August 19, 2013 at 8:46am
"We shouldn't be looking for heroes, we should be looking for good ideas.”― Noam Chomsky
ကျနော်တို့အများစုဟာ အိုင်ဒီယာနဲ့လူကို ကောင်းကောင်း မခွဲတတ်ကြဘူး။ ဟိုအရင် အာဏာရှင်ခေတ်က အငွေ့အသက်တွေလွှမ်းမိုးနေသေးတာလဲပါမယ်။ အရင်တုန်းက အိုင်ဒီယာတွေကို ချိုးနှိမ်ထားခြင်း ခံထားရတယ်။ တစ်သွေးတစ်သံ တစ်မိန့်ဖြစ်ရမယ်။ အသက်ကြီးသူ၊ ဝါကြီးသူကို ရိုသေရမယ်။ အထက်လူကြီးရဲ့ ပြောစကားဟာ ဆောင်ပုဒ်ဖြစ်တယ်။ နိုင်ငံရဲ့ အင်စတီကျူးရှင်းတွေမှာ (ကျောင်းနဲ့ တက္ကသိုလ်တွေ အပါအဝင်) မေးခွန်းထုတ်လို့မရဘူး။ မေးခွန်းထုတ်လို့မရတဲ့ အကျိုးဆက်ကြောင့် ဒီမေးခွန်းကို ဖြေမယ့် အိုင်ဒီယာတွေ ပျောက်ကုန်တယ်။ အိုင်ဒီယာဆိုတာနဲ့ ပတ်သက်လို့ တစ်ခုသတိရမိတယ်။
လူဆိုတာ တစ်ကယ်တမ်းတော့ ဖန်ဆင်းရှင်တစ်ယောက်က ဝုန်းခနဲ့ ဖန်ဆင်းတာမျိုးမဟုတ်ဘူး။ တိရစ္ဆာန်တစ်မျိုးပဲ။ သိပ်ပြီးခွန်အားရှိလှတဲ့ တိရစ္ဆာန်လည်းမဟုတ်ဘူး။ အစာကွင်းဆက်မှာ ခြင်္သေ့တွေ ကျားတွေလို ထိပ်ဆုံးမှာ ရှိတဲ့ သတ္တဝါလည်း မဟုတ်ဘူး။ ဒီလို သတ္တဝါ ကမ္ဘာကို အုပ်စိုးနိုင်တာ အိုင်ဒီယာတွေကြောင့်ပါ။ အပ်ကအစ လေယာဉ်ပျံအထိ စာအုပ်ကအစ ဒီမိုကရေစီအထိ အိုင်ဒီယာတွေကျေးဇူးပဲ။ စက်မှုတော်လှန်ရေးကို စလုပ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ တိုးတက်တာလည်း အင်္ဂလိပ်တွေက တော်လွန်းလို့မဟုတ်။ အိုင်ဒီယာတွေကို လွတ်လပ်ခွင့်ပေးလိုက်လို့ တိုးတက်လာတာ။
ဒီလောက် အရေးပါတဲ့ အိုင်ဒီယာတွေကို ကျနော်တို့ဟာ လွတ်လပ်ခွင့်ပေးရမယ်။ လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ အိုင်ဒီယာကို ပြောပိုင်ခွင့် အများသူငါသိအောင် လုပ်ပိုင်ခွင့်ရှိတယ်။ ဒီအိုင်ဒီယာကိုလည်း သူပိုင်တယ်။ လူတစ်ယောက်ပြောတာကို သင်လက်မခံနိုင်ဘူးဆိုပါတော့။ ဒါဟာ သူ့ရဲ့ အိုင်ဒီယာကို လက်မခံတာပဲ ဖြစ်တယ်။ သင့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာနဲ့ ဒီလူပြောတာကို ပြန်ချေပပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သင်ဟာ အိုင်ဒီယာကိုသာ တိုက်ခိုက်ချင်းဖြစ်တယ်။ လူကို တိုက်ခိုက်တာမဟုတ်ဘူး။
