Monday, September 23, 2013

“မျက်ရည်စွန်းတဲ့စာ”

အောင်မျိုးခန့် (မော်ကျွန်း) and Aung Myo Khant shared အောင်မျိုးခန့် (မော်ကျွန်း)'s photo.


ရာသီဥတုဆိုးရွားနေသည်။ မိုးပြင်းလေပြင်းများတိုက်ခတ်လျှက်။ “နိုင်နိုင်” တစ်ယောက် လမ်းပေါ်မှာထီးမပါဘဲခပ်သုတ်သုတ်လျှောက်နေသည်။ ကျွန်မအပြင်ကပြန်အလာ သူ့ကိုလမ်းမှာတွေ့လိုက်ခြင်းဖြစ်သည်။

“ဟဲ့ နိုင်နိုင် ဘာဖြစ်လာတာတုန်း” ကျွန်မအမေးကို သူကဘာမျှပြန်မဖြေ လျှောက်မြဲဆက်လျှောက်သွားသည်။ ကျွန်မက လက်ကိုလှမ်းဆွဲလိုက်သည်။ လမ်းမီးတိုင်အောက်မှာ သူ့မျက်နာကိုမြင်တွေ့လိုက်ရသည်။ မျက်ခွံများမို့မောက်ရောင်ကိုင်းနေကာ အတော်ငိုထားပုံရသည်။ ကျွန်မကိုမော့်ကြည့်ပြီးနောက် တစ်ချက်ရှိုက်ကာ ထွက်ပြေးသွားတော့သည်။ ကျွန်မဘယ်လိုမှလိုက်လို့မမှီတော့သည့်အဆုံးအိမ်ပြန်လာခဲ့သည်။

ကျွန်မနှင့် နိုင်နိုင်တို့က ခြံချင်းကပ်လျှက်ဖြစ်သည်။ သူ့အဖေနဲ့အမေက အမြဲလိုလိုရန်ဖြစ်နေတတ်သည်။ အိမ်ထောင်ရေးအဆင်မပြေ။ အဖေဖြစ်သူက နောက်မီးလင်းသည်။ သူတို့ရန်ဖြစ်စကားများတိုင်း အမေဖြစ်သူကသားကိုပါရမ်းသည်။

တစ်နှစ်ခန့်အကြာ၌ ဇာတိမြို့နှင့် မနီးမဝေးက မြို့တစ်ခုမှာ သူနာပြုတာဝန်ထမ်းဆောင်ရန် ကျွန်မတာဝန်ကျလာသည်။ ကျွန်မဆေးရုံမှာရှိသောနေ့တစ်နေ့၌ ကျွန်မဇာတိမြို့မှ လူနာတစ်ယောက်ရောက်နေသည်ဆို၍သွားကြည့်သည်။ လူနာက မျက်တွင်းဟောက်ပက်။ အသားကသွေးရောင်မရှိတော့။ မှတ်မိအောင်ကျွန်မအတော်ကြိုးစားလိုက်ရသည်။

“နိုင်နိုင်ပါလား”

နိုင်နိုင်တစ်ယောက်ဘဝကိုပေပေတေတေဖြတ်သန်းရင်း ရောဂါပေါင်းစုံရလာဟန်တူသည်။ ငယ်စဉ်ကယဉ်ကျေးလိမ္မာမှုရှိသောကလေးတစ်ယောက်ဖြစ်သည်။ မိဘများ၏ အိမ်ထောင်ရေးအဆင်မပြေမှုများနှင့် သားသမီးကိုဂရုမစိုက်မှုများကြောင့် ပေတေသွားခဲ့ခြင်းဖြစ်သည်။

နိုင်နိုင်တစ်ယောက်ထိုညမှာပင် ဆေးရုံ၌ဆုံးသွားခဲ့သည်။ သူ့အိပ်ထဲမှာ ခပ်နွမ်းနွမ်း စာရွက်တစ်ရွက်ခေါက်လျှက်သားလေးထည့်ထားသည်။ စာကိုယူကြည့်လိုက်ရင်း ကျွန်မနုတ်ခမ်းများတုန်ရီလာသည်။ မျက်ဝန်းအိမ်မှာ မျက်ရည်တို့ပြည့်လျှံလာခဲ့သည်။ ထိုစာကိုသာ သူ့မိဘတွေဖတ်လိုက်ရလျှင် အဘယ်မျှခံစားရမည် ကျွန်မမသိတော့ပါ။ စာထဲမှာရေးထားတာက

“အဖေနဲ့ အမေကို သိပ်ချစ်တယ်” တဲ့။

အောင်မျိုးခန့် (မော်ကျွန်း)

No comments:

Post a Comment