ဗုဒ္ဓဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ်။ ဖြေရှင်း ရမည့်ပြဿနာမှာ လူစုလူဝေးစွဲပေတည်း။
မကြာသေးမီက
ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ
မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည်
နှစ်ပရိဒေစ္ဆများစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း
တစ်ခုနှင့်တစ်ခုကြားမှာသာပေါ်ပေါက်သော ရန်ပွဲဆိုသည့်
အနားသတ်မျဉ်းကိုကျော် လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့
နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့်
ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော
ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင်ဘာသာဝင်များအဖြစ်
ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြု သည်မှာ တကယ်မတော့
ပြဿနာ၏သဘောသည် တချို့သော သူတို့သည်တခြား သူတို့အပေါ်မှာ သူတို့ မြင်သော
အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်းဆိုတာ ဖြစ် ပါသည်။
တခြားဝေါဟာရ
အားဖြင့် အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု သူတို့ကိုယ်သူတို့
ပိုင်းခြားထားသော လူတို့သည် (ဗုဒ္ဓဘာသာတို့သည်) သူတို့ကနေပြီး တခြား
အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု ပိုင်းခြားထားသော တခြားသူတို့ အပေါ်
(မူဆလင်တို့ အပေါ်) အမြင် ပြောင်းလဲသွားကုန်ခြင်း ပါတည်း။
ပထမဦးစွာ
ကျွန်တော် ညွှန်ပြလိုသည်မှာ ကျွန်တော်တို့၏ အခြေခံ အသိအမြင်တွင်
လူတစ်ဦးတစ်ယောက်ကို သူကိုးကွယ်ရာ ဘာသာတရားဖြင့် အမျိုးအစား ခွဲခြင်းသည်
ချို့ယွင်းချက် ကြီးမားစွာ ရှိသော ကိစ္စ ဆိုတာကို ဖြစ်ပါသည်။
စိတ်ဝင်စားဖို့ ကောင်းသည်မှာ ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင်
ဘာသာချင်းချင်း စစ်ပွဲခင်းသော အဖြစ်အပျက်မျိုး ပေါ်ပေါက်ခြင်းတို့
တခြားဘာသာတရား ကြီးတို့နှင့် နိုင်းစာကြည့်ပါလျှင် နည်းပါးပါသည် ။
ဥပမာအားဖြင့် ဘုရင်မ အဲလိဇဘက်ခေတ်က ကက်သလစ် နဲ့ ပရိုတက်စတင့်၊ ကရူးဆိတ်
စစ်ပွဲတွေမှာတုန်းက ခရစ်ယာန် နှင့် မူဆလင်၊ လွတ်လပ်ပြီးခေတ် အိန္ဒိယ
ပါတီနိုင်ငံရေးတွင် မူဆလင်နှင့် ဟိန္ဒူ တို့ အပြင်းအထန်
ရန်ပြုသတ်ဖြတ်ကြသလို တခြားဘာသာတရားတို့နှင့် ရန်ဖြစ်လေ့ ရန်ဖြစ်ထ မရှိသော
ဗုဒ္ဓဘာသာကို “ငြိမ်းချမ်းပျော့ပြောင်းသော” ဘာသာတရား အဖြစ်
ယျေဘုယျအားဖြင့် ဆုံးဖြတ်ရူမြင် ကြပါသည် (သီရိလင်္ကာကတော့ ခြွင်းချက်ပါ) ။
လောလောလတ်လတ် အစွန်းရောက် ရဟန်းတွေက လုပ်နေသော ၉၆၉ လှုံ့ဆော်မှုတို့သည်
