October 20, 2013 at 12:06pm
သော့ချက်များကို သိလိုက်ရခြင်း
ပထမဆုံး အင်တာဗျုး အငြင်းပယ်ခံရပြီးနောက်။ နောက်ထပ် အောက်လွှတ်တော် အမတ်နှစ်ဦးမှာလဲ ထပ်ပြီး ငြင်းပယ်ခံရပါတယ်။ အတော်များများလဲ တွေ့ဆုံခွင့်တောင်မရပါ။ ဒီတော့ ကျနော်လဲ အကောင်း ဆုံးပြင်ဆင်ဖို့ ကျနော့်ဆရာ Dr. Mark ထံကို သွားရောက် တွေ့ဆုံတယ် အကြံဥာဏ်တွေတောင်းတယ်။ သူက ကျနော်ကို အချက်လေးချက် အကြံပေးတယ်။
၁) ပြည်နယ်တွင်းက နိုင်ငံရေးပြဿနာတွေကို နှံ့စပ်အောင် သိဖို့ကြိုးစားပါ။
၂) ကိုယ်အင်တာဗျုးလုပ်မည့် အမတ်နှင့် ပြင်ပမှာ အရင်ဆုံးသိအောင် ကြိုးစားကြည့်ပါ။ သူတို့အခမ်းနားတွေ တက်နိုင်အောင်လုပ်ပါ။
၃) နိုင်ငံရေးစကားဝိုင်းတွေနှင့် ရုပ်မြင်သံကြားအစီစဉ်တွေနှင့် မဂ္ဂဇင်းအချို့ကို ရင်းနှီးအောင်လုပ်ပါ။
၎) ကျနော်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အချို့ကို အနည်းငယ်ပြင်ဆင်ခိုင်းပါတယ်။ ကိုယ့်ကိုယ်ကို သိပ်မနှိမ့်ချပါနဲ့။ ဥပမာ ကျနော်က သိပ်မသိဘူးဆိုတာထက် လေ့လာပါအုန်းမယ် သေသေချာချာ မသိသေးလို့ မပြောချင်ပါ ဆိုတာမျိုးနှင့် အစားထိုးဖို့ရယ်။ ဦးညွှတ်ကာ ကိုယ်ကျုံ စကားပြောသည်ထက် ခြေချိတ်ထိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ စကားပြောပါ။
စသည်ဖြင့် Dr. Mark က သင်ပေးလိုက်တယ်။
ဒီတော့ နံပါတ်နှစ်ကို အကောင်ထည်ဖေါ်ဖို့ ကျနော်ရဲ့ မွေးစားအဖေအမေလိုဖြစ်နေတဲ့ ပြည်နယ်တက္ကသိုလ် သမိုင်းဌာနက လက်ထောက် ပါမေက္ခချုပ် ဇနီးမောင်နှံကို သွားတွေ့တယ်။ သူတို့က ပြည်နယ်မှာ အတော်လေးဝင်ဆန့်တော့ သူတို့နှင့် သိတဲ့ အမတ်တွေနှင့် တွေ့ဆုံပေးမယ် ဆိုတဲ့အကြောင်း ညစာအတူစားရင်း ကျနော်ကိုကတိပေး လိုက်တယ်။
ဒီလိုနှင့် သူတို့က ကျနော်ကို မီးခိုးရောင်ဝတ်စုံ တစုံစိုက်ထုက်ဝယ်ပေးကာ ကျနော်ကို Fund rising ပါတီတွေကို ကျနော်ကို ခေါ်သွားပါတော့တယ်။ ငွေရှင်ကြေးရှင်တွေနှင့် ပညာရှင်တွေကို နိုင်ငံရေးသမားတွေက သီးခြားတွေ့ဆုံကာ လက်ခံဆွေးနွေးပြီး သူတို့ရွေးကောက်ပွဲ အတွက် ရံပုံငွေတောင်းခံတဲ့ ပါတီပေါ့။ ဒီလိုပါတီတွေရောက်မှဘဲ ကျနော် ငယ်ငယ်က ဖတ်ဖူးတဲ့ ဘာသာပြန်ဝတ္ထုတွေ နိုင်ငံခြားရုပ်ရှင်တွေက မြင်ကွင်းမျိုးတွေ အပြင်လောကမှာ မျက်ဝါး ထင်ထင်တွေ့ရပါတော့တယ်။ Fund rising ပါတီသုံးလေးခုလောက်နှင့် ကော်ဖီသောက်ပွဲ ငါးခုလောက် ကျနော် တက်ရောက်ပြီးချိန်မှာတော့ ကျနော်ကို မျက်မှန်းတန်းမိသူ နိုင်ငံရေးသမား အချို့တောင် ရှိလာပါပြီ။
ကျနော်အတွက်လည်း အချိန်က အရမ်းတန်ဖိုး ရှိနေပါတယ်။ နာရီ ၁၄၀ နှစ်ကြိမ်ကို Semester တခုအတွင်းမှာ ပြီးအောင် လုပ်ရမှာမို့။ ကျနော်ဖက်က အချိန်သိပ်မဖြုန်းနိုင်ပါ။ ဒီတော့ နောက်တချိန် အလုပ်လျှောက်လွှာများကို ကျနော်ထပ်မံပေးပို့ပါတယ်။ ဒီတခါတော့ အီးမေလ်နှင့် မပို့တော့ပါ။ ဖားသားကြီးနှင့် မားသားကြီး အကြံပေးချက်အတိုင်း ကျနော်ကိုယ်တိုင် သူတို့ရုံးများကို သွားရောက်ပြီး လျှောက်လွှာပို့ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်းနှင့် အားနည်းချက်များ ပြင်ဆင်ခြင်း၏ အကျိုးကျေးဇူးကို ကျနော် ရာနှုန်းပြည့်ခံစားရတယ်။ ကျနော်ကို ပထမဆုံး လက်ခံလိုက်တာကတော့ Republican အထက်လွှတ်တော် အမတ်ပါ။ အသေးစိတ်တော့ မပြောလိုတော့ဘူး ဘာလို့လဲဆိုတော့ အလုပ်သင်ကျောင်းသားတွေ လိုက်နာရမည့် Privacy စည်းကမ်းချက်တွေအရ ကျနော့်အနေနှင့် အမတ်ရဲ့အမည်နှင့် ရုံးလုပ်ငန်းတွေကို ဖေါ်ပြခွင့် မရှိလို့ပါ။ ဒီလိုနဲ့ ပထမဆုံး ကျနော်ရဲ့ အလုပ်သင်အတွေ့ကြုံကို နာမည်ကြီး အထက်လွှတ်တော် အမတ်ရုံးမှာ နာရီ ၁၄၀ လုပ်ခွင့်ရပါပြီ။ ကျနော့် ဘ၀အတွေ့ကြုံထဲမှာ မကြုံဖူးသော အင်မတန်မှ ခြားနားတဲ့ ဘ၀တခုကို ရောက်သွားသလိုပါဘဲ။ ခမ်းနားတဲ့ အပြင်ဆင်တွေနှင့် ပန်ချီးကားကြီးတွေ အဖိုးတန်ကော်ဇောတွေ နင်းပြီး အလုပ်လုပ်ရတဲ့ အချိန်တွေကို ကျနော် အမြဲမှတ်မိနေမှာပါ။
ကျနော်ပထမဆုံး လေ့လာခွင့်ရခဲ့တာတော့ ကျောင်းမှာသင်ထားတဲ့ ပြည်နယ်ဘဏ္ဍာရေး ရေးဆွဲပုံနှင့် အသုံးစရိတ် တွက်ချက်ပုံတွေကို လက်တွေ့လုပ်နေတာတွေ ဖြစ်ပါတယ်။ ဒီလိုနှင့် ကျနော်ရဲ့ ပထမဆုံး နာရီ ၁၄၀ ပြီးသွားတော့ ရုံးအုပ်ရဲ့ အမှတ်တင်ပို့ပေးမှု ကောင်းလို့ ကျနော် အမှတ်ပြည့်ရခဲ့ပါတယ်။ ကျနော်ဖက်ကလဲ နှင်းတောထဲမှာ တခါမှ နောက်ကျခြင်း လွဲချော်ခြင်းမရှိသလို။ တာဝန်ပေးတဲ့ အလုပ်များကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။ ဒုတိယ နာရီ ၁၄၀ ကိုတော့ ကျနော်ပထမ နာရီ ၁၄၀ လုပ်နေချိန်တွင်မှာ အင်တာဗျုးခေါ်လို့ သွားတွေလိုက်တာ ကျနော်ကို ရွေးချယ်လိုက်ပါတယ်။
အဲဒီမှာ ကျနော်တခုသိလိုက်တာ Resume ရဲ့ သဘောပါ။ အလုပ်လျှောက်တဲ့ အခါ ပထမအတွေ့ကြုံလုံးဝ မရှိတဲ့ ဘ၀နှင့် လက်ရှိတာဝန် ထမ်းဆောင်နေတယ် ဘယ်သူ့ထံမှာ ဘယ်တော့ တာဝန်ပြီးဆုံးမယ်လို့ ရေးထားခြင်းက တော်တော် ကွာခြား ပါတယ်။ ပိုပြီး တန်ဖိုးကြီးကြောင်းကို ဒုတိယ နာရီ ၁၄၀ ပြီးသွားလို့ Government internship အတန်း ပထမတန်း အောင်မြင်သွားပြီးတဲ့နောက် ဒုတိယတန်း တက်သည့် အချိန်မှာ အတော်လေးကို ကွာခြားသွားသည်။ အခြားသော ကျောင်းသားအချို့ အလုပ်သင်သားတွေ ပထမပိုင်းမပြီးသေးလို့ အလုပ်လျှောက်တာ ခက်ခဲနေချိန်မှာ ကျနော်က ဒုတိယပိုင်းမှာ လွယ်လွယ်လေးနှင့် အလုပ်ရတာကို တွေ့ရတယ်။
ဘာလိုလဲဆိုတော့ လူကြီးတွေနောက်က ဖိုင်တွဲတွေကိုင်လိုက်ရင်း ကျနော့်ဆရာတွေ သင်ထားတဲ့အတိုင်း အခြေနေကြည့်ပြီး တွေ့သမျှ မိတ်ဆက် အမည်တွေ မှတ်ထား။ သူတို့အကြောင်း အားလပ်ချိန်မှာ သူတို့စိတ်ဝင်စားရာ နိုင်ငံရေး အကြောင်းနှင့် လက်ရှိ ဘာတွေလုပ်နေလဲ လေ့လာထားပြီး။ နောက်တခါ ထပ်တွေ့တဲ့အခါ သူတို့လုပ်နေတဲ့ အလုပ်တွေနှင့် ပတ်သက်ပြီး မေးမြန်းတာ ချီးမွှန်းတာ အားပေးတာလုပ်တော့ ဘိုးတော် ဘွားတော်တွေနှင့် မျက်နှာပေးတွေကောင်းပြီး သူတို့လိပ်စာကပ်တွေ ထုက်ပေးလေ့ရှိတဲ့ ကျနော်ကို ဗမာကောင်လေးလို့ ပြည်နယ်လွှတ်တော် အသိုင်းဝိုင်းထဲမှာ အချို့က ကောင်းကောင်း သိနေပါပြီ။ (တကယ်တော့ ကျနော်က အဖိုးကြီးကို သူတို့သတိမပြုမိတာသလို အလုပ်သင်သားဖြစ်တဲ့ အတွက် ကျနော်က ချာတိတ်အဆင့် ဖြစ်နေပါတယ်)
အဆင့်တခုကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါပြီ။ အရေးကြီးဆုံးက အားလုံးသော ဆရာသမားတွေရဲ့ ပို့ချချက်တွေကို အကုန်လုံး မှတ်ထားပြီး ကျနော် ကိုယ်တိုင်မှလည်း အရိပ်ခြေကြည့်ပြီး လှုပ်ရှားတဲ့ အကျိုးကျေးဇူးပါ။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

No comments:
Post a Comment