ကျုပ်နားလည်တဲ့ လစ်ဘရယ်
ကျုပ်သိသလောက်တော့ လစ်ဘရယ် Liberal ဆိုတဲ့ဝေါဟာရက liber ဆိုတဲ့
လက်တင်ဘာသာစကား က လာပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ပြန်ရင် free ပါ ....
အနှောင်အဖွဲ့ကင်းခြင်းသဘောကို ဆောင်ပါတယ်။ လစ်ဘရယ် ၀ါဒ ကို
ခုံမင်နှစ်ခြိုက်သူတွေ ... လက်ခံကျင့်သုံးသူတွေကို Liberalism
လို့ခေါ်ပါတယ်။
သူ့ရဲ့ မူရင်း အဓိပ္ပါယ်ကို နိုင်ငံရေး နယ်ပယ်ထဲမှာ အဓိပ္ပါယ် ဖွင့်ဖို့ကြိုးစားရင် တော့ ...
"free from narrow prejudice" ...
ကျဉ်းမြောင်းသော အမြင် မျက်စိမှိတ်ဘက်လိုက်ခြင်းမှလွတ်ကင်းသော အယူအဆတစ်မျိုးပါ ... ဒဲ့ပြောရရင် အမှန်တရားကို မြတ်နိုးသူ လို့ ပြောရင် ရနိုင်ပါတယ်။
အမှန်တရားကို မြတ်နိုးသူဆိုတာ ... နယ်ပယ်တိုင်းမှာ အဆက်မပြတ်
လေ့လာထိတွေ့ရင်း ကိုယ့်အမြင်ကို ကျယ်နိုင်သမျှကျယ်အောင်
ဆန့်ထုတ်တွေးခေါ်နေနိုင်မှ အဂတိ ကင်းဖို့နီးစပ်နိုင်ပါလိမ့်မယ်။
အမှီအခိုလည်းကင်းရပါတယ်။ အကြောက်တရားလည်း နည်းရပါတယ်။ ဒါကြောင့်
ကျုပ်သိသမျှ လစ်ဘရယ် ၀ါဒ သမားတွေဟာ အမြင်ကျယ်ဖို့ကြိုးစားကြပါတယ်
ကိုယ်သိသမျှနဲ့ တင်းတိမ်လေ့မရှိဘဲ အသစ်အသစ်သော အခြေအနေ အချိန်အခါတွေပေါ်မှာ
အဆုံးစွန်သော အနာဂါတ်ကောင်းဖို့ကို ရည်မှန်းပြီး ဝေဖန် ပြောဆို ထောက်ပြ
ပြုမူ အကောင်အထည်ဖေါ်ကြလေ့ရှိပါတယ်။ တခြားသူတွေထက် သဘောထားကြီးရပါတယ်။
လူမှုလောကမှာတော့ မနှစ်က မှန်ခဲ့တဲ့စည်းမျဉ်းစည်းကမ်းဥပဒေတွေက ဒီနှစ်မှာ မှန်ချင်မှ မှန်ကြမှာပါ။ အသေစွဲမြဲစွာ ဘယ်အရာကိုမှ ဆုပ်ကိုင်ထားလို့မရတဲ့အခြေအနေတွေက
ပိုများကြောင်း လစ်ဘရယ်တွေက လူတိုင်းထက်ပိုသိမှ လစ်ဘရယ်သမား
ပိုပီသမယ်ထင်ပါတယ်။ ကျဉ်းမြောင်းပြီး ဘက်လိုက်တတ်တဲ့ လူ့သဘာဝ
အတွေးအခေါ်အယူအဆတွေအပေါ်ကနေ အမှန်တရားအတွက် ဖေါက်ထွက် တွေးတော ဖို့ဟာ
အစွန်းလွတ်အောင်နေနိုင်မှ သဘာဝကျပါလိမ့်မယ်။ .....
