Saturday, August 24, 2013

အရောင်စုံ ပေစွန်းနေတဲ့ရင်ခွင်နဲ့ တေလေတစ်ယောက်ရဲ့ အသည်းကွဲအတ္ထုပ္ပတ္တိ

August 24, 2013 at 11:25am

အလွမ်းတွေ တစ်ထစ်ချင်းနင်းတက်ဖို့
မျက်ရည်မိုးကို သည်းကြိုးလုပ်ပြီးစီးထားမယ်
နေ့ဆိုလည်းနေ့
ညဆိုလည်းည
မှတ်မှတ် ရရ

အလွမ်းတွေ တစ်ခန်းချင်း ပြန်ကြည့်နေရသလို
ဘ၀မှာ အချစ်ဟာ အတက်အကျများခဲ့တဲ့ ဇာတ်ဝင်ခန်းပဲ
ပိတောက်လိုတစ်ခက်လား
ခရေလိုတစ်ပွင့်လား
တစ်ကယ်တမ်း ကိုယ်က
အခေါက်ခွာခံနေရတဲ့ ရာဘာ
တစ်စိမ့်စိမ့်ကျလာတဲ့ အိပ်ပျက်ညတွေကို
ဒင်းကလေး ခြေညှပ်ဖိနပ်လုပ်ဖို့
export quality မှီပြနေရတာခဏခဏ ။

ချိုဆိမ့်တခွက်နဲ့ ချိုပစ်လိုက်ရ
ကော်ဖီတခွက်နဲ့ ခါးပစ်လိုက်ရ
စာမျက်နှာ အပြောင်းအလဲတွေ ကြားမှာ
ကိုယ်ဟာ အခါခါကျရှုံး
ခေါင်းစဉ်မတပ်ဖြစ်ခဲ့တဲ့ ကဗျာတွေလို
ထုတ် မပြောဖြစ်ခဲ့တဲ့ အရာတွေ
ရင်ဘတ်ထဲမှာ ပုန်းနေတယ်
တိတ်တိတ်လေးနေလိုက်ရမှာလား
အဆိုးစွန်အထိ ပေါက်ကွဲပစ်လိုက်ရမှာလား
ကိုယ့်ကိုကိုယ်သပ်ချ တွေဝေပြပစ်လိုက်ရမှာလား
ရင်ထဲကကျပ်ခဲနေတဲ့ အနွယ်အခက်တွေကို
ပြန်ချိုင်နေရတာအခါခါ
ပေါ့ပါးပါရစေ
လွတ်မြောက်ပါရစေဆိုနေမှ
တွင်းနက်ကြီးထဲ
အခါခါ ဆွဲခေါ်
အခါခါ ပြုတ်ကျ
မှော် ဆန်တဲ့လက်တစုံမှာ ရင်ခုန်နှုန်းတွေ
အခါခါ လွဲချော်
အခါခါ သေဆုံး
ကိုယ့် မနက်ဖြန်တွေ
ကိုယ် မပိုင်တဲ့ အရှုံးသမား တယောက်လို
လိုသလို ပုံသွင်းတတ်တဲ့ အပြုံးတွေ ဘယ်အချိန်မှာ ဂိတ်ဆုံးမလဲ ။

ရပ်တန့်မရတော့တဲ့ ဒီညတွေမှာ
အခန်းထဲ ပေနေတဲ့ ဆေးလိပ်ငွေ့တွေရယ်
နောက် တစ်မနက်ဆက်ဖို့ အသက်အားရယ်
အင်အားမရှိတော့တဲ့ မှိန်ပျပျဝတ်ရည်သံတွေရယ်
အညိုရောင် မျက်နှာလေးဆီကနေ ရိုက်ခတ်လာတဲ့
နောက် ဆုံး ပိတ် အ လွမ်း တွေ ရယ်
ဘဝတွေ တစ်ထစ်ချင်းနင်းတက်ဖို့
အသည်းနှလုံးကို ခြေအိတ်လုပ်
ကိုယ့် အလွမ်းနဲ့ကိုယ် ပြန်ခလုတ်တိုက်တော့
အချစ်ဆိုတာ ပုံပြင်တွေထဲကလို
နားထောင်ကောင်းတဲ့ အရာ မဟုတ်တော့ဘူး ။

နံမည်တလုံးထဲကို တမျက်နှာအပြည့် ရေးထားတဲ့အခါ
အပြုံးတခုထဲကို တမနက်အပြည့် တွေးနေတတ်တဲ့အခါ
စက္ကူကြယ်တွေ တရက်လုံး ထိုင်ခေါက်နေတဲ့အခါ
ဂစ်တာတလက်နဲ့ သီချင်းတပုဒ် တထိုင်တည်းရေးဖြစ်သွားတဲ့အခါ
ရယ်သံ တချက်လေးကိုပဲ စက္ကန့်တွေထဲထိ ထည့်ထားမိတဲ့ အခါ
ကိုယ့်ကို နည်းနည်း ရူးနေတယ်ပြောပါ ။

မျက်ဝန်းအိမ်ထောင့်စွန်းမှာ
လေသာလေးဖြတ်တိုက်သွားရင်တောင်
နှလုံးသားပေါ်ကအရိပ်လေးအဖြစ် အမြင်မှား
အကန့်အသတ်မရှိတဲ့ ထိုးဖောက်မှုမျိုးနဲ့
အရေပြားအောက် သွေးကြောထောင့်တွေအထိ
ဆွဲနစ်သိမ်းပိုက်လို့
တစ်စစ်စစ် တွန်းထိုးနေတဲ့
ဒီမွှားကောင်ကို ဖိချေချရင်း
အထီးကျန်အခန်းထဲထိုင်ပြီး
ကျိန်စာဒဏ်ရာတွေကိုကုတ်ခြစ်
နာကျင်နိုင်စွမ်းတွေ အမြှောင်းလိုက်ပြတ်ကျ
ရုန်းမရ ထမရ ဖုံးမရ ဖိမရ ဆွဲမရ စိမရ ရှောင်မရ ပုန်းမရ
ဘယ်လိုပဲ နာမ်စားတွေ ပြောင်းသုံးသုံး
ဒီ အရှုံးက သေရာပါတယ် ။

လိပ်ပြာတကောင် ကိုယ့် အရိပ်ကို ကိုယ် ပြန်ကြောက်နေသလိုမျိုး
ထိုးဟပ်လိုက်တဲ့ ပါးစပ်မှာ မကျက်သေးတဲ့ ဒဏ်ရာတွေ ပါသွား
ဘယ် နှစ်ရာစု အထိ ထပ်မှားနေရဦးမှာလဲ
ဘယ်တော့ ဘယ်နေ့ ဘယ်အချိန်
ဘယ်နေရာ ဘယ်လို ဘာကြောင့်
ဘာတစ်ခုမှ မေးလို့ မရတော့တဲ့အခါ
ဒါမှမဟုတ်
အဖြေ မရှိတော့တဲ့ ပုစ္ဆာ တပုဒ်ထဲကိုပဲ
ထပ်တလဲလဲ တွက်နေမိတဲ့ အခါ
ကိုယ့် အဖြစ်ကို မှန်ထဲပြန်ကြည့်ရမှာတောင် ရှက်လာတယ်
ဘယ်သူချွတ်ချွတ်မကျွတ်တဲ့
ကာလဝဋ်ကြီးကို ပခုံးထူထူပေါ်ထမ်းလို့
ဒဏ်ရာကြမ်းတွေကြားထဲပျော်မွေ့
တစ်ပွေ့တစ်ပမ်း တိုးထွက်လာတဲ့
သံဝေဂတွေကိုမျိုချရင်း
နေ့သစ်ရဲ့ အသက်ရှုသံတွေကအစ
ညစ်
ထေး
မှောင်မိုက်နေတဲ့ တိမ်တောင်ထုကြီးတခုလုံးကို
ရင်ခွင်ထဲထိုးထည့်
ညရဲ့ချော့တေးသံတွေရှာဖွေရင်း
နောက်ထပ်ဒိုင်ရာရီတစ်မျက်နှာမှာ မျက်ရည်နံ့တွေစွန်းလို့
ဒဏ်ရာနှစ်ကျော့ထပ်တဲ့ ညနက်တွေထဲ
တစ်ကိုယ်ရည်မတည်ငြိမ်ခြင်း ကြိုးတွေကို စက္ကန့်မလပ်ကျစ်
တေ့လွဲ လွဲတဲ့ သံစဉ်တွေ အဆုံးထိ ရစ်လို့
အဆန်ချောင်နှလုံးသားအဟောင်းထဲ
မျက်နှာအညိုရောင်လေး ခဏခဏ ပြုတ်ကျတယ်
လိပ်ပြာတောင်ပံခတ်သံလို
ညင်ညင်သာသာလေး လင်းတဲ့ အပြုံးလေးတပွင့်
ဒီရင်ဘတ်ထဲ (ထပ်ခါ) တောင့်တလို့
ဆူးညတွေ တင်းကြမ်းပြည့်နေတဲ့ညမှာ
မျှော်လင့်ခြင်းပါးပါးလေးနဲ့ ကန့်လန့်ကာလိုက်တယ်
အကယ်၍များ သာ
နောက်ထပ်တစ်မနက်
   နောက်ထပ်တစ်ရက်
      နောက်ထပ်တစ်သက်
            နောက်ထပ်တစ်သက်
                  နောက်ထပ်တစ်သက်

နောက်   ထပ်   တစ်   သက်   ပေါင်း   များ   စွာ  ..... မှာ ။ ။



| ။ ဇောက်ထိုး  ။ |  | ။ zolar ။ |

No comments:

Post a Comment