ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း
ရေးသားသူ- အောင်သူရ
ဦးသိန်းစိန်အစိုးရ တာဝန်ယူလာခဲ့သည်မှာ သုံးနှစ်နီးပါးရှိလာခဲ့ပါပြီ။
အချိန်ကြာမြင့်လာသည်နှင့်အမျှ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုများမှာလည်း
ခပ်စိပ်စိပ်ကြားလာရသည်။ အထူးသဖြင့် သမ္မတ၏ရည်မှန်း ချက်များ အောင်မြင်ရန်
အဓိကအကောင်အထည်ဖော်ပေးနေသော သမ္မတရုံးဝန်ကြီး
ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့အပေါ် ဝေဖန်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မကြာခဏ ဆိုသလို မီဒီယာများတွင် တွေ့လာရသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်
ငြိမ်းချမ်းရေးရရှိရန် ဦးဆောင်လုပ် ကိုင်နေသော ဦးအောင်မင်းကိုတွေ့ဆုံ၍
၎င်းနှင့်အစိုးရအဖွဲ့အပေါ် ဝေဖန်နေမှုများနှင့်ပတ်သက် ၍ နိုဝင်ဘာ ၂၄ ရက်က
တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
မေး-
ဒီရက်ပိုင်းထဲမှာ ပြည်ပကနေ မြန်မာနိုင်ငံကို ပထမဆုံးပြန်လာတဲ့
ဦးပီတာလင်းပင်ကို ၀န်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းက ငွေတွေ၊ အိမ်တွေ၊
ကားတွေပေးမယ်လို့ ကမ်းလှမ်းတယ်လို့ ပြောဆိုတဲ့အပေါ်မှာ ၀န်ကြီးအနေနဲ့
ဘာများပြောချင်ပါသလဲ။
ဖြေ- ကျွန်တော် အဲဒီကိစ္စမပြောခင်မှာ
ကျွန်တော်လုပ်တဲ့ကိစ္စလေး ပြောချင်ပါတယ်။ အစိုးရသစ်တက်လာတော့ ၂၀၁၁ ခုနှစ်
မတ်လ ၃၁ ရက်မှာ သမ္မတကြီးက အခြေပြမိန့်ခွန်းပြောပါတယ်။ အဲဒီ
အခြေပြမိန့်ခွန်းထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက်
ပြည်တွင်းပြည်ပက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး ဆောင်ရွက်ကြဖို့ သမ္မတကြီးကဖိတ်ခေါ်ခဲ့တယ်။
အဲဒီ ဖိတ်ခေါ်တဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဦးဆုံးစ၀င်လာတာတော့
ဦးပီတာလင်းပင် ဖြစ်ပါတယ်။ ဦးပီတာလင်းပင်ဟာ ဦးစိန်ဝင်း (NCGUB)ရဲ့
အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ သူပြန်ဝင်လာတဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့
တွေ့ဖို့လိုအပ်ပါတယ်။ ကျွန်တော် သူ့ကိုတွေ့ခဲ့တယ်။ တွေ့တဲ့အခါမှာ
မြန်မာနိုင်ငံမှာ ဘယ်လိုအပိုင်းတွေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။
ဘယ်အပိုင်းတွေ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။
သူက အခွင့်အရေးတွေတောင်းတာ ရှိတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာရှိတယ်။
အခုခေတ်ပြောင်းသွားပြီ။ အားလုံးက တန်းတူညီမျှပဲ။ ဘယ်သူမှ
အခွင့်ရေးပိုယူလို့မရဘူး။ အများတန်းတူပဲဖြစ်တယ်။ ဒါကြောင့်
ကျွန်တော့်အနေနဲ့ ဘာမှပေးလို့မရပါဘူးလို့ ပြောခဲ့တယ်။ သူတို့ပြောသလိုပဲ
ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို
ဒီအတိုင်းပဲပြောခဲ့တယ်။
