Sunday, November 24, 2013

"ရင်းလေ.. ချာလေ.." ဆိုတဲ့ အရင်းအချာတွေနဲ့ကြီးစိုးနေတဲ့တိုင်းပြည်။




  • မောင်ထွန်းလွင်(မိုးလေ၀သ)
    ၂၄-၁၁-၂၀၁၃ ရက်။

    သမိုင်းဆိုတာ တန်ဖိုးကြီးလှတာကို ဒီကနေ့ခေတ်ကာလမှာ ပိုပိုသိလာကြရတယ်။ ဘာပြုလို့လည်းဆိုတော့ သမိုင်းမ၀င်နိုင်တဲ့သူတွေက သမိုင်းဝင်နှိုင်တဲ့သူတွေရဲ့ သမိုင်းတွေကို ဖျက်ဆီးလာကြတောတွေတွေ့လာကြရလို့ပါဘဲ။
    မြန်မာနိုင်ငံသမိုင်းပညာရှင်တွေထဲမှာတော့ သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းဟာ သမိုင်းအတွင်ဆုံးပါဘဲ။
    သမိုင်းဆရာကြီးရဲ့ သမိုင်းတွင်ခဲ့တဲ့ အဆိုအမိန့်စကားတွေထဲမှာ ကျွန်တော်ကြားဖူးတာလေး အချို့ရှိပါတယ်။



    ပထမတစ်ခုကတော့ လူသိများပါတယ်။ သမိုင်းကို ဘာပြုလို့ သင်ကြရတာလည်းလို့ ဆရာကြီးကိုမေးတော့ ဆရာကြီးက တိုတိုတုတ်တုတ် ထိထိမိမိနဲ့ သမိုင်းဝင်အောင်ဖြေသွားခဲ့ပါတယ်။ "မအ..အာင်လို့" တဲ့။

    နောက်ကြားဖူးတာ တစ်ခုကတော့ တစ်ခါက ဆရာကြိးဆီကို ဆရာကြီးရဲ့ တက္ကသိုလ်တုံးကတပည့်တွေက လာရောက်ကန်တော့ကြသတဲ့။ အဲဒီမှာ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာကြီးရဲ့တပည့်တစ်ဦးက ဆရာကြီးကို "ဆရာကြီးခင်ဗျား။ အခု တက္ကသိုလ် ပညာရေးစံနစ်တွေ တိုးတက်လာပါပြီ။ အခုဆိုရင် တက္ကသိုလ်တွေမှာ မြန်မာပြည်မှာဘဲ ပါရဂူဘွဲ့တွေ ပေးနှိုင်လာပါပြီ" လို့ ပြောသတဲ့ဗျ။ ဒီတော့ ဆရာကြီးက " အေးကွာ... ကောင်းပါတယ်။ မင်းတို့ခေတ်ကတော့ ပဲခူးမှာ ရေကြီးသလိုဖြစ်နေပြီပေါ့ကွာ" လို့အမိန့်ရှိပါသတဲ့။ ဒီတော့ တပည့် တက္ကသိုလ် ပါမောက္ခက "ဆရာကြီး ပဲခူးမှာရေကြီးတော့ ဘာဖြစ်လို့ပါလည်းခင်ဗျ " လို့ အဓိပ္ပါယ်မရှင်းလို့ ပြန်မေးသတဲ့။ ဟုတ်ကဲ့ ခင်ဗျ။ ဒီတော့ ဆရာကြီးက သမိုင်းဝင် စကားတစ်ခွန်းကို အမိန့်ရှိသွားခဲ့ပြန်ပါတယ်။
    " ပဲခူးမှာရေကြီးတော့ ခွေးတွေအိမ်ခေါင်မိုးတွေပေါ်ရောက်ကုန်ကြတာပေါ့ကွာ" ပါတဲ့ဗျာ။