ဗုဒ္ဓဘာသာကို “ရန်လိုခက်ထန်သော” ဘာသာတရား အဖြစ် သိက္ခာချနေသည်မှာ သံသယ
ရှိဖွယ် မလိုပါ။ သည်မှာ အံသြစရာကောင်းသည့် အချက်တစ်ချက်ကို
ကျွန်တော်တို့ တွေ့မြင်နိုင်သည်မှာ ဗုဒ္ဓတရား၏ ပဓာန လက္ခဏာတစ်ရပ် ဖြစ်သော
ငြိမ်းချမ်းရေးကို ပျောက်သုဉ်းအောင် လုပ်ဆောင်နေသည့်တိုင်အောင် မည်သည့်
ရန်လိုခက်ထန်သော ဘုန်းကြီး နှင့် မည်သည့် ဥပဒေမဲ့ ရမ်းကားနေသော
လူအုပ်ဝင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကမှ သူတို့၏ ဗုဒ္ဓဘာသာဝင် တစ်ဦး
ဖြစ်သည် ဆိုသည့် လက္ခဏာမှာ ပျောက်ဆုံး မသွားနိုင်ခြင်း ဆိုသည့် အချက်
ဖြစ်ပါ၏။ ထိုအစား တကယ်ဖြစ်လာသည်မှာ ထိုလူကြမ်း ပုဂ္ဂိုလ်တို့သည်
နိုင်ငံ၏ ဘာသာရေးသူရဲကောင်းတို့ အဖြစ်ပင် နေ့ချင်းညချင်း
ထင်ရှားကျော်ကြား လာခဲ့ခြင်း ပါတည်း။ ပမာအားဖြင့် ၉၆၉ ၏ ဂုရုကြီးဖြစ်သော
ဝီရသူသည် တစ်မနက်တွင် ဗုဒ္ဓတရား၏ မည်သူကိုမှ ခြွင်းချန်ထားခြင်း မရှိသော
မေတ္တာသုတ်တော် အကြောင်းကို ဟောပြောပါ၏ ၊ နောက်တစ်နံနက်တွင်မူ သူက
အမျိုးသားရေးသည် လောကတွင် အရေးကြီးဆုံး တန်ဖိုးထားရမည့် အရာလို့
ပြောဆိုပြီး ထိုအရေးအတွက် နင်တို့ငါတို့သည် သည် “အကောင်”တွေကို
ရွယ်ထားရမည်ဟု ဟောပြောပြန်ပါသည်။ ထိုသို့ “ပြောင်းပြန်ဖြစ်အောင်
နှစ်ခါပြော” ခြင်းသည် စိတ်ရူပ်ထွေးဖွယ်ရာ ဖြစ်သလောက် စိတ်မသက်မသာ ဖြစ်ဖွယ်
အမှန်တရား တစ်ခုကို ကျွန်တော်တို့အား ညွှန်ပြနေပါသည် - လူတစ်ဦး
တစ်ယောက်သည် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဟု ထို ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို
ကိုင်စွဲထားသရွေ့ မည်သူကမှ ထိုသူ၏ ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို လာပြီး
ရုပ်သိမ်းနိုင်ခြင်းဌာ မတတ်နိုင်ပါ သတည်း။ ဤ စိတ်ဝင်စားစရာ ကောင်းသည့်
အချက်သည် ဘာကို ပြနေပါသနည်း ဆိုသော် ကျွန်တော်တို့သည် ပြဿနာကို
တလွဲတချော် သိမြင်နေကြောင်း ဆိုသည်ကို ဖြစ်ပါ၏ - ကျွန်တော်တို့က မြင်သော
ဗုဒ္ဓဘာသာ နှင့် မူဆလင် ဘာသာတို့၏ ပဋိပက္ခဟူသည် ကိုယ့်ကိုကိုယ်
ဗုဒ္ဓဘာသာဝင်လို့ ‘ခေါ်ဖို့သာလိုသော’ သူတို့မှ စတင်ခဲ့ခြင်းသာ ဖြစ်ပါသည်
(ဟုတ်ပါရဲ့ ၊ အလိုရှိမယ် ဆိုပါရင် ကိုယ့်ကိုကိုယ်
မူဆလင်ဘာသာဝင်လို့ ‘ခေါ်ဖို့သာလို့တဲ့’ သူတို့မှ စတင်တယ်လို့လည်း
ပြောနိုင်ပါသည်) ။ သူတို့ကိုယ် သူတို့ ကြောင်သူတော်လို့ သူတို့
သိကြသည့် တိုင်အောင် ထိုသူတို့ဟာ ဗုဒ္ဓဘာသာဝင် အဖြစ် ‘အခေါ်ခံရဖို့’
ကိစ္စကတော့ အမြဲ သင့်တော်ကောင်းမွန် နေအုံးမည်သာ ဖြစ်ပါ၏ ။
ထိုကိစ္စသည်
