Monday, July 29, 2013

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် _ "ကျွန်တော်နဲ့ ဘွဲ့လွန်ပါရဂူ"

July 29, 2013 at 1:18am
_ [၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ]

ပြီးခဲ့တဲ့အပတ်က ကျွန်တော်နဲ့ ပါရဂူဘွဲ့ဆောင်းပါးကို ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားခဲ့တာဟာ ဘယ်သူဘယ်ဝါကိုမှ ရည်ရွယ်ပြီးပြစ်တင် ဝေဖန်တဲ့သဘောနဲ့ ရေးခဲ့တာမဟုတ်ပါဘူး။ ရှိနေ၊ ဖြစ်နေတဲ့ အခြေအနေကိုသာ အများသိအောင်တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်သင်တန်းတစ်ခုမှာ စာသင်ပြီး တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေကို မေးခွန်းမေးစေပါတယ်။ ကျွန်တော်သင်တဲ့ ဘာသာရပ်ဆိုင်ရာမေးခွန်းတွေ မေးလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရပ်မေးခွန်းကိုမမေးဘဲ Ph.D ဆိုတာဘာလဲ ရှင်းပြပေးပါလို့ မေးခဲ့ပါတယ်။
Ph.D ဆိုတာ အမှန်တော့ Doctor of Philosophy ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။ Doctor ဆိုတဲ့ စကားကို အများက ဆရာဝန်ပဲလို့ နားလည်ကြတာဖြစ်ပါတယ်။

အမှန်တော့ မြန်မာနိုင်ငံမှာ ဆေးပညာဘွဲ့ရတဲ့သူတွေဟာ M.B.,B.S ဘွဲ့ကိုသာ ရထားသူတွေဖြစ်တယ်။ တစ်နည်းပြောရရင် Bachelor of Medicineဆေးပညာဘွဲ့နဲ့ Bachelor of Surgery ခွဲစိတ်ပညာဘွဲ့ ဘွဲ့နှစ်ခုဖြစ်ပါတယ်။ အစဉ်အလာတစ်ခုသာ M.B.,B.S ဘွဲ့ရထားသူတွေကို Doctor လို့ ခေါ်ခြင်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ဆရာဝန်တွေအတွက် M.D ဘွဲ့ယူရပါတယ်။ တစ်နည်းပြောရရင် Doctor of Medicine ဖြစ်ပါတယ်။
Philosophy ဆိုတာက အတွေးအခေါ်ပညာဖြစ်ပါတယ်။ ဒါ့ကြောင့် Ph.D ဟာ အတွေး အခေါ်နဲ့ပတ်သက်ပြီး ဘွဲ့ထူးရထားခြင်းဖြစ်တယ်။ Ph.D ဟာ စီးပွားရေး ပညာနဲ့လည်းရနိုင်တယ်၊ သိပ္ပံပညာနဲ့လည်းရနိုင်တယ်၊ စက်မှုသိပ္ပံနဲ့လည်း ရနိုင်တယ်။ ဘာသာရပ်အမျိုးမျိုးမှာ Ph.D ပါရဂူဘွဲ့ကို ရယူနိုင်ပါတယ်။ တချို့တက္ကသိုလ်တွေမှာတော့ Ph.D ဘွဲ့အစား D.Phil ဘွဲ့ကိုပေးတာ တွေ့ရပါတယ်။ တစ်နည်းပြောရင် Doctor of Philosophy ဖြစ်ပါတယ်။
----------
ကျွန်တော်စီးပွားရေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ရရှိပြီး ကိုးနှစ်လောက် လုပ်သက်ရလာတဲ့အချိန်မှာ အထူးရခဲတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့ပါတယ်။ ငယ်ငယ်တုန်းက ပညာရေးခရီးရဲ့အဆုံးဟာ ပါရဂူဘွဲ့လို့ထင်ခဲ့တယ်၊ သိခဲ့တယ်။ Ph.D ဘွဲ့ရပြီးရင် နောက်ထပ်ယူစရာဘွဲ့မရှိတော့ဘူးလို့ ထင် ခဲ့တယ်။ ဒါပေမယ့် ပါရဂူဘွဲ့ရထားတဲ့သူတွေဟာ ဘွဲ့လွန်ပါရဂူဘွဲ့ (Post-Doctoral Fallowship) ကို ယူနိုင်ကြောင်း သိလာခဲ့တယ်။
၁၉၈၄-၁၉၈၅ ခုနှစ်လောက်မှာ ဒီအကြောင်း သိခွင့်ရခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ပညာနဲ့ပတ်သက်ပြီး ဘွဲ့လွန်ပါရဂူဘွဲ့ကိုယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒီတုန်းက ဂျာမနီနိုင်ငံမှာ အနောက်နဲ့အရှေ့နိုင်ငံ နှစ်နိုင်ငံခွဲထားပါတယ်။ အနောက်ဂျာမနီက ဘွဲ့လွန်ပါရဂူဘွဲ့ယူနိုင်တဲ့အခွင့်အရေးတွေ ပေးနေတယ်လို့ ကြားသိရတာနဲ့ ဘယ်နည်းဘယ်ပုံရနိုင်မယ်ဆိုတာကို သံရုံးမှာ သွားစုံစမ်းခဲ့တယ်။ ဒီတုန်းက ဆက်သွယ်ခဲ့ရတဲ့သူက ဦးအေးဝင်း ဖြစ်ပါတယ်။ အခုတော့သူက UNIC မှာ တာဝန်ယူနေပါတယ်။
ဒီပညာသင်ဆုကို Alexander Von-humboldt Foundation က ပေးအပ်တာ အတိုကောက်က Humboldt ဖောင်ဒေးရှင်းပေါ့။ တချို့ကလည်း Von-humboldt လို့ သိကြတာ။ ဒီဖောင်ဒေးရှင်းက တစ်နှစ်ကို ပညာသင်ဆု ၂ဝဝ လောက် ပေးတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပါရဂူဘွဲ့ ရထားတဲ့သူတွေကိုသာပေးတာ။ ပညာသင်ဆုရချင်တဲ့သူက သူလုပ်ချင်တဲ့ သုတေသနအစီအစဉ်ကို အသေးစိတ်ရေးသားတင်ပြရတယ်။

ဒီတင်ပြတဲ့ သုတေသနအစီအစဉ်တွေကို ဖောင်ဒေးရှင်းက ရွေးချယ်ပြီး ပညာသင်ဆုကိုပေးတာ။ ကျွန်တော်က သုတေသနအစီအစဉ်ကို တင်ဖို့ ပြင်ဆင်တော့ အခက်အခဲတွေ့ခဲ့ရတယ်။ အဲဒီ ၁၉၈၄-၁၉၈၅ခုနှစ် လောက်တုန်းက မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး သုတေသနလုပ်ခွင့်မရဘူးလို့ သက်ဆိုင်ရာက ကျွန်တော့်ကို အသိပေးခဲ့တယ်။ တော်တော်လေး စိတ်ညစ်ရတဲ့ကိစ္စဖြစ်တယ်။ ကိုယ်ကလည်း ဒီတုန်းကဖြစ်နေတဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကို သုတေသန လုပ်နေတာဖြစ်တာမို့ ဒါတွေကိုပဲ ဆက်လုပ်ချင်တယ်။ အခုလိုမလုပ်ရဘူး လို့ တားမြစ်တော့ တော်တော်ကလေး ကသိကအောက်ဖြစ်ရတယ်။ တိုင်ပင်စရာအနေနဲ့ ဘွဲ့လွန်ပါရဂူယူခဲ့ဖူးတဲ့သူကလည်း ကိုယ့်အနီးမှာ တစ်ဦးမှမရှိဘူး။ ကျွန်တော်အမျိုးမျိုးစဉ်းစားခဲ့တယ်။ အကြံထုတ်ခဲ့တယ်။ ဘယ်ခေါင်းစဉ်ရွေးပြီး သုတေသနအစီအစဉ်တင်ရင် အဆင်ပြေမလဲဆိုတာ။ အခု ပြန်စဉ်းစားရင် ယုံတမ်းစကားလိုပါပဲ။
သုတေသနဆိုတာက မိမိစိတ်ဝင်စားတဲ့ကိစ္စကို လေ့လာမှ အဓိပ္ပာယ်ရှိတာ။ Academic Freedom ဖြစ်တဲ့ပညာရေးနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့်မရှိခဲ့တဲ့၊ ဗဟိုချုပ်ကိုင်မှုအပြည့်အဝရှိခဲ့တဲ့ အခြေအနေဖြစ်တာမို့ အခုလို အကျပ်အတည်းတွေ့နေရင်း ကျွန်တော်အဖြေတစ်ခုရခဲ့ပါတယ်။ ဒီအဖြေဟာလည်း ကျွန်တော့်ရဲ့ ဆရာတွေဖြစ်တဲ့ ဒေါက်တာ ဦးအေးလှိုင်နဲ့ ဒေါက်တာ မောင်ရှိန်တို့က ပေးခဲ့တဲ့ နမူနာဖြစ်တယ်။

ဆရာကြီး ဦးအေးလှိုင်ဟာ ဝိဇ္ဇာဘွဲ့ကို လန်ဒန်တက္ကသိုလ်က ယူခဲ့တယ်။ အဲဒီနောက် မြန်မာပြည်ပြန်လာပြီး စီးပွားရေးတက္ကသိုလ်မှာ အမှုထမ်းရင်း ပါမောက္ခချုပ်တာဝန်ကို ယူခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ပါရဂူကျမ်းကြီးကို ရန်ကုန်မှာပြုစုပြီး ကျမ်းကြီးနှုတ်ဖြေစာမေးပွဲကို လန်ဒန်မှာဖြေဆိုခဲ့သူ။ သူ့ရဲ့ ကျမ်းကြီးရဲ့ခေါင်းစဉ်က ကိုလိုနီခေတ် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ဖြစ်တယ်။ တစ်နည်းပြောရရင် စီးပွားရေးသမိုင်းကို လေ့လာတာဖြစ်တယ်။ ဆရာဒေါက်တာ မောင်ရှိန်ဟာလည်း အခုလိုပဲ စီးပွားရေးသမိုင်းနဲ့ Cambridge တက္ကသိုလ်က ပါရဂူဘွဲ့ယူခဲ့သူ။ သူတို့လိုပဲ စီးပွားရေးသမိုင်းကို သုတေသနလုပ်ရင်းတင်မယ်ဆိုပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်။ အခုလို စီးပွားရေးသမိုင်းနဲ့ သုတေသနအစီအစဉ်လုပ်မယ်လို့ တာဝန်ရှိ သူတွေကို တင်ပြတော့ ခွင့်ပြုချက်ရရှိခဲ့တယ်။

အခုလိုခွင့်ပြုချက်ရလို့ ကျွန်တော်က သုတေသနအစီအစဉ်ကို ဖော်ထုတ်ခဲ့ရတယ်။ တစ်ချိန်က ကျွန်တော်တင်ပြခဲ့သလို တက္ကသိုလ်ပညာရေးရဲ့ အနှစ်သာရက သုတေသနပဲဖြစ်တယ်။ ရိုးရိုးပြောရရင် ရှာဖွေမှုဖြစ်တယ်။ ဘယ်သူမှ မသိသေးတာကို သိအောင်ကြိုးစားတာ၊ အများသိထားတာကို ပုံစံတစ်မျိုးနဲ့ သိနားလည်အောင်လုပ်တာ၊ ဒါက သုတေသနပဲဖြစ်တယ်။ သုတေသနအတွက် အရေးအကြီးဆုံးက သုတေသနမေးခွန်းဖြစ်တယ်။ မေးခွန်းလို့ပြောရင် သာမန်မေးခွန်းမျိုးမဟုတ်ပါဘူး။ စနစ်တကျ စုံစမ်းစိစစ်ပြီးမှ အဖြေထုတ်လို့ရတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။
ဒီမေးခွန်းထုတ်ပြီး မေးခွန်းအတွက်သင့်တော်မယ့်အဖြေကို ဖော်ထုတ်ပြီး Hypothesis အဆိုပြုချက်တွေ ထုတ်ရတယ်။ ဒီအဆိုပြုချက်တွေ မှန်ကန်မှု ရှိမရှိကို စာရင်းဇယားကိန်းဂဏန်းတွေ စုစည်းကောက်ယူပြီး အဆိုပြုချက်တွေကို ငြင်းဆိုနိုင်မှု ရှိ မရှိကို သုံးသပ်ရတယ်။ လက်ခံမှုရှိ မရှိကို ဆန်းစစ်တာမဟုတ်ပါဘူး။ သုတေသနလုပ်တာဟာ ဝါသနာပါမှ ဖြစ်တာ၊ ခိုင်းလို့လုပ်ရတာမျိုး မဟုတ်ပါဘူး။ Passion လို့ခေါ်တဲ့ စိတ်ဓာတ်ပြင်းပြင်းပြပြရှိပြီး ဒီလုပ်ငန်းထဲ စိတ်ရောကိုယ်ရော မြှုပ်နှံနိုင်မှဖြစ်မှာ။

သုတေသနလုပ်ငန်းကို ရုံးဆန်ဆန်လုပ်လို့မရဘူး။ တစ်ချိန်က ဆောင်ရွက် ခဲ့သလို ကျွန်တော်ကြားရတော့ ကိုယ့်နားကိုတောင် ကိုယ်မယုံနိုင်ဖြစ်ခဲ့ရတယ်။ ပါရဂူသုတေသနလုပ်တာကို စခန်းသွင်းပြီး ဝန်ကြီးဌာနတစ်ခုမှာ လုပ်သွားတယ်လို့ သိခဲ့ရတယ်။ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပေါ့၊

အခုလို စီးပွားရေးသမိုင်းနဲ့ ပတ်သက်ပြီး သင့်တော်မယ့်ခေါင်းစဉ်ရွေးချယ်တဲ့အခါ စီးပွားရေးပညာရဲ့ အခြေ ခံဖြစ်တဲ့ စွန့်ထွင်ဦးစီးမှု (Entrepreneurship) ကို အထူးပြုလေ့လာခဲ့ရတယ်။ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့က စီမံခန့်ခွဲမှုသိပ္ပံနဲ့ပတ်သက်တာ။ အခုလို ဘွဲ့လွန်ပါရဂူ ဘွဲ့အတွက် စီးပွားရေးပညာရော၊သမိုင်းပညာရော ပြန်ပြီးလေ့လာရတာ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးသမိုင်းကို မညှာမတာသုံးသပ်ရင် ကိုလိုနီခေတ် မှာ အတိုးတက်ဆုံးဖြစ်တာ တွေ့ခဲ့ရတယ်။ ဒီလိုသုံးသပ်ရင် တချို့က ကြိုက်ချင်မှကြိုက်မယ်။ ကျွန်တော့်ကို နုံတယ်လို့လည်း အစွပ်စွဲခံခဲ့ရတယ်။ ဒါကတော့ မဆန်းပါဘူး။ ဝေဖန်ခံရတာကို ကျေးဇူးတင်ရတယ်။
ဒါကြောင့် ကျွန်တော်ဟာ ကိုလိုနီခေတ်နဲ့ပတ်သက်ပြီး စုံစမ်းခဲ့ရတယ်။ စာရင်းအချက်အလက်တွေ စုခဲ့ရတယ်။ သမိုင်းအထောက်အထားတွေကိုလည်း ရှာဖွေခဲ့ရတယ်။ ကိုလိုနီခေတ်စီးပွားရေးသမိုင်းကို ရေးသားပြုစုခဲ့တဲ့ စာအုပ်စာတမ်းများအနက် အထင်ရှားဆုံးစာအုပ်က ဆရာကြီး J.S. Furnivall ရေးသား ပြုစုခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အမည်က Colonial Policy and Practice (ကိုလိုနီစနစ်ပေါ်လစီနဲ့ လက်တွေ့ကျင့်သုံးမှုများ) ဖြစ်ပါတယ်။
ဆရာကြီးဟာ တခြားစာအုပ်တွေ၊ စာတမ်းတွေလည်း ရေးသားခဲ့ပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်လူမျိုး၊ တစ်ချိန်က နိုင်ငံကိုအုပ်ချုပ်စီမံတဲ့ Indian Civil Service(ICS) အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထူးခြားလှတဲ့ဆောင် ရွက်ချက်တစ်ရပ်ကတော့ မြန်မာနိုင်ငံ သုတေသနအသင်းကြီး ကို တည်ထောင် ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအသင်းကြီးက သုတေသနဂျာနယ်တစ်စောင် ထုတ်ဝေပြုစုခဲ့တယ်။ နောက်ပိုင်းမှ ဒီအသင်းကြီးကိုဖျက်ပြီးပိတ်ပင်ခဲ့တယ်။ သုတေသန ဂျာနယ်ကိုလည်း ထုတ်ဝေခွင့်မပေးခဲ့တော့ဘူး။ ဆရာကြီးရဲ့ ရေးသားမှုတွေထဲမှာ စီးပွားရေးပညာအတွက် အလွန်ထူးခြားမှုရှိတဲ့ ဝေါဟာရတစ်ခုကို ဖော်ထုတ်ခဲ့ ပါတယ်။

ဒီဝေါဟာရဟာလည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကိုသုံးသပ်ပြီး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝေါဟာရက Plural Society ဆိုတဲ့ အသုံး အနှုန်းဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ကို ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခဲ့ပါတယ်။
လူ့အဖွဲ့အစည်းမှာ လူတန်းစားသုံးမျိုးရှိတာကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ပထမအလွှာကတော့ အင်္ဂလိပ်လူမျိုးအပါအဝင် ဥရောပတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဒုတိယအလွှာမှာတော့ အိန္ဒိယလူမျိုး၊ တရုတ်လူမျိုးတွေရှိပြီး အောက်ဆုံးအလွှာမှာ မြန်မာတိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒီအလွှာသုံးရပ်ဟာ ကိတ်မုန့်တစ်လုံးလို တစ်ထပ်စီဖြစ်ပြီး တစ်လွှာနဲ့တစ်လွှာ ဆက်စပ်မှုမရှိကြဘဲ သီးခြားနေထိုင် လှုပ်ရှားနေကြတယ်။

ဒီဝေါဟာရကို တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားရေးပညာရှင်တွေ အသုံးချလာတာကို တွေ့မြင်ရပါတယ်။ ဆရာကြီးရေးသားခဲ့တဲ့ စာတစ်ပုဒ်ကို ကျွန်တော် မှတ်မိပါသေးတယ်။ ကိုလိုနီခေတ်မှာ '' rich nation, poor people '' (နိုင်ငံက ချမ်းသာပြီး မြန်မာလူမျိုးတွေက ဆင်းရဲနေကြတယ်)လို့ မှတ်ချက်ချခဲ့ပါတယ်။

မနှစ်က နေပြည်တော်မှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာ စီးပွားရေး နိုဘယ်ဆုရတဲ့ ပါမောက္ခ J.Stiglizt က ပြန်ပြီးသုံးသွားတာ တွေ့ရတယ်။ သူ့ရဲ့ ပြောကြားချက်ထဲမှာ ထည့်ပြောသွားတော့ ကြားဖူးပါတယ်လို့ စဉ်းစားမိတာ၊ နောက်မှ ဆရာကြီး Furnivall သုံးခဲ့တဲ့ စကားဖြစ်တာကို သွားသတိရမိတယ်။ ဆရာကြီးကို ကျွန်တော်လေးစားပါတယ်။ ကိုယ်မမီလိုက်ပေမယ့် အမှန်တော့ သူဟာ ကျွန်တော့်အဖို့ မြင်ဆရာတစ်ဦးပါ။

တိတိကျကျပြောရရင် သူ့ရဲ့စာတွေဖတ်ပြီး တပည့်ဖြစ်လာတဲ့ တပည့်ဖြစ်ပါတယ်။ မြန်မာတစ်ဦးအနေနဲ့တော့ သူ့ရေးသားချက်တစ်ခုကို ဘဝင်မကျတာ ရှိခဲ့ပါတယ်။ ကိုလိုနီခေတ် စီးပွားရေးဘဝမှာ မြန်မာတွေမပါဝင်ခဲ့ဘူးလို့ ရေးသားခဲ့တယ်။ စီးပွားရေးဖွံ့ဖြိုးမှုမှာ ဥရောပတိုက်သားတွေ၊ အိန္ဒိယနဲ့ တရုတ်လူမျိုးတွေသာ ပါဝင်တယ်လို့ ရေးသားခဲ့ပါတယ်။ တစ်ဆက်တည်းမှာ လည်း မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ မဖွံ့ဖြိုးတာဟာ စီးပွားရေးဥပဒေသ ကြောင့်သာဖြစ်တယ်လို့ ဆင်ခြေပေးခဲ့တယ်။ မော်လမြိုင်-မုတ္တမကူးတို့ လုပ်ငန်းမှာ ပါဝင်လာခဲ့တဲ့ ဦးနာအောက် ကျဆုံးရတာဟာ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ဖြစ်တယ်လို့ ရေးခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ထုတ်ဝေတဲ့ စာအုပ်တွေမှာလည်း တိုင်းရင်းသားတွေကို ဖိအားပေးခဲ့တဲ့အတွက် စီးပွားရေးဘဝမှာ ပါဝင်ခွင့်မရခဲ့ဘူးလို့ ဖော်ထုတ်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ စိတ်ထဲမှာဘဝင်မကျတာတစ်ခုက ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် မြန်မာတွေ အခုလိုစီးပွားရေးဘဝမှာ မပါဝင်နိုင်ခဲ့ဘူးဆိုတဲ့ အချက်ဖြစ်တယ်။ '' Survival of the Fittest ''(သန်မြန်တဲ့သူတွေရှင်သန်မှုရှိတယ်) ဆိုတဲ့ အဆိုကို ကျွန်တော်က လွယ်လွယ်ကူကူနဲ့ လက်မခံချင်ဘူး။ နောက်တစ်ချက်ကလည်း မြန်မာတွေ အခုလို စီးပွားရေးဘဝမှာ မပါဝင်တဲ့အကြောင်းကို သံသယဖြစ်မိပါတယ်။
ဒီနှစ်ချက်အပေါ် အခြေခံပြီး ကျွန်တော့်ရဲ့ သုတေသနအစီအစဉ်ကို ရေးသားပြုစုခဲ့ပါတယ်။

အစီအစဉ်ကို တတ်နိုင်သမျှ သပ်သပ်ရပ်ရပ်ဖြစ်အောင်ဆောင်ရွက်ပြီး သံရုံးကတစ်ဆင့်၊ အနောက်ဂျာမနီမှာရှိတဲ့ Alexandar Von-humboldt ဖောင်ဒေးရှင်းကို တင်ပြခဲ့ပါတယ်။  အခုလို တင်ပြပြီးပညာသင်ဆုရမရကို စိုးရိမ်စိတ်အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ သုတေသနအစီ အစဉ်ကို ဆန်းစစ်ဖို့ ဖောင်ဒေးရှင်းက အနောက်ဂျာမနီနိုင်ငံ တက္ကသိုလ်တွေမှာ ရှိတဲ့ပါမောက္ခတွေကို ဖြန့်ဝေခဲ့ပါတယ်။ စိတ်ဝင်စားတဲ့ပါမောက္ခက အစီအစဉ်ကို သုံးသပ်ပြီး လက်ခံသင့်မသင့်ကို ဖောင်ဒေးရှင်းထံသို့ အကြံပြုပါတယ်။
ဒါကြောင့်လည်း ကျွန်တော်ရဲ့ သုတေသနအစီအစဉ်ကို Marburg တက္ကသိုလ်ကပါမောက္ခ Ropke ကလက်ခံခဲ့ပြီး ဖောင်ဒေးရှင်းထံသို့ ထောက်ခံမှုပေးခဲ့ပါတယ်။ ပါမောက္ခ Ropke ရဲ့ ထောက်ခံချက်ကောင်းလို့ ထင်ပါရဲ့ တစ်လလောက်စောင့်ခဲ့ပြီးနောက် ဖောင်ဒေးရှင်းက ကျွန်တော့်ကို ကနဦး ကာလအဖြစ် တစ်နှစ်နဲ့အဆင်ပြေရင် နောက်ထပ်တစ်နှစ်လုပ်ခွင့်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်ဟာ အနောက်ဂျာမနီကို ဘွဲ့လွန်ပါရဂူဘွဲ့ယူဖို့ ၁၉၈၆ ခုနှစ်မှာ ထွက်ခဲ့ပါတယ်။

Marburg တက္ကသိုလ်မှာ သုတေသနမဆောင်ရွက်မီ ကျွန်တော့်ကို မိသားစုတစ်စုနဲ့ နေထိုင်စေပြီး ဂျာမန်စာနဲ့စကားကို သင်စေပါတယ်။ ဂျာမန် ဘာသာစကားဟာ အင်္ဂလိပ်စကားနဲ့ နီးစပ်ပေမယ့် ကျွန်တော့်အတွက်ခက်ခဲတယ်။ နေထိုင်ရတဲ့အိမ်က မိသားစုက လုံးဝအင်္ဂလိပ်စကားမတတ်ဘူး။ ဒီလိုလုပ်တာကလည်း ဂျာမန်စကားကို ပြောအောင် တွန်းအားပေးတာဖြစ်တယ်။ အစားအသောက်မှာလည်း ကျွန်တော့်အဖို့ အခက်အခဲရှိခဲ့တယ်။ နံနက်စာနဲ့ နေ့လယ်စာအတွက်တော့ အဆင်ပြေပါတယ်။
ဂျာမန်စကားသင်တဲ့ကျောင်းကကျွေးပါတယ်။ ညဘက်ကျတော့ အိမ်မှာစားရတယ်။ ညဘက်မှာ ဂျာမန်လူမျိုးက အစားအသောက်ကို ချက်ပြုတ် မစားဘူး။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေကို မချက်ဘဲစားရတာ။ ပေါင်မုန့်ကလည်း ဂျာမန်လူမျိုးကြိုက်၊ ပေါင်မုန့်အနက် (Black Bread) တအားမာတယ်။ စားရတာအတော်ခက်တယ်။ ကြိတ်မှိတ်ပြီး စားသောက် ခဲ့ရတယ်။ အိမ်ရှင်အမျိုးသမီးက ကျွန်တော့်ရဲ့အခြေအနေကိုသိပြီး သနားလို့ထင်ပါရဲ့။ နောက်တော့ဟင်းချက်ပြီးကျွေးရှာတယ်။ ကျွန်တော့်ရဲ့ ဂျာမန် ဘာသာစကားကလည်း သိပ်တိုးတက်မလာတော့ သူကပြောရှာတယ်။ ''မင်း ဂျာမန်စကားတတ်တဲ့အထိ စောင့်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ဒါကြောင့် ငါပဲ အင်္ဂလိပ်စာသင်ဖို့ လိုလိမ့်မယ်ထင်တယ်''လို့ ငြီးရှာတယ်။ လေးလကာလအပြီး တက္ကသိုလ်မှာ သုတေသနစလုပ်ခဲ့တယ်။ အချိန်ကလည်း တစ်နှစ်ပဲရတာမို့ တစ်နှစ်အတွင်းမှာ သိသာထင်ရှားအောင်ကြိုးစား ရတယ်။ ဒါမှ နောက်ထပ်တစ်နှစ်တိုးပြီး လုပ်ခွင့်ရမှာ။ ဆရာလုပ်တဲ့ ပါမောက္ခက ပါမောက္ခဌာနမှူး ဖြစ်ပါတယ်။

ဂျာမန်တက္ကသိုလ်တွေအနက် စီးပွားရေးပညာမှာ အထူးချွန်ဆုံးသူ ဖြစ်ပြီး သိပ်ပြီးတိကျတယ်။ စဉ်းစားပုံ စဉ်းစားနည်းက တည်ငြိမ်တယ်။ ပြတ်သားတယ်။

ကျွန်တော်လုပ်တဲ့ သုတေသနက စီးပွားရေးသမိုင်း ဖြစ်တာမို့ သမိုင်းဘာသာရပ်ကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တယ်။ အမှန်တော့ ကျွန်တော်က သမိုင်းကို နှစ်သက်တယ်။ ဝါသနာပါခဲ့တယ်။ ဒါပေမယ့် စနစ်တကျ လေ့လာခွင့်မရခဲ့ဘူး။ သမိုင်းဘာသာရပ်နဲ့ စီးပွားရေးဘာသာရပ်ဟာ အသွင်ခြားနားတယ်။ စီးပွားရေးပညာက ယူဆချက်ကို အခြေပြုတယ်။ သမိုင်းပညာကတော့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိမှ လက်ခံတယ်။ ဒါကြောင့် ကျွန်တော် ဒီသုတေသနဆောင်ရွက်ရင်း ငယ်ငယ်တုန်းက သတိမပြုမိတဲ့  သက်သေအထောက်အထားကို လေးစားဖို့လိုအပ်တာကို သတိပြုမိခဲ့တယ်။ ကျွန်တော့်ရဲ့ သုတေသနအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေက အင်္ဂလန်နိုင်ငံမှာရှိတာမို့ ပါမောက္ခရဲ့ ခွင့်ပြုချက်နဲ့ လန်ဒန်မှာ လေးလတိတိ သတင်းအချက်အလက်တွေ သွားရောက်စုစည်း ခဲ့ပါတယ်။

လန်ဒန်မြို့မှာ ကမ္ဘာကျော်တဲ့ British Library ဆိုတာရှိပါတယ်။ ဗြိတိသျှစာကြည့်တိုက်ဖြစ်ပါတယ်။ စာကြည့်တိုက်ဆိုပေမယ့် သာမန်စာအုပ် စာတမ်းတွေစုထားရုံသက်သက် မဟုတ်ပါဘူး။ စာအုပ်စာတမ်းတွေအပြင် သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်ပါတယ်။ British Library မှာ တစ်ချိန်က ဗြိတိသျှကိုလိုနီနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို စုစည်းထားပါတယ်။ India Office Library (အိန္ဒိယရုံးစာကြည့်တိုက်) လည်းရှိပြီး ဒီစာကြည့်တိုက်ရုံးခွဲက သီးခြားဖြစ်ပါ တယ်။ တာဝန်ရှိတဲ့သူတွေကတော့ စာရွက်စာတမ်း၊ စာအုပ်စုစည်းမှုဟာ ဖြန့်စီလိုက်မယ်ဆိုရင် ခုနစ်မိုင်ခန့်ရှိတယ်လို့ ပြောပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာရင်းအချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံတွေဟာ မျိုးစုံလှပါတယ်။ ပြည့်ပြည့်စုံစုံရှိလှပါတယ်။

ကျွန်တော်သိရှိရတာက ကိုလိုနီခေတ်တုန်းက အုပ်ချုပ်တဲ့ အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း၊ စာရင်းအချက်အလက် နှစ်စုံ စုဆောင်းထားကြောင်း သိရပါတယ်။ တစ်စုံကိုတော့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ ထားရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေ ဗုံးကြဲစဉ် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ စာအုပ်တွေ၊ စာတမ်းတွေ၊ စာရင်းအချက်အလက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အခြားတစ်စုံကတော့ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့မှာ ထိန်းသိမ်းထားပြီး နောက်ဆုံးတစ်ခုကတော့ India Office Libraryမှာ ရှိပါတယ်။

စာကြည့်တိုက်မှာရှိတဲ့ စာရွက်စာတမ်းတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်ကြီးဖြစ်ပါတယ်။ ဖြစ်များဖြစ်နိုင်ရင် ဒါတွေအားလုံးကို မြန်မာပြည်ကို ပြန်သယ်ပြီး ယူချင်လိုက်တာ။ ကျွန်တော်ဟာ လေးလတိတိ နေ့စဉ် ဒီစာရွက်စာတမ်းတွေ၊ စာအုပ်တွေကြားထဲနေပြီး မိမိသုတေသနအတွက် လိုအပ်မယ်လို့ယူဆရတာတွေကို ကူးယူပြီး စုဆောင်းခဲ့ပါတယ်။ ကျေနပ်လောက်တဲ့အထိ ကူးယူပြီးမှ လေးလပြည့်တဲ့အချိန်မှာ ဂျာမနီနိုင်ငံကို ပြန် ခဲ့ပါတယ်။

တစ်နှစ်ပြည့်သွားတဲ့အချိန်မှာ ပါမောက္ခဆရာက ကျေနပ်လို့ နောက်ထပ်တစ်နှစ်ထပ်ပြီး သုတေသနလုပ်ခွင့်ပြုပါတယ်။ ရရှိတဲ့အချက်အလက်တွေကို စုစည်းပြီး ကျွန်တော်ဟာ ဘွဲ့လွန်ပါရဂူအတွက် ကျမ်းကြီးတစ်စောင် စတင်ပြုစုခဲ့ပါတယ်။ ဆရာလုပ်တဲ့သူက ကျမ်းကြီးကို စာအုပ်တစ်အုပ်အဖြစ် ရေးသားပြုစုဖို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သုတေသနအကြောင်းကို ဂျာမနီနိုင်ငံမှာ နာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့ Heidelberg မှာ သွားရောက်ပြီး စာတမ်းကို ဖတ်ခဲ့ပါတယ်။ ဒီတက္ကသိုလ်မှာ ပါမောက္ခကြီးတစ်ဦးကို တွေ့ခဲ့ရ ပါတယ်။
ဒီဆရာကြီးဟာ မြန်မာပြည်ကို အထူးပြုလေ့လာတဲ့သူဖြစ်ပြီး အထူးသဖြင့် ဗုဒ္ဓဘာသာအတွေးအခေါ်တွေကို လေ့လာတဲ့သူဖြစ်ပါတယ်။ မြန်မာပြည်ကိုလည်း မကြာခဏရောက်ဖူးသူဖြစ်တယ်။ ဒီပုဂ္ဂိုလ်လိုလူမျိုးနဲ့တွေ့ခွင့်ရတာဟာ ကျွန်တော့်အတွက် အလွန်အကျိုးရှိတဲ့ အတွေ့အကြုံတစ်ရပ်ပါပဲ။ ဆရာကြီးက ကျွန်တော်လုပ်နေတဲ့ သုတေသနလုပ်ငန်းကို အားပေးတယ်။ တွေ့ရှိချက်တွေကို သူ့ရဲ့တက္ကသိုလ်က စာအုပ်အဖြစ် ထုတ်ဝေခွင့်ပြုမယ်လို့ ပြောပါတယ်။ သုတေသနလုပ်ငန်းတွေ ပြီးဆုံးပြီးတဲ့အတွက် မိမိရဲ့ တွေ့ရှိချက်ကို ကျမ်းကြီးတစ်ခုအဖြစ် ပြုစုဖို့ဆောင်ရွက်ခဲ့ပါတယ်။

ကျမ်းကြီးတစ်စောင်လုံးအကြောင်းမပြောတော့ဘဲ ထူးခြားတဲ့တွေ့ရှိချက် သုံးရပ်ကိုသာ တင်ပြချင်ပါတယ်။
----------
ပထမအချက်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးသမိုင်းမှာ အမြဲတမ်းဖော်ပြထားသလို ကိုလိုနီခေတ်အတွင်း မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေကို ''ခေါင်းပုံဖြတ်''မှုတွေဟာလည်း စာရင်းဇယား၊ စာရွက်စာတမ်းတွေမှာ ခိုင်လုံတဲ့သက်သေတွေ တွေ့ရှိရပါတယ်။
ဥပမာတစ်ခု အနေနဲ့ မြန်မာတိုင်းရင်းသားတွေက ဓာတ်မီးခြစ်ကို တီထွင်ထုတ်လုပ်ခဲ့တယ်။ ဒီမီးခြစ်ဟာ ရိုးရိုးသစ်သားမီးခြစ်ထက်ကောင်းပါတယ်၊ သုံးစွဲသူတွေကလည်း နှစ်သက်ကြတယ်။ ဒါပေမယ့် သစ်သားမီးခြစ်တွေကို ထုတ်လုပ်နေကြတဲ့သူတွေက အိန္ဒိယလူမျိုးတွေဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ဓာတ်မီးခြစ်ထုတ်လုပ်သူတွေကို ဥပဒေအရတားမြစ်ပိတ်ဆို့ခဲ့ပါတယ်။ ဒါက သာဓကတစ်ခုကလေးသာ ဖြစ်ပါတယ်။ ကျန်တဲ့ ဥပမာတွေ အမြောက်အမြားရှိခဲ့ပါတယ်။
----------
ဒုတိယတွေ့ရှိချက်က အခုလို ''ခေါင်းပုံဖြတ်''ခြင်း ခံခဲ့ရပေမယ့် ထူးချွန်တဲ့ မြန်မာတိုင်းရင်းသားတွေဟာ စွန့်ထွင်ဦးစီးမှုတွေ ကျင့်သုံးပြီး ရှင်သန်တဲ့ သာဓကတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကိုလိုနီခေတ်မှာ မြန်မာ့စီးပွားရေးဟာ ဆန်စပါးအပေါ် အခြေခံထားပါတယ်။ ဆန်စပါးတွေတင်ပို့တဲ့နေရာမှာ ကမ္ဘာ့နံပါတ် တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အခုလိုတင်ပို့ရောင်းချတဲ့နေရာမှာ အင်္ဂလိပ်နဲ့ ဥရောပကုမ္ပဏီတွေက ကြီးစိုးနေပါတယ်။ ဆန်စက်ကြီးတွေကိုလည်း နိုင်ငံခြားသားတွေ ပိုင်ဆိုင်ကြပါတယ်။ တောင်သူလယ်သမားအများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်။
ဒါပေမယ့် အခုလို စိုက်ပျိုးတဲ့ ဆန်စပါးတွေကို ဆန်စက်တွေဆီရောက်အောင် ဆောင်ရွက်ပေးသူတွေက ပွဲစားတွေပဲဖြစ်ပါတယ်။ ဒီပွဲစားတွေဟာ မြန်မာတွေသာဖြစ်ပါတယ်။ အမှန်တော့ မြန်မာတွေစီးပွားရေး မလုပ်တာ မဟုတ်ပါဘူး။ လှုပ်ရှားကြတာ တက်တက်ကြွကြွပါပဲ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ် တွေကို စွန့်ထွင်ဦးစီးမှုအဖြစ် သတ်မှတ်ခြင်း မရှိတာသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စွန့်ထွင်ဦးစီးမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုသုံးသပ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ စီးပွားရေးဘဝမှာ ပါဝင်ပတ်သက်တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
----------
နောက်ဆုံးအချက်ကတော့ မြန်မာ့စီးပွားရေးသမိုင်းမှာ လူတိုင်းမသိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ပထမအင်္ဂလိပ်-မြန်မာစစ်ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ်နဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တဲ့ ၁၈၅၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ထူးခြားတဲ့ပြောင်း လဲမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ 'ဧရာဝတီတိုင်းဒေသကြီးဟာ ဆန်စပါး အကြီးအကျယ် ထုတ်လုပ်လာနိုင်ခဲ့တဲ့ ဖြစ်ရပ်' ဖြစ်ပါတယ်။
ယနေ့ ကျွန်တော်တို့ သိရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ တစ်ချိန်က ငှက်ဖျားထူပြောပြီး မြစ်ချောင်း အင်းအိုင်ပေါများပြီး မကြာခဏ စစ်ပွဲတွေဖြစ်ခဲ့တဲ့ ဒေသဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဒေသဟာ ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှမ်းဒေသဖြစ်ပါတယ်။ မြစ်ဝှမ်းဒေသ ဖြစ်တဲ့အလျောက် စိုက်ပျိုးရေးအတွက် အလွန်သင့်တော်တဲ့ ဒေသတစ်ခု ဖြစ်ပါ တယ်။
အခုလိုပါပဲ အီဂျစ်နိုင်ငံက Nile မြစ်ဝှမ်းဒေသ၊ Vietnam နိုင်ငံက Red River မြစ်ဝှမ်းဒေသနဲ့ ထိုင်းနိုင်ငံက Chao Phra မြစ်ဝှမ်းဒေသတို့မှ စိုက်ပျိုး ရေးလုပ်ငန်းတွေ ဖြစ်ထွန်းလာခဲ့ပြီး နိုင်ငံတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်မှုရှိခဲ့တာ သမိုင်းသာဓကတွေ ရှိပါတယ်။ အခုလိုပါပဲ မြန်မာပြည်မှာလည်း ဧရာဝတီမြစ်ဝှမ်းဒေသဟာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေခဲ့ပါတယ်။
အခုလို တစ်ချိန်က ဘာမှမရှိခဲ့တဲ့ဒေသကို ကမ္ဘာ့စပါးကျီဖြစ်လာအောင် ဘယ်လိုဆောင်ရွက်ခဲ့သလဲ၊ ဘယ်လိုမဟာဗျူဟာတွေချမှတ်ခဲ့သလဲ၊ ဒီအကြောင်း ကို လူတွေမသိကြဘူး။ အမှန်တော့ ဒီတုန်းက အသုံးချတဲ့ မဟာဗျူဟာတွေဟာ မျက်မှောက်ခေတ်အတွက် အသုံးဝင်နိုင်တာ တွေ့ရပါတယ်။ အင်္ဂလိပ်အစိုးရဟာ ယခုလို ဆန်စပါးစိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနဲ့ နိုင်ငံခြားတင်ပို့ရေးအတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေကို ဆောင်ရွက်ခဲ့တယ်။ ပင်လယ်ရေမဝင်အောင် တာတမံတွေ တည်ဆောက်ခဲ့ပြီး ''ဓားမဦးချ''စနစ်ကို အကောင်အထည်ဖော်ခဲ့တယ်။ ဆန်ကတစ်ဆင့် စပါးထွက်နိုင်အောင် ဆန်အိတ်တွေ သယ်ဆောင်ဖို့ ပံ့ပိုးခဲ့တယ်၊ လိုအပ်တဲ့ချေးငွေတွေ ထုတ်ပေးခဲ့တယ်။
ပဓာနအကျဆုံးအခန်းကိုတော့ မြန်မာလယ်သမားတွေ ပါဝင်တာဝန်ယူခဲ့ တာဖြစ်တယ်။ ဒီလယ်သမားတွေ ဘယ်ကလာကြသလဲ။ သမိုင်းအထောက်အထားအရ သူတို့တစ်တွေဟာ အညာဒေသက ရွှေ့ပြောင်းလာတဲ့သူတွေဖြစ် တယ်။ သိကြတဲ့အတိုင်း ဒီတုန်းက အထက်မြန်မာပြည်မှာ မြန်မာမင်းတွေ အုပ်ချုပ်ဆဲကာလဖြစ်တယ်။ ဒါပေမယ့် အောက်မြန်မာပြည်မှာ အခုလိုအခွင့် အရေးပေါ်ပေါက်လာတဲ့အတွက် အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာခဲ့တာတွေ့ ရပါတယ်။ ဒါကြောင့်လည်း ရွှေ့ပြောင်းလုပ်သားဆိုတာ အခုမှ ပေါ်လာတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဟိုတစ်ချိန်ကတည်းက ''ရေကြည်ရာ၊ မြက်နုရာ''သွားကြ၊ ရွှေ့ကြတာပဲ ဖြစ်ပါတယ်။
မြန်မာလယ်သမားတွေဟာ အမှန်တော့ ''စွန့်ထွင်ဦးစီး''တဲ့ သူတွေသာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ တွေ့ရှိချက်တွေကို စနစ်တကျစုစည်းပြီး ကျမ်းကြီးတစ်စောင်ပြုစုခဲ့ပါတယ်။ ပါမောက္ခဆရာက သဘောကျကျေနပ်ပြီး စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော့်ရဲ့ ကျမ်းကြီးကို '' Burmese Entrepreneurship; Creative Response in the Colonial Economy '' အမည်နဲ့ Heidelberg တက္ကသိုလ်က စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေပေးခဲ့ပါတယ်။ ''မြန်မာ့စွန့်ထွင် ဦးစီးမှု၊ ကိုလိုနီစီးပွားရေးစနစ်အတွင်း ရှင်သန်တဲ့ တုံ့ပြန်မှု''အမည်သာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပြန်လည်ထုတ်ဝေဖို့ စီစဉ်ထားပါတယ်၊ အရင်တုန်းက ထုတ်ခဲ့တဲ့စာအုပ်တွေ မရှိတော့ပါဘူး။ နိုင်ငံခြားတက္ကသိုလ်က စာကြည့် တိုက်အချို့မှာသာ ကျွန်တော်တို့ တွေ့ရပါတယ်။

ကျွန်တော်ဟာ ဂျာမနီနိုင်ငံမှာ နှစ်နှစ်ကျော်နေပြီး ဘွဲ့လွန်ပါရဂူဘွဲ့ယူပြီး ၁၉၈၈ ခုနှစ်အကုန်မှာ ပြန်ရောက်ခဲ့ပါတယ်။ မိမိရဲ့ အောင်မြင်မှုကို ကျေနပ်အားရပေမယ့် တစ်ဖက်မှာတော့ ဘယ်လိုမှ အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှု တစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မိခင်ဟာ ကျွန်တော် ဂျာမနီမှာ ရှိစဉ်က ကွယ်လွန်ခဲ့ပါတယ်။ အသည်းအသန်ဖြစ်တုန်းကတော့ ကျွန်တော် လူကြီးတွေကို ခွင့်တောင်းပြီး နှစ်ပတ်လောက် မြန်မာပြည်ပြန်ပြီး မိခင်ကို ပြုစုခဲ့ပါတယ်။
မိခင်အတွက်ရည်စူးပြီး သင်္ကန်းကပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်အသားမစားတော့ပါဘူး။ လောကမှာ ပေးဆပ်မှုမရှိဘဲ အောင်မြင်မှုမရ နိုင်ဘူးဆိုတာ သဘောပေါက်မိပါတယ်။ ကျွန်တော်ပါရဂူဘွဲ့ ယူတုန်းကလည်း ဒီအတိုင်းဖြစ်ခဲ့ပါတယ်။ ပါရဂူဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်ပြီး မကြာမီပဲ ဖခင်ဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ဘဝမှာ ပေးဆပ်မှုတွေ များလွန်းလှတယ်လို့ သုံးသပ်မိပါတယ်။ ။

No comments:

Post a Comment