    အခုတလောလေးကဘဲ ရေစကြိုကို စာပေဟောပြောပွဲသွားကြရင်း ဆရာနေ၀င်းမြင့်က ဆရာကြီးဒေါက်တာသန်းထွန်းပြောသွားဘူးတဲ့ သမိုင်းဝင်စကားတစ်ခွန်း အကြောင်းပြောပြ သွားခဲ့ပြန်ပါတယ်။ ဒါကတော့ တစ်ခါက ဆရာကြီးရဲ့တပည့်တက္ကသိုလ်ကျောင်းက ဆရာတွေက ဆရာကြီးကို ကန်တော့ကြရင်း " အခုတက္ကသိုလ်၊ ဌာနမှာ လူကြီးလုပ်နေကြသူတွေအများစုဟာ ဆရာကြီးရဲ့ တပည့်အရင်းအချာတွေ ချည့်ပါဘဲ" လို့ ၀မ်းသာအားရပြောကြသတဲ့။ ဒီတော့ ဆရာကြီးက နောက်ထပ်သမိုင်းဝင်စကားတစ်ခွန်းကို ပြောခဲ့ပြန်သတဲ့ဗျ။
    " အေး.အေး..။ကောင်းတာပါ့ကွာ။ ဒါပေမယ့် အရင်းအချာ ဆိုတိုင်းတော့ ၀မ်းသာမနေနဲ့ကွ။ ဘာပြုလို့လည်းဆိုတော့ ရင်းလေ..ချာလေကွ" လို့ပြောခဲ့ပြန်သတဲ့။

    ဒါတွေဟာ ဆရာကြီးပြောခဲ့တဲ့ သမိုင်းဝင်စကားတွေပါ။ သမိုင်းပါက္ခေကြီးရဲ့ သမိုင်းဝင်စကားတွေပါ။
    ဒါပေမယ့် ခက်တာက လူတွေကို သမိုင်းကိုတန်ဘိုးထားရကောင်းမှန်းမသိကြဘူးဗျ။ အဆိုးဆုံးကတော့ သမိုင်းကို ဖျက်ဆီးပစ်ကြတာပါဘဲ။ အဆိုးတကာ့အဆိုးဆုံးကတော့ သမိုင်းဝင်တဲ့ပုဂ္ဂိုလ်တွေကို သမိုင်းမ၀င်တဲ့ပုဂ္ဂိုလ်တွေက ဖျက်လိုဖျက်ဆီး လုပ်ပစ်ကြ တတ်တာပါဘဲ။

    တလောကဘဲ ကျွန်တော့ ဌာနက သတင်းတစ်ခုကို ပြန်ကြားရပါတယ်။ ကျွန်တော့်ရဲ့ဌာနကို လွှတ်တော်ကမေးသတဲ့။ မိုးလေ၀သဌာနမှာ အရင်တုံးက ဆိုရင် ဒေါက်တာဘိုးအေး၊ အခုနောက်ပိုင်းမှာ ဆိုရင် ဒေါက်တာထွန်းလွင် တို့လို ပညာရှင်တွေပေါ်ပေါက်ခဲ့ကြတယ်။ အခုလောလောဆယ်မှာ မိုးလေ၀သပညာရှင်တွေ မထွက်တော့တာ ဘာပြုလို့လည်း လို့မေးသတဲ့ဗျ။

    ဒီတော့ ဌာနမှာ လက်ရှိတာဝန်ယူနေတဲ့ ဌာနခွဲတာဝန်ခံအရာရှိက လွှတ်တော်ကိုဖြေဖို့ စာကြမ်းရေးပေးသတဲ့။ သူကလည်း ကျွန်တော့ တပည့်ရင်းတစ်ဦးပါဘဲ။ ကျွန်တော် ဌာနက အငြမ်းစားယူတဲ့အချိန်အထိ နေပြည်တော်က ကျွန်တော့အိမ်ပေါ်မှာ စားသောက်နေတဲ့ တပည့် "အရင်း...အချာ..ကြီးပါဘဲ"။ ကျွန်တော့ တပည့်ကြီးက ဆရာကိုကျေးဇူးဆပ် လိုက်ပုံကတော့
    " ဒေါက်တာထွန်းလွင် လက်ထက်မှာ ဌာနအတွက် မျိုးဆက်သစ်တပည့်တွေ မမွေးခဲ့လို့ပါ" တဲ့ဗျာ။

    ကျွန်တော်ပြောပါပကော။
    "ရင်းလေ..ချာလေ" ပါလို့။

    မောင်ထွန်းလွင် (မိုးလေ၀သ)

No comments:

Post a Comment