Thursday, August 1, 2013

အင်္ဂလိပ်စကားလုံး တစ်လုံးကို လေ့လာတဲ့အခါ …

KhingKhing Su shared Aung Ko U's photo.
ဘာသာစကားတစ်ခုဟာ စကားလုံး (word) တွေနဲ့ တည်ဆောက်ထားတာပါ၊ အဲဒီစကားလုံးတွေ ကို စုပေါင်းပြီး အသံထွက်ပြောလိုက်တဲ့အခါ Spaeking ဖြစ်လာတယ်၊ အဲဒီအသံကို နားထောင်လိုက် တာက Listening ပေါ့၊ အဲဒီစကားလုံးတွေကိုပဲ ချရေးလိုက်တဲ့ အခါ Writing ဖြစ်လာပြီးတော့ ပြန်ဖတ်ကြည့်တဲ့အခါ Reading ဖြစ်လာတယ်။ ဒါဆိုရင် ဘာသာစကား တစ်ခု တိုးတက်ဖို့အတွက် စကားလုံးဟာ အရေးကြီးတဲ့ကဏ္ဍ ဖြစ်နေတယ်။ စကားလုံးဆိုတာဘာလဲ ? စကားလုံးဆိုတာ အဓိပ္ပာယ်ရှိသော နှုတ်မြွတ်သံ လို့ အဘိဓာန်က ဆိုပါတယ်၊ ပိုရှင်းအောင်ပြောရရင် စကားလုံး တစ်လုံးမှာ အက္ခရာတွေပါရမယ်၊ အသံထွက်လို့ ရရမယ်၊ အဓိပ္ပာယ်ရှိ ရမယ်လို့ ဆိုပါတယ်။ ဒါဆိုရင် စကားလုံး တစ်လုံးကို ဘယ်လို့လေ့လာမလဲ ဆိုတာ နည်းနည်းလောက် ပြောချင်ပါတယ်။

စကားလုံး(word) ဆိုတာကို ဖွင့်ဆိုကတည်းက အက္ခရာရယ်၊ အသံရယ်၊ အဓိပ္ပာယ်ရယ် ၃-ခု ပါတာကြောင့် အဲဒီ ၃-ကို စနစ်တကျ လေ့လာမှသာ စကားလုံးတစ်လုံးကို အသုံးချနိုင်မှာပါ။ ဘာသာစကား တစ်ခုကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ကြတဲ့အခါ ပထမဆုံးတွေ့ ရမှာက အသံပါ။ ဒါဆိုရင် စကားလုံးတစ်လုံးကို စတွေ့တဲ့အခါ အသံကို အရင်ဆုံး လေ့လာရမှာပါ။ အင်္ဂလိပ် စကားလုံးတွေကို ငယ်ငယ်လေးကတည်းက ထိတွေ့ခဲ့ရပေမဲ့ အသံထွက်တွေက တော်တော်များများ မမှန်ခဲ့တဲ့ အတွက် စကားလုံးတစ်လုံးကို စကြားတဲ့အခါ သိတဲ့စကားလုံး ကိုတောင်မှ နားမလည်တော့ပါ။ အင်္ဂလိပ်စကားလုံး တစ်လုံးကို အသံထွက်တဲ့အခါ နောက်ပိတ်သံ ၆-သံ(p-ပ, b-ဘ, t-ထ, d-ဒ, k-ခ, g-ဂ) ကို သတိထားရပါမယ်။ ဆိုလိုတာက dog ကိုအသံထွက်ရင် g-သံ (ဂ) ကို သိထားရပါမယ်၊ dot ကို အသံထွက်ရင် t-သံ (ထ) ကို ပီသအောင် အသံထွက်ရပါမယ်။ အဲဒီအသံတွေ မပီသ/ မသဲကွဲ ဖြစ်ခဲ့ရင် အဓိပ္ပာယ်တွေ လွဲသွားပါလိမ့်မယ်။ အသံ(sound) နဲ့ပတ်သက်ရင် American English နဲ့ British English အသံထွက် မတူတာတွေရှိပါတယ်။ အဲဒါတွေကိုလည်း မှတ်သားရပါမယ်၊ Listening အတွက် နှစ်မျိုးလုံးရဲ့ အသံထွက်ကို သိဖို့ လိုအပ်ပေမဲ့ ကိုယ်ကပြောတဲ့အခါ တစ်မျိုးကိုပဲ စံထားပြီး ပြောသင့်ပါတယ်။ အသံထွက်မှန်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ Listening လုပ်တဲ့အခါ ကြားတဲ့အတိုင်း အတတ်နိုင်ဆုံး လိုက်ဆိုပါ၊ နှုတ်က သွက်သွက်လက်လက် ပြောထွက်နေတော့မှ လိုအပ်တာလေးတွေ ပြန်ပြင်လို့ရအောင် Phonetic ကိုဆက်ပြီး လေ့လာပါ။ စကတည်းက Phonetic ကို လေ့လာလိုက်ရင် ဘယ်လိုထွက်ရမလဲ စဉ်းစားနေတာနဲ့တင် နှုတ်မရဲတော့တာ ဖြစ်တတ်ပါတယ်။ စကားလုံးတစ်လုံးရဲ့ အသံထွက်ကို Listening က စတင်လေ့ကျင့်ဖို့ အကြံပေးရတဲ့ အကြောင်းရင်းက ဘာသာစကားတိုင်းမှာ စာလုံးပေါင်း (Spelling) နဲ့ အသံထွက် (Pronunciation) မကိုက်ညီကြလို့ပါ။ ဒါကြောင့်မို့ မြန်မာစကားမှာလည်း “ရေးတော့ အမှန် ဖတ်တော့ အသံ” လို့ အဆိုရှိပါတယ်။ စာလုံးပေါင်းအတိုင်း စကားလုံးတိုင်းကို အသံထွက်လို့ မရပါ။ ဥပမာ - တံခါး လို့ ရေးထားပေမဲ့ တကယ်ဖတ်တော့ ဒဂါး လို့ အသံထွက်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ လည်း အလားတူ အဖြစ်မျိုးတွေ အများကြီး ရှိပါတယ်။