မေး- ၀န်ကြီးပြောသွားတဲ့အထဲမှာ သူက ၀န်ကြီးဆီမှာ အခွင့်အရေးတောင်းတာရှိတယ်ဆိုတော့ ဘာအခွင့်အရေးတွေတောင်းခဲ့လဲ။
ဖြေ- သူကတော့ဗျာ ဒီနိုင်ငံကထွက်သွားတယ်ဆိုရင် ဥပမာ သူ့ပင်စင်လစာကို
ပြန်ခံစားခွင့်၊ ဒါလေးကို ပြောတာရှိတယ်။ နောက် မေမြို့မှာ
သူထွက်သွားတဲ့အခါကျတော့ အိမ်ဂရန်မြေကွက် ပျောက်သွားတယ်။ ဒါလေးကို
သူဂရန်မြေကွက် ပြန်လျှောက်တယ်။ ဒါတွေက သာမန်လူလုပ်လို့ရတဲ့ကိစ္စတွေပဲ။
သူ့ရဲ့ရပိုင်ခွင့်ဖြစ်တယ်။ ကျွန်တော်တို့ကလည်း ဘာပဲဖြစ်ဖြစ် ပြည်ပက
ပြန်လာတဲ့လူတစ်ယောက်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောပေးတာတို့
လုပ်ပေးတာတို့ ဒါလောက်ပဲရှိတယ်။ ဒါလေးတော့ လုပ်ပေးခဲ့ပါတယ်။
မေး- ၀န်ကြီးက MPC (မြန်မာ့ငြိမ်းချမ်းရေးနှင့်
ပြန်လည်ထူထောင်ရေးဗဟိုဌာန)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ အခုနောက်ပိုင်း MPC
နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ တော်တော်လေးကြားလာရတယ်။ ၀န်ထမ်းလစာအပါအ၀င်
အကူအညီအထောက်အပံ့တွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ဒါကြောင့်
ဝန်ကြီးတို့အနေနဲ့ MPC ကို ဒီထက်ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လိုများလုပ်ဆောင်သွားဖို့ရှိပါသလဲ။
ဖြေ- ကျွန်တော်တို့ MPC ကို အခုလောလောဆယ် ၀ိုင်းကူလုပ်ပေးနေတာ အီးယူ
(ဥရောပသမဂ္ဂ)တို့၊ ဂျပန်တို့က ၀ိုင်းလုပ်ပေးနေတာရှိတယ်။ ကျွန်တော်တို့က
အစကတည်းက MPC မှာ ကျွန်တော်တို့ရဲ့မူဝါဒအရ ပိုက်ဆံ
ကျွန်တော်တို့မကိုင်ပါဘူးလို့ ပြောထားပြီးသားရှိတယ်။ အလှူရှင်တွေက
ယူလာတဲ့ပိုက်ဆံကို တကယ်လိုအပ်တဲ့နေရာ၊ တကယ်လိုအပ်တဲ့
တိုင်းရင်းသားတွေဆီရောက်အောင် ကူညီလုပ်ဆောင်ပေးမယ်ဆိုတာကိုပဲ
အစဉ်တစိုက်ပြောခဲ့ပါတယ်။ အခုလည်း MPC က အဖွဲ့တွေကို လစာပေးတယ်ဆိုတာ
အီးယူကနေ တိုက်ရိုက်ပေးတာဖြစ်ပါတယ်။ နိုင်ငံတကာအလေ့အကျင့်အရ
ဘယ်လောက်ပေးတယ်ဆိုတာ ပြောခွင့်လည်းမရှိပါဘူး။ မေးခွင့်လည်းမရှိပါဘူး။ MPC
မှာ ဆွေးနွေးတဲ့အခါမှာ သူတို့ ကူညီပေးမယ်၊ ပညာရှင်တွေပေးမယ်ဆိုပြီးတော့
နိုင်ငံခြားပညာရှင်တွေပေါ့။ နိုင်ငံခြားသားပညာရှင်တွေ အတင်းတွန်းထည့်တယ်။
တွန်းထည့်တဲ့အခါကျတော့ ကျွန်တော်က နိုင်ငံခြားပညာရှင်တွေ လက်မခံဘူး။
ကျွန်တော့်ဆီက တိုင်းရင်းသားပညာရှင်တွေပဲပေးပါဆိုပြီးတော့
တောင်းခဲ့တာ။ ဒီလူတွေအားလုံးကလည်း သူတို့ငှားပြီး ထည့်ပေးတာဖြစ်တဲ့အတွက်
ကျွန်တော်အနေနဲ့ နာမည်ပဲပေးပိုင်ခွင့်ရှိပါတယ်။ ဘယ်လောက်ပေးပါလို့လဲ
ပြောခွင့်မရှိဘူး။ ကျွန်တော့်လက်ထဲကို ပိုက်ဆံရောက်လာပြီး ကျွန်တော့်လက်ထဲက
သွားတယ်ဆိုရင် ကျွန်တော်ရှင်းပြလို့ရပါတယ်။
မေး- အခုရက်ပိုင်းမှာ ဦးမင်းဇင်ကို လစာဒေါ်လာသိန်းချီပေးပြီး ခေါ်တယ်လို့ ကောလာဟလတွေ ထွက်လာတယ်။
ဖြေ- ဦးမင်းဇင်ရဲ့စာတွေကို ကျွန်တော် တော်တော်သဘောကျပါတယ်။
သဘောကျတဲ့အခါကျတော့ သူ့စာတွေကို ကျွန်တော် အလွတ်ကျက်မှတ်ပါတယ်။
ဒေါ်လာငါးသိန်းပေးပြီးခေါ်ရင်တောင်မှ သူမလာပါဘူးလို့ပြောတာဟာ ဥပမာပေးပြီး တင်စားပြီးပြောတဲ့စကားဖြစ်ပါတယ်။
UMFCCI မှာလုပ်တဲ့ အစည်းအဝေးမှာ သူပြောခဲ့တာပါ။
ဥပမာအနေနဲ့ပြောခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ပညာရှင်တွေကို အရမ်းလေးစားတယ်။
အရမ်းတန်ဖိုးထားတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်။
အသွင်ကူးပြောင်းရေးကာလဖြစ်တယ်။ အသွင်ကူးပြောင်းရေးကာလမှာ ပညာရှင်တွေရဲ့
အားအများကြီးလိုပါတယ်။ မြန်မာနိုင်ငံကို ပြန်လာကြပါ၊
ဝိုင်းလုပ်ပေးကြပါဆိုတဲ့ စကားကိုတော့ ပြောဖူးတယ်။ ဒီထက်ပိုပြီး
ဘာမှမပြောဘူး။
မေး- နိုင်ငံခြားရောက်နေတဲ့မြန်မာတွေ
ပြန်လာပါလို့ခေါ်ပေမယ့် ဒီမှာ ဘာအခက်အခဲဖြစ်နေလဲဆိုတော့
မှတ်ပုံတင်လုပ်တဲ့အခါမှာ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အစိုးရအနေနဲ့ ၂၀၁၅
မတိုင်ခင် ဒီလူတွေကို ငြိမ်အောင်ထိန်းထားတဲ့သဘောလား။
ဖြေ-
ကျွန်တော်သိသလောက်တော့ နိုင်ငံတော်အကြီးအကဲကနေ
ဥပဒေနဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးပါလို့ မှတ်ချက်ပြုထားပါတယ်။
လုပ်ထုံးလုပ်နည်းနဲ့အညီဆိုတော့ ဘယ်သူလာလာ လက်ခံတယ်။ ပြီးရင်
မှတ်ပုံတင်ရုံးကနေ မှတ်ပုံတင်ထုတ်ပေးရတာပေါ့။
မှတ်ပုံတင်ပြန်လျှောက်တဲ့အခါမှာ
Green Card ကိုင်ထားတဲ့လူကျတော့ နှစ်ခုကိုင်ထားရင် မတရားဘူးပေါ့။ Green
Card ကို ဟိုနိုင်ငံမှာ ပြန်အပ်ခဲ့ရမယ်။ အပ်တဲ့သက်သေခံအထောက်အထား
ယူခဲ့ရမယ်။ ယူပြီးမှ ဒီမှာထုတ်မယ်ဆိုရင် လုပ်ပေးရတာ လွယ်လွယ်လေးပဲ။
အဲဒီလိုစာရင်းတွေ ဘာတွေရှင်းတဲ့အပိုင်းမှာ အခက်အခဲရှိနိုင်တယ်။ နောက်တစ်ခု
မှတ်ပုံတင်လုပ်ဆိုရင် သန်းခေါင်စာရင်းတောင်းတယ်။
သန်းခေါင်စာရင်းမပြနိုင်ဘူး။ သန်းခေါင်စာရင်းတစ်ခုလုပ်ပါ။ ပြီးရင်
မှတ်ပုံတင်လုပ်ပါ။ ဒီအဆင့်တွေကြောင့် ကြာတာဖြစ်တယ်။ လူကြီးက
ခွင့်ပြုထားပြီးသားဖြစ်တဲ့အတွက် မူဝါဒကျပြီးသားဖြစ်တဲ့အတွက် အခက်အခဲမရှိပါဘူး။
မေး- နိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ၂၀၁၅ မှာ သမ္မတကြီးကနားချင်တယ်။ ဒါပေမဲ့ MPC အနေနဲ့ ဆက်လုပ်ဖို့တိုက်တွန်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။
ဖြေ- ဒီအပိုင်းမှာ ကျွန်တော်က ဘာကိုအဓိကထားစဉ်းစားသလဲဆိုတော့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်ဖို့ အဓိကထားစဉ်းစားတယ်။
နိုင်ငံရေးတည်ငြိမ်ပြီးခါမှ ၂၀၁၅ ခုနှစ်ကို ကူးပြောင်းတဲ့အခါမှာ
ညင်သာစွာကူးပြောင်းနိုင်တဲ့အတွက်
၂၀၁၅ နောက်ပိုင်းမှာ တိုင်းပြည်ကြီးက တည်ငြိမ်အေးချမ်းမယ်။ ဒီလို
အဆင့်လိုက် အဆင့်လိုက် စဉ်းစားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့