ဒါကြောင့် လစ်ဘရယ်မှန်ရင် အစွန်းမရောက်ဘူး လို့ ကျုပ်တစ်ထစ်ချ ယုံကြည်တယ်။ သဘောထားမကြီးနိုင်ဘဲ အမှန်တရားကိုချည်းမြတ်နိုးနေရင်လည်း အစွန်းရောက်ကုန်ပါလိမ့်မယ်။ အမှန်တရားကိုချည်းမြတ်နိုးနေပြီး
သဘောထား မကြီးရင်လည်း အစွန်းရောက်သွားမှာပါပဲ။ အစွန်းရောက်သွားတာနဲ့
လစ်ဘရယ် မဟုတ်တော့ပါဘူး။ ဘက်လိုက် တာနဲ့ လစ်ဘရယ် မဟုတ်တော့ပါဘူး။
ကုန်ကုန်ပြောမယ် လက်ခုပ်သံကို သိပ်ကြိုက်နေရင်လည်း လစ်ဘရယ်မဟုတ်တော့ပါဘူး။
သူငယ်ချင်းမို့လည်း မဟုတ်တာလုပ်ရင် ညှာလို့မရပါဘူး။ ညီအကိုမို့လည်း
ထိပ်တိုက်တွေ့ချိန်မှာ အမှန်တရားအတွက်မပြတ်သားလို့မရပါဘူး။
မြန်မာပြည်က လစ်ဘရယ် တစ်ယောက်အနေနဲ့ အခုလို အခြေအနေ အချိန်အခါမျိုးမှာ
ကိုယ့်အမျိုးမို့လည်း မှားနေတဲ့အခါမှာ ခွင့်လွှတ်လို့မရပါဘူး။
ကိုယ့်အမျိုးမဟုတ်လို့လည်း လုပ်သမျှအမှန်လို့ ယူဆလို့မဖြစ်နိုင်ပါဘူး။
ကျုပ်ဆိုလိုတာက ကိုယ့်အမျိုးအပေါ်အတင်းတက်ဖိစရာလည်းမလိုဘူး
၊ သူများအမျိုးကို အတင်းတက်ဖိစရာလည်းမလိုဘူး။ နိုင်ငံချစ်စိတ် ...
နိုင်ငံသားအမြင် မေတ္တာအရင်းခံတဲ့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ .....
လက်ရှိတည်ဆဲဥပဒေတွေသုံးပြီး ဖြေရှင်းပေါ့ ။ ဘယ်သူ့သွေး တစ်စက်မှ
တိုင်းပြည်မြေပေါ် မကျစေပဲ လူငယ်တွေရင်ထဲကို ကြီးမြတ်တဲ့ သဘောထားတွေ
အသာအယာသွင်းပေးရင်း အနာဂါတ်အတွက် အပြုသဘောဆောင်ဖို့ပါပဲ။
တိုက်ခိုက်ဖို့လိုအပ်လာရင်တောင်မှ
root cause ဆိုတဲ့ ပြဿနာ အရင်းအမြစ်ကို ရအောင်ရှာပြီး အဲဒီအရင်းအမြစ်ကို
ကိုယ်လည်းတိုက် အခြားသူတွေမြင်နိုင်အောင်လည်း ပြပေးနိုင်ဖို့တာဝန်ရှိပါတယ်။
လစ်ဘရယ်ဝါဒ ဟာ ဗုဒ္ဓရဲ့ မဉ္ဇိမပဋိပဋာ နဲ့ အလွန်ပဲ နီးစပ်လှပါတယ်။
ကျုပ်တို့မြန်မာပြည် အကြာကြီးဆင်းရဲခဲ့တော့ နယ်ပယ်အများစုမှာ ကျေးဇူးခံ
ကျေးဇူးစားတွေ အသီးသီးနေရာယူနေကြတာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်မထင်ဘူး။
အဲဒီကျေးဇူးခံ ကျေးဇူးစားတွေကြားထဲမှာ လစ်ဘရယ်ဝါဒ အစစ်အမှန်က
ခေါင်းထောင်လာဖို့ခက်တယ်။ တစ်လုပ်စားဖူးသူ့ကျေးဇူးကို
ခေါင်းထဲအမြဲထည့်ထားတဲ့လူတွေများတဲ့ ကျုပ်တို့နိုင်ငံမှာ မြေကွက်တစ်ကွက်လောက်ပေးလိုက်ရုံနဲ့
တဆွေလုံးတမျိုးလုံး လစ်ဘရယ်နဲ့ ဝေးကွာသွားခဲ့ရသူတွေတပုံကြီး။
ကျေးဇူးသိတတ်တာက ချစ်စရာဓလေ့ပါ။ ကျုပ်တို့သိတဲ့ တစ်လုပ်စားဖူး သူ့ကျေးဇူးက
ကမ္ဘာကတောင် အံ့သြလောက်တဲ့ ကျေးဇူးတရားအသိအမှတ်ပြုမှုပါ။ ဒါပေမယ့်
ကျုပ်တို့တွေ ကိုယ်လုပ်နိုင်တဲ့အရာတစ်ခုအတွက်
ဘယ်သူ့ကျေးဇူးမှအတင်မခံပဲ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ကို
အရင်မွေးမြူကြရပါဦးမယ်။ (ကျေးဇူးအပေါ်ငဲ့ပြီး ရုန်းမထွက်နိုင်သူများကို
ရည်ရွယ်ပါတယ်) အမှီရှိမှ အထက်ကို ရောက်နိုင်မယ်လို့ တွေးတဲ့ဓလေ့က
ကျုပ်တို့နိုင်ငံမှာ မသိမသာ အမြစ်တွယ်နေတာကြာပါပြီ။ ကိုယ်လုပ်နိုင်တာ
ဘာရှိမလဲ ရှာဖွေပြီး ကိုယ့်အား ကိုယ်ကိုးကြရအောင်ပါ။
အစွန်းရောက်တော့မယ့် အရိပ်အခြေ မြင်ရတဲ့ လစ်ဘရယ် တချို့ကြောင့်
ဒီပို့စ်ကိုရေးပါတယ်။ ကျုပ် မိတ်ဆွေတွေကို လစ်ဘရယ်
စည်းရုံးရေးဆင်းတယ်လို့မထင်စေချင်ပါ။
ကိုယ့်အမျိုးကိုယ် ကလော်တုပ် တာ လစ်ဘရယ် လို့ လူငယ်တွေ
အမှတ်မှားကြမှာကိုလည်း ကျုပ်သိပ်စိုးရိမ်မိပါတယ်။ အယူဝါဒ တိုင်းဟာ
ကောင်းစေချင်တဲ့စေတနာတော့ ပါကြတာချည်းပဲလို့ ကျုပ်ထင်ပါတယ်။ အယူဝါဒ အတွက်
ငြင်းခုန်ရင်း ရန်ဖြစ်နေသူတွေသာ မကောင်းကြတာပါ။ လစ်ဘရယ်မှမဟုတ်ပါဘူး
လူတိုင်းဟာ အမှီအခိုကင်းတဲ့ ဘ၀ ကို ပိုင်ဆိုင်သင့်လှပါတယ်။ အမှီအခိုကင်းမှ
ကိုယ့်ကိုယ်ကို ယုံကြည်မှုက ပိုကဲလာမှာပါ။ ကိုယ့်ကိုယ်ကို
ယုံကြည်တဲ့နိုင်ငံသားတွေများတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂါတ်ဟာ ဗေဒင်မေးစရာတောင် မလိုပါဘူး မိတ်ဆွေတို့ ....။
အမှီအခိုကင်းရှင်းသူတွေ ဖြစ်ကြပါစေ ...
လောလောဆယ် လစ်ဘရယ် အောင်ကြီး —
No comments:
Post a Comment