အသံရဲ့နောက်ထပ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဖိသံ(Stress) ကိုလည်း သိရပါမယ်၊ စကားလုံး တစ်လုံးကို ဖိသံ(Stress) ပြောင်းတာနဲ့တင် အဓိပ္ပာယ်ပါ ပြောင်းသွားပါတယ်။ ဥပမာ - import ကို အသံထွက်တဲ့အခါ noun အတွက် ‘import (Import) ဟု အရှေ့တွင် ဖိကာ အသံထွက်ရပြီးတော့ verb အတွက် im‘port (imPort) လို့ အနောက်မှာ ဖိပြီး အသံထွက်ရပါတယ်။ နောက်တစ်ခုက စာလုံးပေါင်း တူပြီး အသံထွက် ပြောင်းတဲ့အခါ အဓိပ္ပာယ်ပြောင်း သွားတာတွေလည်း ရှိပါတယ်။ ဥပမာ- lead ဆိုတဲ့ စကားလုံးဟာ verb ဖြစ်တဲ့အခါ လိဒ် လို့ အသံထွက်ပြီးတော့ noun ဆိုရင် လဒ် လို့ အသံထွက်ပြန်တယ်။ အဲဒီလိုပဲ tear ကလည်း verb နဲ့ noun အသံမတူပါ။ ဆိုဒါဆိုရင် စကားလုံး တစ်လုံးကို စာလုံးပေါင်းကြည့်ပြီး အသံထွက်လို့မရတာ သဘောပေါက်ပါလိမ့်မယ်။ နောက်ထပ် အသံနဲ့ ပတ်သက်တဲ့ အချက်တစ်ခုက Intonation (အသံ အတက်/ အကျ၊ အနိမ့်/အမြင့်) ပါ။ မြန်မာစကားမှာက intonation သိပ်မရှိဘဲ အသံတစ်ပြေးတည်း ပြောလေ့ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကား မှာက ပြောရမဲ့ စကားပုံစံ အပေါ်မူတည်ပြီးတော့ အသံအနိမ့် အမြင့်တွေ ပြောင်းလဲတတ်တာ ကိုလည်း သတိထား မှတ်သားဖို့ လိုပါတယ်။

စကားလုံး တစ်လုံးရဲ့ အဓိပ္ပာယ်ကို မှတ်သားတဲ့ အခါလည်း ပုံသေ မှတ်လို့မရပါ။ သုံးနေတဲ့ နေရာ အပေါ်မူတည်ပြီးတော့ အဓိပ္ပာယ်တွေ အမျိုးမျိုး ပြောင်းလဲပါတယ်။ မြန်မာစကားမှာလဲ ဒီအတိုင်းပါပဲ၊ ဥပမာ - “သဘောပေါက်သည်၊ ထီပေါက်သည်၊ အပင်ပေါက်သည်။ ထွက်ရပ်ပေါက်သည်။” စသည်ဖြင့် “ပေါက်သည်” ဆိုတဲ့ ကြိယာ တစ်လုံးတည်းကိုပဲ ဝါကျအရ အဓိပ္ပာယ် အမျိုးမျိုးပြောင်းနေတာကို တွေ့ပါလိမ့်မယ်။ အင်္ဂလိပ်ဘာသာ စကားမှာလည်း “He runs to school./ He runs a school./ The rivers run north to south./ The tap runs.” စသည်ဖြင့် run ဆိုတဲ့ verb တစ်ခုဟာ ဝါကျကို လိုက်ပြီး အဓိပ္ပာယ် ပြောင်းသွားပါတယ်။ တစ်ခါတစ်လေမှာ အဓိပ္ပာယ်ဆင်တူပေမဲ့ စကားလုံးမတူတာတွေလဲ ရှိပါတယ်။ ဥပမာ- “I cut the bread./ I slice the cake./ I chop the wood.” စသည်ဖြင့် ဖြတ်တယ်၊ လှီးတယ် ဆိုတဲ့ အဓိပ္ပာယ်ဆင်တူပေမဲ့ စကားလုံးသုံးတာ မတူပါ။ အဲဒီလို မတူတာကို ပြောင်းပြီး သုံးလို့ အဆင်မပြေပါ။ မိခင်ဘာသာစကားမှာလည်း အဲဒီလိုမျိုး ရှိပါတယ်။ ဥပမာ- “ကိတ်မုန့် လှီးသည်/ သစ်ပင်ခုတ်သည်/ ထင်းခွဲသည်။” “ဖယောင်းတိုင် ထွန်းသည်/ ဆေးလိပ် မီးညှိသည်/ မီးမွှေးသည်။” စသည်ဖြင့် အဓိပ္ပာယ်ဆင်တူပေမဲ့ စကားလုံး အသုံးအနှုန်းများ မတူသည်ကို တွေ့ရပါတယ်။

ငယ်ငယ်တုန်းကတော့ စကားလုံးတစ်လုံးကို ညီမျှခြင်းနဲ့ တရားသေ မှတ်ခဲ့ကြတာ ဘာသာစကား လေ့လာတဲ့အခါ အရမ်း အန္တရာယ်များ ပါတယ်။ စကားလုံးတစ်လုံး ရဲ့ အဓိပ္ပာယ်ကို လှေနံဓါးထစ် တရားသေ ကျက်လို့မရပါ၊ အသုံးအနှုန်း ပုံစံများနဲ့တွဲကာ အလေ့အကျင့်နဲ့သာ မှတ်ရပါတယ်။ သာမာန် ဉာဏ်ရည်ရှိသူ တစ်ယောက်ဟာ စကားလုံးတစ်လုံးကို နားက ၂၈-ကြိမ်ကြားတဲ့အခါ မှတ်မိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်မို့ များများနားထောင်ဖို့ လို့ပါတယ်။ နောက်တစ်နည်းက စာများများဖတ်ဖို့ပါ၊ ဖတ်ပါများလာတဲ့အခါ စကားလုံးတွေကို သုံးထားတဲ့ပုံစံတွေပါ ပိုနားလည်လာပါ လိမ့်မယ်။ စကားလုံးတစ်လုံးကို အဓိပ္ပာယ် မှတ်တဲ့ အခါ ဝါကျနဲ့တွဲပြီး မှတ်တာ အကောင်းဆုံးပါ။ ဒါမှ မှန်ကန်တဲ့ အသုံးအနှုန်းကို အသုံးပြုနိုင်မှာပါ။


အောင်ကိုဦး (UMK)
Be the Best !

No comments:

Post a Comment