ပြည်သူလူထုဟာ ပုဂ္ဂိုလ်ရေးသံယောဇဉ်သိပ်ထားတယ်။ ဒီပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ကာမှ ဒီလို နိုင်ငံရေးကို တွက်ဆကြတာဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်မရှိရင် နိုင်ငံရေးတည်ငြိမ်မှာမဟုတ်ဘူး။ ဒီပုဂ္ဂိုလ်ရှိမှ နိုင်ငံရေးတည်ငြိမ်မယ်ဆိုတဲ့ကိစ္စမျိုး
အများကြီးမူတည်တယ်။ အဲဒါကြောင့် ကျွန်တော်က သမ္မတကြီးကို တင်ပြတာပေါ့ဗျာ။
တိုက်တွန်းတာမဟုတ်ပါဘူး။ သမ္မတကြီးလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ
ဒီစကားကိုမပြောသင့်ပါဘူး။ ပြည်သူလူထုက သမ္မတကြီးကို မျှော်လင့်တယ်၊
အားကိုးတယ်၊ ယုံကြည်တယ်။ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို မပျက်စီးရအောင်
ဒီစကားတော့မပြောပါနဲ့လို့ တင်ပြတာရှိပါတယ်။ သမ္မတကြီး ၂၀၁၅ မှာ ဆက်လုပ်၊
မလုပ်ဆိုတဲ့ စကားမျိုးပေါ့။
မေး- အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်လို့ ပြောပေမယ့် တကယ်အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပိုင်းမှာ ဘာမှမပြောဘူးလို့ ဝေဖန်တာတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အခုနောက်ပိုင်း ဒါကိုခပ်စိပ်စိပ်ပြောလာတာ ကြားရတယ်။ ဒီပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ဒီကိစ္စကိုမပြောဘူး၊ ဒီကိစ္စကို
အာရုံမစိုက်ဘူးလို့ပြောတယ်။ တကယ်တော့ သူက လွဲမှားနေတာပါ။ အဲဒီကိစ္စတွေမှာ
ကျွန်တော်တို့ဆီက ၀န်ကြီးဦးအောင်ကြည် ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့
ဖွဲ့ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်သုံးသပ်တာကို
လုပ်နေပါတယ်။ ဒီအဖွဲ့ကလည်း လွှတ်တော်နဲ့လည်း သွားတိုင်ပင်ပါတယ်။
ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့လည်း တိုင်ပင်ပါတယ်။ တိုင်ပင်ပြီး ဆက်လုပ်ဖို့ရှိပါတယ်။
မေး- ဒီရက်ပိုင်းထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
စာထုတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ သမ္မတရယ်၊ လွှတ်တော်ရယ်၊
ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံချင်ပါတယ်။ အဲဒီကိစ္စရော
ဖြစ်နိုင်ခြေရှိပါသလား။
ဖြေ- ကျွန်တော်ကတော့ သမ္မတရဲ့တပည့်၊
သမ္မတကိုလုပ်ပေးနေတဲ့လူဖြစ်တယ်။ သမ္မတအတွက်တော့ ကျွန်တော်ပြောမယ်။ သမ္မတကတော့
တွေ့မှာပဲ။ သို့သော် လွှတ်တော်အပိုင်းတော့ ကျွန်တော် မသိဘူး။ သမ္မတကတော့
လက်ခံမယ်လို့ ယူဆတယ်။
မေး- ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးပါရစေ။ တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာရော ဖြစ်နိုင်ခြေရှိပါသလား။
ဖြေ- ဖက်ဒရယ်တပ်မတော်ဆိုတာ အဓိပ္ပာယ်မဖွင့်ရသေးဘူး။
အဓိပ္ပာယ်မဖွင့်ရသေးဘဲနဲ့ ပြောတဲ့အခါကျတော့ တပ်မတော်ပိုင်းကလည်း
လုံခြုံရေးကို အဓိကထားတဲ့အတွက် ဒါကိုစိုးရိမ်တယ်။ ဟိုတစ်နေ့က ချင်းမိုင်မှာ
ဦးဇော်အေးမောင် အင်တာဗျူးမှာပြောသွားတဲ့ စကားလေးကို ကြားလိုက်ရတော့
