စဉ်းစားဖြစ်ပါတယ်....
ပုရစ်ဆိုတဲ့
ရင်ကွဲလုမတတ်
မရပ်မနား အော်နေတဲ့ အကောင်လေး..
စိတ်မကြည်လင်တဲ့ ညမှာ...
ထပြီး ထုပစ်လိုက်ချင်တယ်လို့။
ဆက်စဉ်းစားဖြစ်တယ်...
သူအော်နေတာ ဘာကြောင့်လဲ...။
ဆာလောင်မွတ်သိပ်စွာ
ဝမ်းခေါင်းထဲမှာ တကြုတ်ကြုတ်နဲ့
နှိပ်စက်နေလို့လား...။
နာကျင်ခံခက်
ဒဏ်ရာတွေ ပြည့်နှက်နေလို့လား...။
ချစ်သူကိုတမ်းတ လွမ်းလွန်းလှလို့လား။
ပြုံးရွှင် ကြည်နူး
ပျော်မြူးနေလို့လား...။
အော်ဟစ်တောင်းပန်
အန္တရာယ် ကြုံတွေ့နေလို့လားလို့.....
တကယ်တော့...
သူ့စကားလည်း ကိုယ်နားမလည်
အော်နေတာကို ကြားရင်း
ဒေါသမာန်တွေတင်း
မဆီမဆိုင်ပေါ့.. အင်း
ကိုယ်က ဆင်းရဲနေရတယ်....။
ဆောရီးပါ ပုရစ်ကလေးရယ်။
(ကွန်ဆူးမား)(၂၃-၉-၂၀၁၃)
No comments:
Post a Comment