Monday, September 30, 2013

အာကာသရှိ ကြယ်တာရာပုံပြင်များ (၁)

Cloud Cuckoo Land shared အာကာသ နှင့် စကြာဝဠာ's photo.

>>ခွန်ဆန်လော နှင့် နန်းဦးပြင်<<

ခွန်ဆန်လောက ချမ်းသာတဲ့ ကုန်သည်မျိုးရိုးကပေါက်ဖွားလာတဲ့ လူငယ်လေးတစ်ဦးပါ.. မိဘလုပ်ငန်းဖြစ်တဲ့ ကုန်သွယ်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ တက်ကြွတဲ့လူငယ်လေးပေါ့.. တစ်နေ့မှာတော့ ကုန်သွယ်သွားရင်း မြို့တစ်မြို့ကိုဖြတ်သွားရတုန်း အိမ်တစ်အိမ်ရဲ့ ၀ရံတာလေးမှာ ရပ်နေတဲ့ နန်းဦးပြင်လေးကို တွေ့သွားခဲ့ပါသည်..
နန်းဦးပြင်ကတော့ ဆင်းရဲတဲ့မိဘတွေကို ပင်ပင်ပန်းပန်းပြုစုစောင့်ရှောက်နေတဲ့ မိန်းမပျိုလေးပါပဲ.. နောက်တော့ သူတို့ချစ်ကြိုက်သွားကြသည်.. ချစ်ကြိုက်ကြသွားပြီးနောက် အတူတူတစ်သက်မခွဲနေရဖို့နဲ့ အကယ်၍များ သေသွားခဲ့ရင်တောင် ကောင်းကင်မှာ ကြယ်လေးတွေအဖြစ်နဲ့ ပြန်ဆုံခွင့်ရပါစေလို့ အတူတူ ဆုတောင်းခဲ့ကြသေးသည်တဲ့.. သူတို့လက်ထပ်ကြဖို့ ပြင်ဆင်တော့ ခွန်ရဲ့မိဘများက (အထူးသဖြင့် သူ့မိခင်က) ဆင်းရဲသော နန်းဦးပြင်လေးနဲ့သဘောမတူပါ.. သို့သော် သူ့သားလေးက သိပ်ချစ်နေလေတော့ ခွဲလိုက်လျှင် သူ့သားကိုပါဆုံးရှုံးသွားမှာကို စိုးရိမ်ဟန်တူပါသည်.. သူတို့ကို ကြည်ဖြူလေဟန်ပင် လက်ထပ်ပေးလိုက်ကြ၏.. လက်ထပ်ပြီးနောက် အိမ်ထောင့်တာဝန်တစ်ရပ်အနေဖြင့်ဟု ဆိုကာ.. ခွန်ဆန်လောကို တစ်မြို့တကျေးကို ကုန်ရောင်းလွှတ်လိုက်ကြပါသည်.. ခွန်မရှိချိန်မှာတော့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ကာ အိမ်မှနှင်ထုတ်လိုက်ကြသည်.. နန်းက အိမ်ကထွက်သွားရပြီး လမ်းမှာပင် အပြင်းဖျားကာ သေဆုံးသွားပါသည်.. အဲသည့်ရွာက ရွာသားများကပင် နန်းကို မြေမြှုပ်သဂြိုဟ်လိုက်ကြ၏.. နန်းက သေသွားတော့ ကြယ်အနီလေး အဖြစ် ကောင်းကင်မှာ ပေါ်လာပါသည်..

ခွန်ဆန်လောပြန်ရောက်တော့ သူ့မိန်းမမရှိတော့တာသိရပြီး.. သူ့အမေက နှင်ထုတ်လိုက်တာလည်း သိလိုက်ရတော့ သူ့အမေကိုလည်း ပြစ်တင်ပြောဆိုပြီး နန်းကို လိုက်ရှာပါတော့သည်.. နောက်တော့ နန်းဦးပြင်သေသွားသော ရွာကလေးကိုသူရောက်သွား၏.. သူ့ချစ်သူ သေဆုံးရသည်ကို ကြည့်ပြီး ရင်ကွဲနာကျကာ သူလည်းသေသွားပါသည်.. နောက်တော့ ကြယ်အနီလေးရဲ့ မလှမ်းမကမ်းမှာ ကြယ်အပြာလေးအဖြစ် ရောက်ရှိသွား၏.. ရွာသားများကလည်း သိပ်ချစ်သောချစ်သူနှစ်ဦးမို့ မြေပုံကို ယှဉ်လျက်ပင် မြှုပ်နှံလိုက်ပါသည်.. သို့သော် ခွန်ဆန်လော၏ မိခင်ကလည်း သိပ်မကြာခင်မှာပင် ထိုရွာသို့ ရောက်လာပြီး ယှဉ်တွဲရှိနေသော မြေပုံနှစ်ခုကိုမြင်ပြီး.. နန်းဦးပြင်ကြောင့် သူသားသေဆုံးရသည်ဟု မကျေမနပ်ဖြစ်ကာ မြေပုံနှစ်ခုအလယ်တွင် အဆစ် ၃ ဆစ်ပါသော ၀ါးလုံးတစ်လုံးကို ချထားလိုက်၏.. အဲသည့် ၀ါးလုံးလေးက ခွန်နဲ့နန်းကြားမှာ သုံးလုံးတန်းကြယ်ကလေးအဖြစ် ပေါ်လာပါသည်.. ကောင်းကင်ကို ကြည့်လျှင် မောင်ရင်ဆိုင်းထမ်းဟုလည်း ခေါ်ကြသည့် ကြယ်သုံးလုံးတန်းလေး တစ်ဖက်တစ်ချက်စီမှာ ကြယ်အနီနဲ့ အပြာလေးကို မြင်ရမှာဖြစ်သည်..

တစ်ချို့ကပြောကြသည် တစ်နှစ်တခါ (မည်သည့်လပြည့်လည်းတော့မသိ).. အဲသည့်လပြည့်ညဆို ကြားက ၀ါးဆစ်ကြယ်လေး မှိန်ဖျော့ပျောက်ကွယ်သွားကာ သူတို့နှစ်ဦး တစ်ညတာ ဆုံခွင့်ရှိကြသည်တဲ့..

မှတ်ချက်။ ။ ရှမ်းရိုးရာ ပုံပြင်ဖြစ်သော မောင်ရင်ဆိုင်းထမ်းကြယ်သည် အနောက်တိုင်းတွင် Orion ကြယ်စုဟု ခေါ်ပြီး အနီရောင်ရှိသောကြယ်ကို Betelgeuse ဟုခေါ်သည်။ ကမ္ဘာမှ အလင်းနှစ် ၆၅၀ အကွာတွင် ရှိပြီ့း ဂျူပီတာ ဂြိုဟ်၏ ပါတ်လမ်းထက် အချင်း နှစ်ဆခန့် ကြီးမားသော Red Super Giant ကြီး တစ်လုံး ဖြစ်ပါသည်။

အာကာသ နှင့် စကြာဝဠာ

No comments:

Post a Comment