တော်တော်ဝမ်းသာသွားတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ အရင်တုန်းက
ဗမာ့တပ်မတော်မှာရှိတဲ့ တိုင်းရင်းသားတပ်ရင်းတွေရှိတယ်။
ကချင် (၁)၊ ကချင် (၂)၊ ကချင် (၃)၊ ချင်း (၁)၊ ချင်း (၂)၊ ကယား (၁)
ဒီလိုတပ်ရင်းတွေကို ပြောတာပါဆိုတော့ အရင်တုန်းကလည်းရှိခဲ့ပြီသား။
ဒါဘာမှလည်း ခက်တာမဟုတ်ပါဘူး။ ဒါဖက်ဒရယ်တပ်မတော်ပဲလေ။ တစ်ယောက်နဲ့တစ်ယောက်
အဓိပ္ပာယ်မဖွင့်ဘဲနဲ့ ကြောက်နေကြတာ။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ကားပါမစ်တွေပေးခဲ့တာရှိတယ်။ ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တာလဲ။
ဖြေ- ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးတစ်ဖွဲ့ချင်းနဲ့
ဆောင်ရွက်ပြီးတဲ့အခါမှာ အဖွဲ့တချို့အနေနဲ့ ဥပဒေနဲ့အညီ
နေထိုင်လိုတယ်ဆိုပြီး အပစ်အခတ်ရပ်စဲပြီး ဖြစ်တဲ့အတွက်
အုပ်ချုပ်ရေးအဖွဲ့တွေသုံးနေတဲ့ ကားတွေကို ဥပဒေနဲ့အညီ
လိုင်စင်ဆောင်ရွက်ပေးဖို့ သူတို့တွေဘက်က တင်ပြလာတာရှိတယ်။ တင်ပြလာတော့
သက်ဆိုင်ရာအကြီးအကဲတွေဆီ တင်ပြပြီးတော့ သူတို့လက်ဝယ်မှာရှိတဲ့ ကားတွေကို
ဥပဒေနဲ့အညီ မှတ်ပုံတင်ဆောင်ရွက်ပေးတာ။ စီးပွားကူးသန်းက ပါမစ်နဲ့ပေးသွင်းတာ
မဟုတ်ဘူး။ သူတို့လက်ဝယ်မှာရှိတဲ့ ကားကိုပေးတာ။ ခေါင်းဆောင်ပိုင်းတွေစီးတဲ့
ကားအချို့ကိုတော့ အခွန်ကင်းလွတ်ခွင့်ပေးခဲ့တယ်။
ယုံကြည်မှုတည်ဆောက်ဖို့အတွက်နဲ့ သူတို့လည်း အလုပ်လုပ်နိုင်ဖို့အတွက်
ရည်ရွယ်ချက်နဲ့ပေးတာဖြစ်တယ်။ တခြား ဘာရည်ရွယ်ချက်မှမရှိဘူး။
မေး- ကျွန်တော်ကတော့ မေးလို့ပြီးပါပြီ။ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ- ကျွန်တော် ရိုးရိုးသားသားပြောမယ်ဆိုရင် တစ်ခါမှမရသေးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရအောင်
ကျွန်တော်ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော့်ရဲ့
စိတ်ရင်းသဘောရင်းနဲ့ ဘာအကျိုးအမြတ်မှမကြည့်ဘဲနဲ့ ကောက်ကျစ်စဉ်းလဲတဲ့
အကြံဉာဏ်တွေမပါဘဲနဲ့ ကျွန်တော် ဆောင်ရွက်နေတာဖြစ်တယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော့်ကို တိုက်ခိုက်လာရင် ကျွန်တော့်အနေနဲ့
ရှေ့သွားဖို့အတွက် အားတွေလျော့လာတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော့်ကို
ဒီအလုပ်မှာ ဆက်လုပ်စေချင်တယ်ဆိုရင် ကျွန်တော့်ကို မတိုက်ခိုက်စေချင်ဘူ။
ကျွန်တော် မှားတာလုပ်ရင်ပြောပါ။ ဒီလို နိုင်ငံရေးတိုက်ခိုက်တာကျတော့
မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေကြားမှာ
ယုံကြည်မှုတည်ဆောက်ပြီး လုပ်ရတဲ့ကိစ္စပါ။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေက
သို့လောသို့လော ဖြစ်တတ်တယ်။ အဲဒီဟာတွေက ထာဝရငြိမ်းချမ်းရေး
တည်ဆောက်တဲ့အခါမှာ အနှောင့်အယှက်တွေ ဖြစ်လာတတ်တယ်။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment