Wednesday, July 24, 2013

“မပြေသေးတဲ့အမော”




အမေကခင်ဗျားအကြောင်းကို 
လူတွေ့တိုင်းတဖွဖွမေးတယ်

အဖေကတော့
ခင်ဗျား ခိုးခိုးဖတ်တဲ့
မြေအောက်လှုပ်ရှားမှုစာအုပ်လေးကို
ခုထိဖွက်ထားပေးတုန်းတဲ့

ကျနော်က 
ငါ့အကိုတောထဲကပြန်လာရင်ဆိုပြီး
ကျောင်းကကောင်တွေကိုခဏခဏကြိမ်းဖူးတယ်…

အခု ခင်ဗျားသူငယ်ချင်းတွေ
စင်ပေါ်မှာလူစုံနေပြီလေ
တူညီဝတ်စုံတွေဝတ်လို့
ကဗျာတွေသံပြိုင်ရွတ်လို့

လူမှန်းသိစကျနော့်ကို
ပုံပြင်လိုခင်ဗျားပြောပြောပြဖူးတဲ့ 
တော်လှန်ရေး

အဲ့ဒီတော်လှန်ရေးကြီးကို 
သူတို့တွေသီချင်းလုပ်ဆိုလို့…

ဝမ်းခမှာလား မဲလမှာလား
မြစ်စပ်မှာလား 
သစ်ရွက်တွေအောက်မှာလား
ခင်ဗျားဘယ်ဘ၀ရောက်ရောက်
အိမ်ကိုတော့ တချက်လောက်သတင်းပို့စမ်းပါ

အဲ့ဒီ အခမ်းအနားတွေနောက်နား
ခင်ဗျားများ ရောက်လာမလားမျှော်ရတာ 
ခုထိအားလုံးရင်မောတုန်း။ ။

မိုဃ်းသွေး
July 25th 2013

၈လေးလုံးအရေးတော်ပုံကြီးမှစ ယနေ့တိုင်
ဒီမိုကရေစီတိုက်ပွဲအတွင်း
လက်နက်ကိုင်တော်လှန်ရင်း ကျဆုံးသွားသော
ကျောင်းသားရဲဘော် နောင်တော်များသို့…..

No comments:

Post a Comment