ဘာကိုပြောပြနေပါသနည်း ဆိုသော် အတော်ကလေးကို မသဲကွဲသဖြင့် မြင်ဖို့
ခက်ပါသော်ငြား ဤ ဘာသာရေး အဓိကရူဏ်းတို့၏ အခြေခံပြဿနာမှာ လူတို့မှနေ၍
သူတို့ ဘာသာတရား နှင့် သင်းဖွဲ့ဆက်နွယ်မှုကြောင့် (ဖြစ်ခြင်းကြောင့်)
ဖြစ်ရတာ မဟုတ်ဘဲ တစ်စုံတစ်ရာသော သင်းဖွဲ့ဆက်နွယ်မှုကို အကြီးအမား
ရှေ့တန်းတင်သည့် သူတို့နှင့် သက်ဆိုင်၍သာ (ပြုခြင်းကြောင့်သာ)
ဖြစ်ပွားရခြင်း ဆိုတာ ဖြစ်ပါ၏ ။ လက်ရှိ ဘာသာရေး ပဋိပက္ခတို့သည် ဘာသာတရား၏
သဘာဝအစဉ်ကိုက ဆိုသည့် သဘောနှင့် လားလားမှ မဆိုင်၊ လူ၏ အပြုအမူ
လုပ်ရပ်နှင့်သာ လုံးလုံး ဆိုင်သည် ဆိုကြောင်း ပါတည်း။ မြန်မာပြည်တွင်
ဘာသာဝင်မျိုးစုံတို့သည် နှစ်ပေါင်း နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ
အတူနေလာခဲ့ပါ၏ ။ အဘယ်ကြောင့် သို့နေနိုင်သနည်း ဆိုသော် ကျွန်တော်တို့၏
အတူတကွ နေထိုင်ရန် နှင့် ကုန်ကူးသန်း ဖလှယ်ရန် ကိစ္စတို့တွင် ဗုဒ္ဓဘာသာ
သို့မဟုတ် မူဆလင်ဘာသာ နှင့် သင်းဖွဲ့ဆက်နွယ်နေမှု ဆိုသည်တို့မှာ
အရေးပါသည့် အကြောင်းအရာ ဖြစ်သည်ဟု ကျွန်တော်တို့ မြင်မထားသောကြောင့်
ပါတည်း။ သည်ကနေ့ ဖြစ်ပွားလာသော ပြဿနာများသည် ကျွန်တော်တို့မှ နေ၍
တစ်စုံတစ်ဦး၏ ဘာသာရေး ဆိုင်ရာ သင်းဖွဲ့ဆက်နွယ်မှုသည် လူတွေ
အတူယှဉ်တွဲနေထိုင်ဖို့ ရန် အတွက်ဆို အသဲအသန် ဖြစ်လွန်းသော ကိစ္စအဖြစ်
ယူဆလာခြင်းကြောင့် ဖြစ်ပါသည်။ ပြဿနာ၏ မူလရင်းမြစ်သည် ဗမာလူမျိုးတို့၏
ထေရဝါဒကို အယူသန်မှု (သီရိလင်္ကာ ကဲ့သို့) သို့မဟုတ် အစ္စလမ် ဘာသာကိုက
အကြမ်းဖက်စေနိုင်သော ဟောပြောဦးတည်ချက်တွေ ရှိနေမှု (ဘော်စတွန် မာရသွန်မှာ
ဗုံးခွဲသူတို့ဟာ အစ္စလမ်) ဆိုသော အချက်တွေကြောင့် ဖြစ်သည် ဟု
စွဲဆိုပြီး ပြောခြင်းသည် မုချကို မှားပါသည်။ အမှန်မတော့ ဝေဝါးသလောက်
အင်မတန်မှကို ယျေဘုယျ ကျသော စကားလုံးတွေ ဖြစ်သည့် “ဗုဒ္ဓဘာသာဝင်”
(သို့) “အစ္စလမ်ဘာသာဝင်” ဆိုသော၊ တစ်ဦးတစ်ယောက် ဝင်ခွင့်ရဖို့ ကိစ္စ
အတွက်ဆို အင်မတန် ရက်ရောသော ဘာသာတရား ယဉ်ကျေးမှုကြီးများနှင့်
ပေါ်ပေါက်နေသော ပြဿနာတို့သည် လားလားမှ မဆိုင်ပါ ။ ထိုသို့ ဖြစ်စေကာမူ
တစ်စုံတစ်ဦးသည် သူ့ ဘာသာတရား ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခု နှင့်
ဆက်နွယ်နေမှုကို အန္တရယ် ကြီးသော ပြဿနာ အဖြစ် ယူဆလာသော အထင်အမြင်သည်
လူ့ဘောင်တို့တွင် ပေါ်ပေါက်လွှမ်းမိုးလာပြီး ထိုအထင်အမြင်သည် မီးခြစ်ဆံခတ်
ကူးစက်မည့် အမှတ်တစ်နေရာကို ရောက်ရှိပွားများ သွားခဲ့ပါလျှင်
ထိုကဲ့သို့သော အကြမ်းဖက်မှုတို့သည် အတောမသတ် ဖြစ်ပွားလာနိုင် ပါသည်။
ပိုပြီး စိတ်ဝင်စားစရာ ကောင်းသော အကြောင်း ကိစ္စမှာ ဝီရသူသည် သူ့တွင်
လစ်ဘရယ် ပညာရေးဆိုသည်မှာ လုံးလုံး မရှိခြင်းကြောင့် ထိုသူသည် ဤကဲ့သို့
လူတစ်ဦး တစ်ယောက်၏ သင်းဖွဲ့ဆက်နွယ်မှုကို အထင်ကရ လွှမ်းမိုး
ခြိမ်းခြောက်သော ပြဿနာ အဖြစ် သဘောထားသည်ကို ကျွန်တော်တို့ ကရုဏာ
သက်ကောင်းသက်နိုင်ပါသည်။ ခက်သည်မှာ မြန်မာ အစိုးရအတွက် အလုပ်လုပ်နေသူ
အဆင့်မြင့် ပညာရှင် ဆိုသူတို့ကလည်း ထိုသူ၏ တွေးခေါ်မှုမျိုးကိုပင်
လိုက်ကြခြင်း ပါတည်း။ ပမာအားဖြင့် ရိုဟင်ဂျာ နှင့် ရခိုင်တို့၏
တင်းမာမှုတို့ အပြင်းထန်ဆုံး အချိန်တစ်ခုတွင် ဂျော့ မေဆင် တက္ကသိုလ်မှ
ပါရဂူဘွဲ့ ရှင် ကိုမင်းဇော်ဥိးက အဓိကစီးကြောင်း မီဒိယာတစ်ခုတွင်
ဆောင်းပါး ရေးသည်မှာ “ဤ နိုင်ငံတကာ သုတေသန လေ့လာမှု အရ ရိုဟင်ဂျာတို့သည်
ကမ္ဘာပေါ်တွင် အကြမ်းဖက်သမားတို့ အဖြစ် ပေါ်ပေါက်လာရန် ဖြစ်တန်ချေ အရှိဆုံး
အုပ်စုဖြစ်၏” ။ ထိုဆောင်းပါး တစ်ခုထဲမှာပင် သူကစတင်ထားသည်မှာ
“ဆင်ခြင်တုံတရားကို အခြေပြုစဉ်းစားသူတို့သည် နိုင်ငံတကာ လုံခြုံရေး
ကိစ္စကို ပထမဆုံး ဦးစားပေး စဉ်းစားအပ်ကြောင်း၊ နိုင်ငံတကာ
လုံခြုံရေးကို စဉ်းစားမည်ဆိုလျှင် လူ့အခွင့်အရေး ဆိုသည်မှာ အရေးပါသော
ကိစ္စမဖြစ်ထိုက် ပါကြောင်း” ဟူပြီး ဖြစ်ပါ၏။ ထိုသို့ အသိတရား
ပိတ်ဖုံးမိုက်မဲခြင်းသည် လွန်လွန်းပြီး ထိုကဲ့သို့ (လူနည်းစု
တစ်စုကို ဖြစ်စေ၊ လူတစ်ဦးချင်းကို ဖြစ်ပစေ) နှိပ်ကွပ်သော ကိစ္စတို့ကို
နိုင်ငံတော် အရေးသာလျှင် ပဓာန ဟူသော ရူဒေါင့်မှ ကြည့်လျှင်
တရားမျှတပါသည်ဟု ပိုင်းဖြတ်ပြခြင်းမျိုး သည် လူနည်းစု ဖြစ်သော
မူဆလင်တို့ကို မြန်မာ အသိုင်းအဝိုင်းတို့မှ မတရားသဖြင့်
ပြုကျင့်ခြင်းကို တရားဝင် လုပ်ရပ်အမှန် ပါပဲဟု အတည်ပြုပေးနေခြင်း
ဖြစ်ပါ၏ ။ နှလုံးညိုးနွမ်း ဖွယ်ရာ အမှန်တရားကို ကျွန်တော်တို့
တွေ့ရသည်မှာ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသူ ဆိုသူတို့ ကိုယ်၌သည်ပင်
လုံခြုံရေးဆိုတာ ဘယ်အရာမဆိုထက် ထိပ်တန်းအကျဆုံး အရေးဟု
ယူဆထင်မြင်နေခြင်း ပေတည်း။ အဟုတ်ဧကန်ပင် ထိုသို့ အဆင့်မြင့်ပညာရှင်
တစ်ဦးက ပျံ့နှံ့ထင်ပေါ်သော မီဒီယာတွင် တင်ပြသည့် အတွေးအခေါ်မျိုးသည် လက်ရှိ
အဓိကရုဏ်းတို့ကို သွယ်ဝိုက်သော နည်းအားဖြင့် ဆွပေးသော သဘော သက်ရောက်
နေသည်သာ ဖြစ်ပါ၏။
မကြာသေးမီ ရက်များက
ထိုသူတစ်ဦးတည်းသည်ပင် မီဒီယာတွင် ဤသို့ ရေးပြန်ပါ၏ ။ “ အမျိုးသား
လက္ခဏာသည်သာ မြန်မာပြည်တွင် နေသူအားလုံး၏ ပဓာန လက္ခဏာ ဖြစ်ထိုက်ပါကြောင်း ၊
မူဆလင်တို့သည် နိုင်ငံတွင် နေခြင်းကို ခွင့်ပြုနိုင်ပါကြောင်း ၊
