Monday, September 30, 2013

တောင်တရုတ်ပင်လယ်ပြင်ဖက်မှ တိုင်းဖွန်းမုန်တိုင်းများနဲ့ မြန်မာနိုင်ငံမိုးရရှိနှိုင်မှု

Cloud Cuckoo Land shared Tun Lwin's photo.

Weather News Update 30-9-2013 6:43 pm

“ အခုလို မိုးနှောင်း မိုးလွန်ရာသီတွေရောက်လာရင် အရှေ့ဖက်က မြောက်ပစိဖိတ် သမုဒ္ဒရာထဲက မုန်တိုင်းတွေ ဟာ တစ်လုံးပြီးတစ်လုံး အနောက်ဖက်ကို လာနေ လိုက်ကြတာ၊ ရောင်ခြည်တော်လွှတ်နေ တာ ကျနေတာဘဲ မောင်ထွန်းလွင်ရဲ့”။ စကားပြောရင် ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့ ကွယ်လွန်သူ ကျွန်တော်ရဲ့ ဆရာ wunna ကျော်ထင် ဦးထွန်းရင် ကပြောဘူးပါတယ်။ Bay of Bengal နဲ့ China Sea တို့ရဲ့ “မစွန်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ” ကြပုံလေးတွေဘဲ ဆိုပါတော့။

တစ်ခါ လွန်ခဲ့တဲ့ နှစ်(၃၀)ကျော်လောက်ကဘဲ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီမြို့ မှာ ရှိတဲ့ Hawaii University မှာ နှစ်ရှည်ပညာသင်သွားခဲ့ကြတဲ့ အခုတော့ နှစ်ဦးလုံး ကွယ်လွန်သွားရှာကြပြီဖြစ်တဲ့ ကျွန်တော့ရဲ့သူငယ်ချင်း(၂)ဦး ကိုထွန်းအောင်ကျော်နဲ့ ကိုခင်မောင်အေးတို့ကလည်း Professor Ramage ရဲ့အောက်မှာ ပြုစုခဲ့ကြ တဲ့ လေ့လာမှု စာတမ်းမှာလည်း တောင်တရုတ်ကပင်လယ်ပြင်အတွင်းက တိုင်ဖွန်း မုန်တိုင်းတွေဟာ ဗီယာက်နမ်နိုင်ငံကမ်းခြေကြိုဖတ်ကြတဲ့အခါ landfall point ဟာ 20°N latitude ထက်မြင့်တဲ့နေရာကဖြတ်ရင် မြန်မာနိုင်ငံကို မိုးမပေးကြဘူး လို့ ပြောခဲ့ကြပြန်ပါတယ်။

အခုတော့ ကျွန်တော့်ရဲ့ ဆရာတွေ မိတ်ဆွေတွေပြောခဲ့ကြတာတွေ သွေးထွက်အောင် မှန်လှပါလားလို့ ကျွန်တော့ကိုယ်တွေ့ တွေ့နေရပါတယ်။ အရှေ့ဖက် မုန်တိုင်းတွေ ရောင်ခြည်တော် လွှတ်နေသလိုဘဲလို့ ဆရာကြီးဦးထွန်းရင် တင်စားခဲ့သလို တစ်လုံးပြီးတစ်လုံးလာနေတာကလည်း ဒီပစိဖိတ်သမုဒ္ဒယာ အနောက်ပိုင်းဟာ ကမ္ဘာ့အပူပိုင်းဒေသတွေထဲမှာ အပူပိုင်းမုန်တိုင်းအများဆုံးဖြစ် တဲ့ဒေသ၊ တစ်နှစ်ပျမ်းမျှနဲ့ဘဲ (၂၉)လုံးဖြစ်တဲ့ဒေသ။ 20°N latitude ထက်မြင့် ရင် မြန်မာနှိုင်ငံဖက်ကို အလာနှိုင်ဘူးဆိုတာကလည်း ဟိုတစ်နေကဘဲ ကျွန်တော်တွေ့ ထားခဲ့ပြီ။ ဘယ်လာလို့ရမလည်း။ 20°N latitude ကျော်သွား ရင် မြန်မာနိုင်ငံအရှေ့ဖက်မှာ တောင်တန်းကြီးတွေနဲ့ ကာထားတာကိုး။

တကယ်တော့ ကျွန်တော်နောက်ပိုင်းလေ့လာလို့ရလာတာကတော့ အရှေ့ဖက်တောင်တရုတ်ပင်လယ်ဖက်က မုန်တိုင်းတွေ မြန်မာနိုင်ငံဖက်ကိုလာရင် မိုးကို(၃)ကြိမ်ရွာစေတတ်ပါတယ်။

