နင်သိလား " တဲ့

ကျမ သူ့နားကို ပိုကပ်သွားပြီး သိချင်စိတ်တွေ ပိုမိုလွှမ်းခြုံလာတယ်။

" ဒီလိုဟ သူက သိတ်ဥာဏ်များပြီး ကောက်ကျစ်လှည့်စားလွန်းတယ်။
သူ အာဏာရဖို့အတွက် သူ့အထက်က အကြီးအကဲတွေကို ဘယ်လို လုပ်ကြံရမလဲ ဆိုတာ အမြဲစဉ်းစားနေတဲ့သူ။ စစ်တပ်မှာ သူ့ကို ဒုတိယ စစ်ဦးချုပ်အဖြစ် စတင်နေရာ ပေးလာတာတာ အကြီးအကဲ ဗိုလ်ချုပ်ကြီးပေါ့။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းက လင်ရှိမိန်းမတယောက် နဲ့ ညှိစွန်းနေတယ်။
အဲ့ဒီ မိန်းမရဲ့ ယောင်္ကျားကလည်း သိတ်ဒေါသကြီးတယ်။ မနာလို ဝန်တိုဖြစ်လွန်းတယ်။

ထရူဂျီလို ဆိုတဲ့ သူက ဘာလုပ်လဲ သိလား။
အဲ့ဒီ မိန်းမရဲ့ ယောင်္ကျား ကို မိတ်ဆွေ ဖွဲ့တယ်။
တနေ့ သူ့သူငယ်ချင်း ဗိုလ်ချုပ်က သူနဲ့ ညှိစွန်းနေတဲ့ မိန်းမတယောက်အကြောင်း ချိန်းဆိုထားတဲ့ ညတည ကို ကြိုပြီး ပြောမိတယ်။

သူ့သူငယ်ချင်း ထရူဂျီလို ကို ယုံမိတော့ နေရာ ကိုပါ ပြောလိုက်မိတယ်။

ထရူဂျီလို ကဘာလုပ်သလဲ သိလား
အဲ့ဒီမိန်းမ ရဲ့ ယောင်္ကျားကို သွားပြောတယ်။
မင်းမိန်းမ နဲ့ ဖောက်ပြန်နေတဲ့ လူတယောက် ဘယ်နေရာမှာ ချိန်းတွေ့လိမ့်မယ် ဆိုတာ သိလား တဲ့။

အဲ့ဒီကောင်က သူ့မိန်းမ ဖောက်ပြန်နေတဲ့ နေရာကို လိုက်သွားပြီး သူ့မြင်ကွင်းရှေ့မှာ လက်ပူးလက်ကြပ်မြင်တွေ့နေတဲ့ အခါ စိတ်မထိန်းနိုင်တော့ဘူးလေ။
နှစ်ယောက်လုံးကို သေနတ် နဲ့ ပစ်သတ်ပစ်လိုက်တယ်။

သိတ်မကြာဘူး။
ထရူဂျီလို ဆိုတဲ့သူ စစ်ဦးစီးချုပ်ဖြစ်လာတော့တာပဲ။

ကျမ သူ့ရဲ့ ဇာတ်လမ်းအဆုံးမှာ ကောက်ချက်ချလိုက်မိတယ်။

" ငါ့ အထင်တော့ အဲ့ဒီ စစ်ဗိုလ်ချုပ်က ကိုယ်ကျင့်တရား မကောင်းလို့ အပြတ်ရှင်းပစ်လိုက်တာ နေမှာပါဟာ "