သို့သော် သူတို့သည် အမျိုးသားလက္ခဏာကို သစ္စာစောင့်သိရမည် ဖြစ်ပါကြောင်း” ။
ထိုကိစ္စသည် ဘာကို တိုက်ရိုက် သရုပ်ဖော်ပြနေသနည်း ဆိုသော်
မြန်မာလူ့ဘောင်သည် (မြန်မာအမျိုးသားဟူသော) တစ်မျိုးတစ်စားတည်းသော
သင်းဖွဲ့ဆက်နွယ်မှုသည်သာ အမွန်မြတ်ဆုံးဟု ထင်မြင်စေရမည်၊ တခြားတပါးသော
သင်းဖွဲ့ဆက်နွယ်မှုတို့သည် ထို အမြတ်ဆုံး သင်းဖွဲ့မှုတို့လောက်
တန်ဖိုးထားစရာ မလိုသော သင်းဖွဲ့ဆက်နွယ်မှုတို့သာ ဖြစ်စေရမည် ဟူသော
အတွေးအခေါ်မျိုးကို လွဲမှားစွာ ဆွဲခေါ်ချနေခြင်း ဖြစ်ပါ၏။ လွန်လေပြီးသော
ကမ္ဘာ့ စီးပွားရေး နိုဘယ်ဆုရှင် အက်အေ ဟိုင်းရက်က ညွှန်ပြခဲ့သလိုပင်
လူထုမှ နေ၍ လွှမ်းမိုးခံလိုက်ရသော အဘယ် လူစုလူဝေးသာ ပဓာန ဝါဒ အမျိုးအစား
မဆိုသည် ( ထိုဝါဒ၏ မူကွဲတို့သည် ပုံစံမျိုးစုံဖြင့် လာတတ်ပါ၏ -
“အမျိုးသားရေး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အရေး ၊ ယုတ်စွအဆုံး ရင်းစွဲနေ
တိုင်းရင်းသားတို့၏ အခွင့်အရေး” စသဖြင့်) လူတစ်ဦးချင်း၏
သီလပိုင်းဆိုင်ရာ စောင့်ထိန်းတာဝန်ယူမှုတို့ကို ဆိတ်သုဉ်းစေပြီး
အဆုံးတွင် တစ်လုံးတစ်စည်းတည်း အုပ်ချုပ်သော နိုင်ငံစနစ်
(totalitarianism) သို့ ဦးတည်သွားစေ ပါ၏။ လက်တွေ့တွင်လည်း
“လူစုလူဝေးသာ-ပဓာန” ဝေါဟာရ က ပြောသလိုပင် လူတွေစုဝေးလာသော လူစုလူဝေး
စုရပ်သဘော သက်သက် နှင့်တော့ ထိပ်တိုက်ရန်ဖြစ်သော ပြဿနာတို့
ဖြစ်သည်မဟုတ်ပါ။ ထိပ်တိုက်နောင်ဂျိန်တို့ ဖြစ်ပွားလာရသည်မှာ
လူတွေကနေပြီး စုဝေးပြီး လုပ်ခြင်းသည် သူတို့ ပြုမူဆောင်ရွက်သော
နည်းလမ်းတို့ကို တရားမျှတကြောင်း သက်သေခံရန် အမြတ်ဆုံးသော
လမ်းဆုံးပန်းတိုင် ဟု ထင်မြင်ယူဆလာသော အခါတွင် ပါတည်း။ လက်တွေ့
မြင်နိုင်သည့် ကျွန်တော်တို့တွင် မကြာခဏ ဆိုသလို ဖြစ်ပွားလာသော ဘာသာရေး
ဆိုင်ရာ အဓိကရုဏ်းတို့သည် တချို့မှ စွဲဆိုကြသလို အစိုးရက
အစပျိုးဖော်ပေးပုံ မရပါ (သို့မဟုတ်လည်း အစိုးရမှ
ပါဝင်ပတ်သက်နေခြင်းမျိုး ရှိတော့ပုံ မပေါ်တော့ပါ) ။ စင်စစ် ၄င်းတို့သည်
အသိုင်းအဝိုင်းတွေ ကိုယ်၌ကိုက မဟားတရား ပြုမူခြင်းကို ဤ
(လူစုလူဝေးတို့၏ ပဓာနကျသော) အကြောင်းရေးရာ တို့အားဖြင့် တရားဝင်ဖြစ်သော
လုပ်ရပ်တို့ဟု ထင်မြင်ယူဆလာခြင်း သည်သာ ပဓာန အကြောင်းတရား ပါတည်း။
“လူစုလူဝေး အမှတ်လက္ခဏာ” တစ်ခုကို ဦးတည်ရာလွဲမှားစွာဖြင့် ပြည်သူလူထုက
သိမှတ်မိခြင်းသည် အကြောင်းရင်းမြစ် ဖြစ်သောကြောင့် မြန်မာသမ္ဗတ၏် အကြံပေး
ပုဂ္ဂိုလ် ကိုကျော်ရင်လှိုင်က ဗွီအိုအေ အသံလွင့်ဌာနက ထုတ်လွှင့်သော
ရှင်းလင်းပွဲတွင် ပြောသည့် ဘာသာယုံကြည်ချက်များ အကြား