ပထမတစ်ကြိမ်ကတော့ မုန်တိုင်းတွေ ဗီယက်နမ်ကမ်းခြေကိုဖြတ်ဖြတ်ချင်း မြန်မာ့ ကမ်းရိုးတန်းတလျှောက်ကို မိုးရွာစေတတ်ပါတယ်။ ဒါကိုတော့ မိုးလေ၀သပညာမှာ CISK (Conditional Instability of Second Kind) လို့ခေါ်ပါတယ်။

ဒုတိယ အကြိမ်မိုးရွာစေတာကတော့ အဲဒီမုန်တိုင်းအကြွင်းအကျန်မိုးတိမ်တိုက်(Storm remenant Cloud)ဟာ မြန်မာနိုင်ငံကို ဖြတ်သွားတဲ့အခါ ဖြတ်သွားတဲ့နေရာကို မိုးရွာစေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ဒါကို အားကိုးနေရတာပေါ့။

တတိယအကြိမ် မိုးရွာစေတာကတော့ အဲဒီမုန်တိုင်းအကြွင်းအကျန်တိမ်တိုက် ဟာ လေပွေလှို်င်း(wave)အနေနဲ့ဖြစ်စေ၊ လေဖိအားနည်းရပ်ဝန်း(low pressure area) အနေနဲ့ဖြစ်စေ၊ ကုန်းတွင်းမုန်တိုင်းငယ်(land depression)အနေနဲ့ဖြစ်စေ အဆင့်တစ်ခုခုနဲ့ ဘင်္ဂလားပင်လယ်အော် ဒါမှမဟုတ် ကပ္ပလီပင်လယ်ပြင် ထဲ ပြန်ဆင်းသွားရင် အားပြန်ကောင်းပြီး မုန်တိုင်းပြန်ဖြစ်သွားလို့ဘဲဖြစ်ဖြစ်၊ ဘင်္ဂလားပင်လယ်အော်ထဲက မုတ်သုံလေကို အားပြန်ပျိုးပေးလို့ဘဲဖြစ်ဖြစ် မိုးတွေ တစ်ခါရွာစေပြန်တာဘဲ ဖြစ်ပါတယ်။

လောလောဆယ် တောင်တရုတ်ပင်လယ်အတွင်းမှာဖြစ်ပေးနေတဲ့ တိုင်းဖွန်းမုန်တိုင်း Wutip ဟာ ဗီယက်နမ် နိုင်ငံအလယ်ပိုင်းကမ်းခြေကို (၃၀-၉-၂၀၁၃)ရက် 04:00 UTC (10:30 am MST) မှာ စတင်ဖြတ်နေတာကို တွေ့ရပါတယ်။ ဗဟိုချက်ကို လည်းကောင်းကောင်းတွေ့ရပါတယ်။ မုန်တိုင်းဟာ ညနေ(၃)နာရီခွဲခန့်မှာ ကမ်းကိုဖြတ်ပြီး သွားပါတယ်။

ရန်ကုန်တစ်မြို့ထဲကြည့်ရင်တောင် (၃၀-၉-၂၀၁၃)ရက် နံနက်(၁၁)နာရီကစပြီး မိုးစရွာပါတယ်။ နေ့လည်(၁၂)နာရီခွဲ တိုင်းထွာချက်ယူတော့ မိုးရေချိန် (55 mm) ရပါတယ်။ ညနေ(၃)နာရီခွဲကြတော့ နောက်ထပ် (18 mm)ထပ်ရွာလို့ (83 mm) ရပါတယ်။ နောက်တော့ မိုးတိတ်သွားပါတော့တယ်။

ဒီတော့ ပြောချင်တာက (၂)ချက်ရှိပါတယ်။ ပထမအချက်က ဒီမိုးကို မုတ်သုံမိုး လို့ ခေါ်လို့မရဘူးဆိုတာရယ် ဒုတိယအချက်က ဒီမုန်တိုင်းဟာ ကုန်းတွင်းကို ၀င်ပြီးတဲ့နောက် အကြွင်းအကျန်တိမ်တွေဟာ အနောက်ဖက်ကို ဆက် လာပြီး မြန်မာပြည်ကို နောက်ထပ်ကျန်နေသေးတဲ့ မိုး(၂)ကြိမ် ထပ်ပေးမပေး ဆိုတာရယ် ဒီ(၂)ချက်ပါဘဲ။
ဒါကိုတော့ စောင့်ကြည့်ရပါ့မယ်။

ထိုင်းမိုးလေ၀သဌာနကတော့ မြန်မာနိုင်ငံဖက်ကိုမရောက်မီ ကုန်းတွင်းမှာဘဲ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ JTWC တိုင်ဖွန်းမုန်တိုင်း ခန့်မှန်းရေးဗဟိဌာနကတော့ အောက်တိုဘာလ(၁)ရက် ညသန်းကောင်ယံအချိန်ခန့်မှာ အားပျော့ပျက်ပြယ် သွားမယ်လို့ ခန့်မှန်း ထားကြောင်းပါဗျာ။
သူ့တို့ ခန့်မှန်းချက်များ မှန်နှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment