Friday, May 31, 2013

~Spirituality Vs Materiality~ စိတ်တန်ဖိုး နဲ့ ရုပ်တန်ဖိုး


Spirituality မြင့်မားတဲ့ လေးစားမြတ်နိုးဖွယ်ပုဂ္ဂိုလ်တွေတွေ့တိုင်း ချယ်ရီမြေရဲ့ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ ပျောက်ဆုံးသွားတဲ့ကောင်းကင်ဘုံဆိုတဲ့သီချင်းလေး စိတ်ထဲအမြဲဝင်လာတယ်။

~ ငယ်စဉ်က... ကလေးတို့ဘ၀ဟာ ..... ပျော်ပါးဖို့ရာ လွယ်ပါတယ်....~~~

ကလေးဘ၀ရဲ့ Spirituality ပျောက်ဆုံးသွားတဲ့ တစ်နည်းအားဖြင့် ဘ၀ရဲ့ ပုံသွင်းမူတွေကြားထဲမှာ Real-self spirituality ပျောက်ဆုံးသွားတဲ့ အရွယ်ရောက်သူတစ်ယောက်ရဲ့ ခံစားချက်ကို လိုက်လိုက်လည်းလည်းခံစားမိတယ်။



Spirituality ဆိုတာဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာဘ၀တန်ဖိုးအမြင်ကိုဆိုလိုတယ်။ ရုပ်ပိုင်းဆိုင်ရာဘ၀တန်ဖိုးအမြင်ကတော့ Materiality ပေါ့။

ရုပ်ပိုင်းဆိုင်ရာဘ၀ရဲ့ လွမ်းမိုးမူဆိုတာ လူဘ၀မှာရှောင်လွဲရခက်တဲ့ သာယာမူတွေဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာသာယာမူတွေနောက်လိုက်ရင်း ဘ၀ကိုရုပ်ပိုင်းဆိုင်ရာတန်ဖိုးတွေနဲ့ တည်ဆောက်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာ အခွံသဘောဆောင်ပြီး၊ စိတ်ပိုင်းဆိုင်ရာဘ၀ရဲ့ အနှစ်သာရတန်ဖိုးတွေပျောက်ဆုံးနေတဲ့ဘ၀မျိုးတွေများလာတယ်။

ဘ၀ကိုရုပ်ပိုင်းဆိုင်ရာတန်ဖိုးတွေနောက်လိုက်ပြီး သာယာမူတွေနဲ့တည်ဆောက်လိုသူတွေရဲ့ အပြုမူ၊ အပြောအဆို၊ တွေးခေါ်ပုံ၊ ခံယူချက်၊ ခံစားချက်၊ အမြင် တွေအားလုံးကို ရုပ်တန်ဖိုးတွေက လွမ်းမိုးချုပ်ကိုင်ဦးဆောင်တော့တာပဲ။

Spirituality တန်ဖိုးတွေမပျောက်သွားအောင်၊ Spirituality တန်ဖိုးတွေမြင့်မားလာအောင် ဘာလုပ်ရမလည်း .....။ Spirituality မြင့်မားသူတွေမှာ အတ္တအသိသတိမြဲတာတွေ့ရတယ်။ ဆိုလိုတာ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မူ ဦးနှောက်ဥာဏ်အသိကြောင့်ဖြစ်လာရတဲ့ အတွေးခံစားချက်အလိုက် ကိုယ့်ရဲ့ ပြုမူပြောဆိုနေထိုင်ပုံတွေကို သတိနဲ့မြင်ကြတယ်။

ကိုယ့်ရဲ့ အပြုအမူတွေ၊ စိတ်ခံစားချက်တွေ၊ အတွေးတွေကို သတိတစ်ခုနဲ့ လုံလောက်တဲ့ အားထုတ်မူတစ်ခုနဲ့ စောင့်ကြည့်တဲ့အခါ ကိုယ်ဟာကိုယ်မဟုတ် တခြားရုပ်သဘောဆောင်နေတာ တွေ့ရတယ်။ ကိုယ့်အပြုမူတွေ၊ စိတ်ခံစားချက်တွေ၊ အတွေးတွေနဲ့ အမြင်တွေမှာ မဟုတ်မမှန်တာတွေတွေ့လာတယ်။

အခြေအနေအလိုက်၊ တွေ့ကြုံဆက်ဆံနေရတဲ့ လူအလိုက် ကိုယ့်ခံစားချက်နဲ့ ပြုမူပုံတွေ ပြောင်းလည်းလာတယ်။ ကိုယ့်ထက်သာတယ်ထင်တဲ့သူနားမှာ သိမ်ငယ်မူနဲ့ အောက်ကျို့ မူတွေ၊ မနာလိုမူတွေ၊ ဖြစ်ပေါ်လာတယ်။ ကိုယ့်ကသာတယ်ထင်တဲ့လူတွေနားမှာ ကြီးကျယ်မောက်မာမူတွေ၊ မာနတရားတွေ၊ ဟိတ်ဟန်နဲ့ မော်ကြွားလိုမူတွေဖြစ်လာတယ်။
ရုပ်တန်ဖိုးတွေဖြစ်တဲ့၊ ပစ္စည်းဥစ္စာဓနပိုင်ဆိုင်မူ၊ ကျော်ကြားမူ၊ ချီးမြှောက်မူ၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ များရင်များတဲ့အခြေအနေနဲ့ တွေ့ကြုံနေရတဲ့ လူတွေအလိုက်၊ နဲရင်နဲတဲ့အခြေအနေအလိုက် စိတ်ဟာ ဂနာမငြိမ်ရိုးသားမူမရှိ၊ တည်ငြိမ်အေးချမ်းမူကင်းမဲ့ပြီး ယောက်ယက်ခတ်နေတော့တယ်။

ဒါကြောင့်ရုပ်တန်ဖိုးနဲ့ အနှစ်သာရကင်းမဲ့နေသူတွေဟာ ဖိနှိမ်လို့ရသူတွေဖိနိုင်ပြီး၊ ဖိနိုင်မရသူတွေနားမှာ အဖိနှိမ်ခံကြရတယ်၊ ကိုယ်ထက်ပိုတဲ့ရုပ်တန်ဖိုးရှိသူတွေကို မနာလိုမုန်းထားမူတွေနဲ့ ကိုယ့်ကို်ယ်ကိုအားမရ မကျေနပ်မူတွေဖြစ်လာတယ်၊ ချစ်ခြင်းမေတ္တာကို အပေးအယူဆန်ဆန်လုပ်ကြပြီး အတ္တဖက်တဲ့ အချစ်တွေအတွက် ဘ၀ပျက်မတတ်ဖြစ်ကြတယ်။ ပြောရရင်တော့ လောဘ၊ ဒေါသ၊ မောဟမီးတွေတွေကို ရင်ထဲမှာမွှေးပြီး တစ်ဘ၀လုံးစာ လောင်မြိုက်နေကြရတယ်။

Material ရုပ်ပိုင်းဆိုင်ရာ ပူလောင်မူကနေ၊ Spiritual စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမူရှာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမူကိုရှာနေယုံမပြီးဘူး၊ ကိုယ့်ကိုပူလောင်နေစေတာတွေကိုလည်းဖယ်ရှား နိုင်မှတွေ့တယ်။ ပန်းပုထုသလိုပေါ့။ သစ်သားတုံးကြီးကို ကိုယ်ပေါ်စေချင်တဲ့ အရုပ်ပေါ်လာလို့ နောက်ထပ်သစ်သားစတွေနဲ့ ပေါင်းပြီးလုပ်ယူရတာမျိုးဟာ သဘာဝမကျဘူး။ သစ်တုံးကြီးနားက မလိုအပ်တာတွေဖယ်ရင်း လိုချင်တဲ့အရုပ်တစ်ခုကို ထုဆစ်ရတာမျိုးဖြစ်တယ်။

Spirituality ဆိုတာဘယ်လိုမျိုးလို့ဖွင့်ဆိုပြီး ရအောင်ကျင့်ကြံနေတာထက်၊ Spirituality ကိုဖုံးကွယ်ထားတဲ့ Materiality တွေကိုဖယ်ရှားနိုင်မှ စစ်မှန်တဲ့ ဘ၀ရဲ့ စိတ်တန်ဖိုးကိုရှာဖွေနိုင်မှာဖြစ်တယ်။

ရုပ်ပိုင်းဆိုင်ရာလွမ်းမိုးမူတွေကနေ စိတ်ပိုင်းဆိုင်ရာတန်ဖိုးရှာဖွေဖို့ အတွေးလေးပွားမိတယ်။

~AMM~

No comments:

Post a Comment