ဆွေးနွေးဖလှယ်ရေးတို့ ကျင်းပရေး ဆိုသည်မှာ ချွတ်ချော်မှားယွင်းသော
ဖြေရှင်းချက် ဖြစ်ပါသည်။ ထိုကဲ့သို့ အစိုးရက ဂုဏ်တင်ပေးသော
ဆွေးနွေးပွဲတို့သည် လူတို့၏ “အသိုင်းအဝို်င်းသာ ပဓာန ခံစားမှု”
မျိုးကို ငိုချင်လျက် လက်တို့ သလို ဖြစ်နေလိမ့်မည် ဖြစ်ပြီး
သူတို့တတွေမှာ (ဘာသာရေး) အသိုင်းအဝိုင်း တစ်ခုတည်းသာလျှင်
လုံးလုံးလျားလျား ပတ်သက်ဆက်နွယ်ရာ ဖြစ်သည် ၊ လူဟူသည်မှာ
ဘာသာရေးပေကြိုးတို့နှင့် လုံးဝ တိုင်းပြီး ခြားပြီးသား ဖြစ်သည်ဟူသော
ခံစားမှု အသိမျိုးကို တွန်းပို့ပေးပါလိမ့်မည်။ ထို့ထက်တောင် မျက်မှောက်
ချက်ချင်း ဆိုးပေနိုင်သည့် အချက်မှာ ဗုဒ္ဓရှင်တော်မြတ်ကြီး သည်ပင် သူ့အား
ဗုဒ္ဓဘာသာ အဖြစ်မှ တစ်လက်မပင် နေရာရွှေ့ရန် မတတ်နိုင်သည့် ဝီရသူက
ဗုဒ္ဓဘာသာဘက်မှ အာဏာလွဲခံ တရားဝင်ခေါင်းဆောင် အဖြစ် ဆောင်ရွက်ပြီး မူဆလင်
တို့ဘက်မှလည်း ရိုဟင်ဂျာတို့ကို ခွဲခြမ်း နှိမ့်ချလိုသော ဗလီဆရာ
တစ်ဦးက အစ္စလမ်ဘာသာ ကိုယ်စားလှယ်ခေါင်းဆောင် အဖြစ် ဆောင်ရွက်လာခဲ့ပါသော်
ထိုသို့သော လူကြီးလူကောင်း ကိုယ်စားလှယ်တော် နှစ်ဦး အပြန်အလှန်
နားလည်ချစ်ကြည်ရန် နှီးနှောဖလှယ်သည့် ပွဲသည် မည်သို့များ နေပါလိမ့်
မည်နည်း၊ ဗျာတို့ ။
ပြန်ချုပ်မည် ဆိုပါသော် ကျွန်တော်
ငြင်းခုံတင်ပြသည်မှာ လက်ရှိမြန်မာပြည်၏ ဘာသာရေး ပြဿနာတို့သည်
တစ်စုံတစ်ခုသော အမှတ်လက္ခဏာကို ဘာမဆိုထက်မဆို ပိုအရေးပါသည်ဟု
နေရာပေးလာသော လူစုလူဝေးသာ ပဓာန ဝါဒ ပေါ်ပေါက်လာခြင်းကြောင့်သာ
လုံးလုံးလျားလျား မူတည်နေပါသည်။ အဲဒါကို အမှတ်လက္ခဏာ သက်သက်တို့၏ “သဘာဝ”
အကြောင်းရင်းခံတို့သည် မလွဲမသွေ ထိပ်တိုက်တွေ့ခြင်းကို ဖြစ်စေသည်ဟု
အနုမာန အခြေခံယူစွဲထားပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်းသည်
အဓိပ္ဗာယ် မရှိပါ။ ကိုမင်းဇော်ဦးက ဗုဒ္ဓဘာသာ (သို့) မူဆလင် ဆိုသော
အမှတ်လက္ခဏာတို့ကို အထူးအမြတ်ဆုံး ဆိုသည့် အမျိုးသားလက္ခဏာ
တစ်ခုတည်းသို့ ပြောင်းမြင်ရန် ကြိုးစားနေပြီး (အဲဒါဟာ အဆိုးဆုံး
တလုံးတစည်း ဝါဒ ဖြစ်ပါ၏) ကိုကျော်ရင်လှိုင်ကတော့ အမှတ်လက္ခဏာ မတူသည့်
အုပ်စုတို့သည် တစ်အုပ်စုနှင့် တစ်အုပ်စု နားလည်ဖို့ရန်
ကြိုးစားသင့်သည် ဟု မြင်ပါ၏ ( ဤသည်မှာလည်း
အတော်ကိုဆိုးတဲ့အသိုင်းအဝိုင်း ပဓာန ဝါဒ ဖြစ်ပါ၏)။ ကိုမင်းဇော်ဦး၏
ယူဆချက်သည် သီအိုရီပိုင်း ဖော်ပြချက်မှာရော၊ လက်တွေ့လုပ်ဆောင်ဖို့
ကိစ္စမှာပါ ကယောက်ကယက် နိုင်သော ကိစ္စဖြစ်ပြီး ကိုကျော်ရင်လှိုင်၏
ယူဆချက်ကတော့ တင်မှန်းပုံအားဖြင့် အကျိုးရှိသည်ဟု ထင်ရသလောက်