စင်နိတာ က သက်ပြင်းချပြီး ကျမ စကားကို တားလိုက်တယ်။

နေပါအုံး သူငယ်ချင်းရယ် ငါ့စကားကို ဆုံးအောင်နားထောင်ပြီးမှ ကောက်ချက်ချစေချင်တယ်။
ထရူဂျီလို က စစ်ဘက်မှာ အကြီးအကဲဖြစ်လာတော့ သမ္မတ ကို မကြိုက်တဲ့ သူတွေ နဲ့ မဟာမိတ်ဖွဲ့ပြီး ပုန်ကန်ဖို့ မြှောက်ပေးတယ်။ သမ္မတ နန်းတော်ကို အဲ့ဒီ လူတွေ ဝိုင်းဝန်းပိတ်ဆို့လိုက်ပြီး သမ္မတ ကို ရာထူးက နှုတ်ထွက်ခိုင်းတော့ သမ္မတ က အားကိုးတကြီး တဲ့ သူ့သူငယ်ချင်း စစ်ဦးစီးချုပ်ကို ဆင့်ခေါ်လိုက်တယ်။ ထရူဂျီလို က ပေါ်မလာဘူး။ နောက်ဆုံးတော့ နိုင်ငံရဲ့ သမ္မတ နှုတ်ထွက်လိုက်ရတယ်။ ပေါ်တူရီဂို နိုင်ငံ ဘက်ဆီကို ပြည်ပြေးအဖြစ် ထွက်ခွာသွားတဲ့ည၊ သမ္မတဟောင်းက လေယာဉ်ပေါ်မှာ ရောက်သွားနေတုံးရှိသေးတယ် ။ ထရူဂျီလို က သူက ဒိုမီနီကန်ရစ်ပတ်ပလစ် ရဲ့ သမ္မတ ဖြစ်တယ် လို့ ဟစ်ကြွေးတယ်

အဲ့သလို ကြေငြာချက်ကို သူ့ရဲ့ မဟာမိတ်တွေက အံ့သြသင့်မှင်သက်နေကြတယ်။

စင်နီတာ ရဲ့ စကားတွေကို စိတ်ဝင်တစား နားထောင်နေမိတယ်။
သူ့ရဲ့ လုပ်ရပ်တွေဟာ မရိုးသားဘူး လို့ သိနားလည်ကြသူတွေက ပြန်လည်ဖြုတ်ချဖို့ ဆွေးနွေးကြတယ်။
သူက လက်ဦးတယ် လေ
သူ့ကို မကောင်းပြောတဲ့သူတွေကို အကုန်သတ်ပစ်တယ်။
အဲ့ဒီအထဲမှာ ငါ့အဖေရယ်၊ ငါ့ဦးလေးနှစ်ယောက်ရယ် ပါသွားတာပေါ့။
သူ့ကို ဆန့်ကျင်တဲ့စကားတွေ မပြောရဲအောင်ထိ လုပ်လာတယ်
အဲ့ဒီ အထဲမှာ ငါ့အကို ဖြစ်တဲ့ ဂျိုးလူးဝစ်စ် ကို စောင့်ကြည့်နေခဲ့တယ်။

သူသွားလေရာတိုင်းမှာ မိန်းမတွေ နဲ့ မြှားတယ်။
မကောင်းမှုတွေအပေါ် တိမ်းညွှတ်လာအောင် ဆွဲဆောင်တယ်။
ဒါပေမဲ့ ကောလဟာလ တွေ က မြို့ထဲမှာ ပြန့်နေတယ် ဟ။
ငါ့ အကိုက အဖေ နဲ့ ဦးလေးတွေ အတွက် လက်စားချေမယ် လို့ ပြောနေတယ် တဲ့
ဒါကြောင့်လည်း ငါ့အကို ကို ရှင်းပစ်ရမယ် လို့ ဆုံးဖြတ်လိုက်ပုံရတယ်။
တနေ့-- ငါ့အကို တယောက် မြို့ထဲမှာ လပ်ကီးမဲ နှိုက်ဖို့အတွက် မဲသွားဝယ်ခဲ့တယ်။
လပ်ကီးမဲ ဆွဲနိုက်လိုက်စဉ်မှာပဲ
သူ့လက်ဖဝါးပေါ်မှာ ငွေရောင်တချို့ လက်သွားတာကို တွေ့လိုက်ရတယ်။
မကြာဘူး။ ငါ့အကိုတယောက် ဆူးဆူးဝါးဝါးးအော်ဟစ်ရင်း ခန္ခာကိုယ်တခုလုံး တွန့်လိမ်သွားပြီး ပါးစပ်တွေက အမြှုပ်တွေထွက်လာတယ်။

လမ်းမပေါ်မှာ ပွဲချင်းပြီး သေတော့တာပဲ။ အဆိပ်နဲ့ လုပ်ကြံပြီး ကျူပင်ခုတ်ကျူငုတ်မကြံ လုပ်ပစ်လိုက်တာပေါ့။

ကျမ ဘာပြောရမှန်းမသိအောင် ငြိမ်သက်သွားတယ်။
ဘုရားသခင် နီးပါး ကျမတို့ ကိုးကွယ်ခဲ့တဲ့ နိုင်ငံတော်ရဲ့ အကြီးအကဲ ထရူဂျီလို ဆိုတာ ဒီလို မျိုးလား

No comments:

Post a Comment