မြန်မာပြည်သားအများစုဟာ စကားရည်လုပွဲတွေနဲ့ မရင်းနှီးကြတဲ့ အချက်ကလည်း တစ်ခုဖြစ်တယ်။ စကားရည်လုတယ်ဆိုတာ ဆန့်ကျင်ဘက် အခြေအနေမှာ ရှိနေသူတွေထဲမှာမှ ဘယ်သူ့အိုင်ဒီယာက ပိုကောင်းကြောင်း ပြိုင်တာပဲဖြစ်တယ်။ အချင်းချင်း ပါးစပ်နဲ့ ရန်ဖြစ်ခိုင်းတာမဟုတ်ဘူး။ (မြန်မာပြည်က လူတွေ စကားရည်လုပွဲရဲ့ အနှစ်သာရကို နားမလည်ကြောင်း သိချင်ရင် Sky Net ကလာတဲ့ ကျောင်းပေါင်းစုံ စကားရည်လုပွဲဆိုတာကို ကြည့်ကြကုန် :D )အထင်ရှားဆုံးသက်သေကတော့ အွန်လိုင်း (အထူးသဖြင့် Facebook မှာငြင်းကြတဲ့အခါ) သဘောထားမတူရင် အိုင်ဒီယာကို မငြင်းတော့ဘဲ လူကိုပဲ ဆဲနည်းမျိုးစုံနဲ့ ကိုင်တုပ်တာဖြစ်တယ်။ လူ့အခွင့်အရေးအကြောင်း မနေနိုင်မထိုင်နိုင် ပြောဖူးသူတိုင်း အနည်းဆုံးေ*ာက် ကုလား ဆိုပြီး ဆဲတာခံဖူးလိမ့်မယ်။ နိုင်ငံရေးမှာလည်း သဘောထားမတူရင် တစ်တစ်ခွခွ ဆဲတာတွေ တွေ့ဖူးလိမ့်မယ်။ ဆဲ့တဲ့လူတွေဟာ သနားစရာကောင်းလောက်အောင်ကို အသိလွဲချော်နေတယ်။ သူတို့မှာ အိုင်ဒီယာတွေကို မမြင်ဘဲ လူတွေကိုသာ မြင်နေသာဖြစ်မယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ်နဲ့ အိုင်ဒီယာ မတူရင် ဆဲဆိုဖို့ ဝန်မလေးသလောက် သူတို့ကို အိုင်ဒီယိုလော်ဂျီပိုင်း ဦးဆောင်တဲ့ လူတွေကို တွေ့ရင် ရှိခိုးမတတ်ဖြစ်နေမှာပဲ။ မိမိရဲ့ အတွေးအခေါ် တွေကို သော့ချပြီး တခြားလူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျေးကျွန်ပဲဖြစ်သွားလိမ့်မယ်။
ကျနော်တို့ဟာ ချေဂွေဗားရား၊ မာတင်လူသာကင်း၊ ဂန္ဒီ၊ အေဗရာဟန်လင်ကွန်း၊ ဗုဒ္ဓ၊ ယေရှု၊ အိုးရှိုး၊ ဆိုကရေးတီး၊ နစ်ရှေး၊ ဗိုလ်ချုပ် အောင်ဆန်းတို့ကို လေးစားတယ်ဆိုရင် သူတို့ရဲ့ အိုင်ဒီယာ၊ ဒီအိုင်ဒီယာကို မြစ်ဖျားခံတဲ့ လုပ်ရပ်တွေကို လေးစားတာသာလျှင် ဖြစ်သင့်တယ်။ လူကိုပဲ အကြောင်းမဲ့ လေးစားတယ်ဆိုပြီး ဘုရားလိုကိုးကွယ်နေရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျေးကျွန်အဆင့်က တက်မှာမဟုတ်ဘူး။ အိုင်ဒီယာကိုပဲ လေးစားတဲ့သူတွေကတော့ သူတို့ လေးစားအားကျတဲ့ လူတွေ (နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဘာသာရေး ခေါင်းဆောင်ပဲဖြစ်ဖြစ်) မှားတယ်လို့မြင်ရင်လည်း ပြောဖို့ ဝန်လေးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ အိုင်ဒီယာတွေကိုပဲ တိုက်ခိုက်တာဖြစ်ပြီး လူပုဂ္ဂိုလ်ကို တိုက်ခိုက်တာမဟုတ်ဘူး။
Diogenes Leonine
No comments:
Post a Comment