လက်တွေ့လုပ်ဆောင်လျှင် ချွတ်ချော်လမ်းမှားနေမည့် အကြံအစည် ဖြစ်ပါသည်။
နောက်ဆုံးသတ်အနေဖြင့် ကျွန်တော် အကြံပြုလိုသည်မှာ အရေးတကြီး ချက်ချင်း
လုပ်ဆောင်ရန် ကိစ္စမှာ ရာဇဝတ်ပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး
ဖြစ်ပြီးလျှင် စိတ်ရှည်ရှည်နှင့် ရေရှည်လုပ်ဆောင်ရန် ကိစ္စမှာ
ကျင့်ဝတ်နီတိပိုင်းဆိုင်ရာ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်ကြောင်း
ဆိုသည်ကို ပါတည်း။ အတော်လေးပင် မသိကြသည့် သဘောတရား တစ်ခုမှာ တရားဥပဒေ
စိုးမိုးရေး၏ အခြေခံ နိယာမများသည် အသင်းအပင်း ကို အခြေခံဗဟိုပြုကာ
စဉ်းစားခြင်းမျိုးတို့ကို ဆန့်ကျင်ငြင်းပယ် ထားပါသည်။
တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက်မည် ဆိုပါလျှင် အခြေခံ
အကျဆုံး စည်းမျဉ်း နှစ်ချက်ရှိပါ၏။ ရာဇဝတ်မှုခင်းဆိုင်ရာ
တရားဥပဒေစိုးမိုးရေးတွင် ပထမဆုံး နှင့် အအိုမင်းဆုံး စည်းမျဉ်းမှာ
လက်တင်ဘာသာဖြင့် “nulla poena sine lege” ဟု ခေါ်ဝေါ်ပြီး ၄င်းမှာ မည်သည့်
သူတစ်ဦး တစ်ယောက်ကိုမှ ဥပဒေမှ နေ၍ ရှေ့တွင် တင်ကြိုဖော်ပြထားခြင်း မရှိဘဲ
အပြစ်မပေးရ ဟူ၍ ဖြစ်ပါသည်။ ယင်း စည်းမျဉ်းက တောင်းဆိုသည်မှာ
လူတစ်ဦးချင်း၏ ရာဇဝတ်မှုများကို ၄င်း၏ နောက်ခံဆက်နွယ်မှုများကို ထောက်ပြီး
ကျောသားရင်သား ခွဲခြား ဆက်ဆံခြင်းမျိုးကို လုပ်ခွင့်မရှိ၊ ယျေဘုယျ
သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုနှင့်သာ တန်းတူ ကိုင်တွယ်ရမည့် အကြောင်းကို
ပြပါသည်။ ဒုတိယစည်းမျဉ်းကတော့ အရေးကြီးဆုံး သဘောလည်း ဖြစ်ပြီး
လက်တင်ဘာသာအားဖြင့် “nullum crimen sire poena ” ဟု ခေါ်ပါသည်။ ၄င်း၏
အဓိပ္ဗာယ်မှာ ဥပဒေမှ အတိအလင်း ဖော်ပြထားသည် ဖြစ်စေ၊ မဖော်ပြထားသည် ဖြစ်စေ
မည်သည့်ရာဇဝတ်ကိုမှ အပြစ်မပေးဘဲ ချန်လှပ်ထားခြင်း မရှိရ ဟူ၍ ဖြစ်ပြီး
ယင်းသည် ရာဇဝတ်မှုတို့ကို တမင် လွှတ်ပေးခြင်းမျိုး ၊
ကြည့်ကြပ်လုပ်ပေးခြင်းမျိုးတို့ မရှိစေရကြောင်းကို တိတိလင်းလင်း
တောင်းဆိုထားပါသည်။ အီးဘီအက်ရှတွန် က ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့်
သူ့စိတ် တွင် “နိုင်ငံတော်၏ အခွင့် အာဏာဟူသည် ဥပဒေ ချိုးဖောက်သူများကို
အပြစ်ပေးရုံမျှနှင့် မလုံလောက်သေး၊ ထိုသို့သော သဘောဖြင့် တိတိကျကျ
မခွဲမခြမ်း မချန်လှပ်ဘဲ အပြစ်ပေးခြင်း မျိုးကို တကယ် အရေးယူဆောင်ရွက်သလား၊
မဆောင်ရွက်သလား ဆိုတာကို ပြည်သူလူထုက လိုအပ်လျှင် လိုအပ်သလို
စောင့်ကြည့်ရမည် ဖြစ်၏ ။ ထိုသို့သော သဘောသည် လူထု၏ အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ဤသဘောသည် အခြေခံကျသလောက် မဖြစ်မနေ
လိုအပ်သော နိဿယ နည်းနာများထဲမှ တစ်ခုပေတည်း” ဟု ရေးသားပါသည်။
ထိုသဘောကို ထောက်ရူလျှင် မကြာမီက ထွက်ပေါ်လာသော ဘီဘီစီ
ရုပ်သံထုတ်လွှင့်မှု ပေတို အခန်းငယ်ကလေးမှ ပြသသော ဥပဒေမဲ့ ရမ်းကားနေသည့်
ဗုဒ္ဓဘာသာ လူအုပ်သည် အဘယ်ကြောင့် ရဲတွေရှေ့တွင် ထိုသို့
ယုတ်မာရမ်းကားမှုတို့ကို ကျုးလွနဝံ့ကြောင်းကို ကျွန်တော်တို့
ခံစားသိမြင်နိုင်ပါသည်။ ထိုလူရမ်းကား လူအုပ်ကြီးမှ ထင်မြင်
ယုံကြည်လိုကြသည်မှာ ၄င်းတို့၏ အရေးပါအရာရောက်ဆုံး
သင်းပင်းဆက်နွယ်မှုများ ဖြစ်သည့် ဗုဒ္ဓဘာသာ (သို့မဟုတ်လည်း) အမျိုးသား -
နိုင်ငံသား ဆိုသည့် အကြောင်းရင်းခံတို့ကြောင့် ၄င်းတို့၏
ရာဇဝတ်မှုများသည် အပြစ်ပေးခံရခြင်း မရှိဘဲ ချန်လှပ်ထားလိမ့်မည်၊ ရဲတွေနှင့်
ရပ်ရွာအစိုးရသည် ကြည့်ကြပ်လုပ်ပေးလိမ့်မည် ဟု ထင်မြင်နေခြင်းပေတည်း။
သည်မှာ အင်မတန် မေးသင့်သည့် မေးခွန်းမှာ ရဲတွေကိုယ်တိုင်ကလည်း ဤသို့
ကြည့်ကြပ် လုပ်ပေးရမည်ဟု ယူဆထားသလား ဆိုတာကို ဖြစ်ပါ၏။သမ္ဗတကြီး
ဦးသိန်းစိန်မှ ဒီမိုကရေစီ ဝါဒကို ကျင့်သုံးလာပြီ ဆိုလျှင် လူထုသည်
ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ တာဝန်ယူမှု ရှိရမည် ဟု ပြောသောအခါ
ကျွန်တော့်မှာ ဒါ့ထက် သဘောတူနိုင်စရာ မရှိပါ။ သို့ရာတွင် ထို
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်ယူမှု ဟူသည် “လူတစ်ဦးချင်း” ဟူသော
သဘောသာလျှင် လုံးလုံးဖြစ်ကြောင်းကို သဘောပေါက်ဖို့ လိုပါသည်။
လူတစ်ဦးချင်း တာဝန်သိစွာ ကျင့်ကြံစောင့်စည်း ရမည့် “ကိုယ်ကျင့်” သည်
“လူထု” ကျင့်၊ “နိုင်ငံတော်” အရေး ကျင့် ၊ “ဗုဒ္ဓဘာသာအရေး” ကျင့် ၊
“အကြမ်းဖက်မှု ကာကွယ်တားဆီးရေး” ကျင့် စသော လူစုလူဝေးနှင့် လုပ်တာ ဘာမဆို
တရားဝင်ဖြစ်သည်ဟူသော လွဲမှားသလောက် အန္တရယ်များသည့် လူထု အယူအဆတို့နှင့်
မရောနှောသွား သင့်ပါ။ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်စဉ်ကို
ဦးတည်ဆောင်ရွက်လာသော ပညာပေး လုပ်ငန်းများသည် ပြည်သူ တစ်ဦးချင်း၏
လွတ်လပ်မှု နှင့် တာဝန်သိမှုတို့ကို ထိုသို့ ရှင်းလင်းပြတ်သားစွာ
နားလည်စေရန် ကြိုးပမ်းမြှင့်တင်ပေးရမည် ဖြစ်ပြီး
ထိုပညာပေးလုပ်ငန်းများသည် ယနေ့ ပြုပြင်ပြောင်းလဲရေး အသို်င်းအဝိုင်း
တို့က ကြော်ငြာ မြှင့်တင်နေသည့် အသင်းအပင်း တစ်ခုနှင့်
ဖွဲ့နွယ်စုဝေးခြင်းကို ပဓာန အရေးအရာ အဖြစ် ရူမြင်တိုးမြှင့်လိုသည့်
နည်းလမ်းကျင့်စဉ်မျိုး မဟုတ်ရေးချ မဟုတ်သင့်ပါ သတည်း။
Ko Nyo Tun <burmaenlightenment@gmail.com>
No comments:
Post a Comment