by LAS Group ပညာရေးအကြံပေးအဖွဲ့  (Notes) on Thursday, June 20, 2013 at 8:42pm

တက္ကသိုလ်တစ်ခုကို ရွေးချယ်ဖို့ဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးရမယ့်အရာတစ်ခုတော့ မဟုတ်ပါဘူး။ “ငါ့ရဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ဝင်စားမှုတွေက ဘာတွေလဲ?” “ငါ အိမ်နဲ့ နီးနီးမှာပဲ သင်ယူချင်သလား” စတဲ့ ရိုးရှင်းတဲ့ မေးခွန်းတချို့ကို သင့်ကိုယ်သင် မေးခြင်းအားဖြင့် စတင်နိုင်ပါတယ်။
ပြီးတော့ အခုဖော်ပြမယ့် အကြံဥာဏ်တချို့နဲ့အတူ သင့်အတွက် အကောင်းဆုံးဖြစ်မယ့်၊ သင့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကူညီနိုင်တဲ့၊ ပြီးတော့ စိတ်ကျေနပ်မှုရှိပြီး အမှတ်ရစေမယ့် အတွေ့အကြုံများကို ပေးနိုင်မယ့် တက္ကသိုလ်တစ်ခုကို သင် ရွေးချယ်နိုင်ပါလိမ့်မယ်။
တက္ကသိုလ်ဆိုတာ သင့်ရဲ့ စိတ်ဝင်စားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းနိုင်တဲ့အချိန်၊ သင့်ရည်မှန်းချက်တွေနောက်ကို လိုက်နိုင်တဲ့အချိန်၊ ပြီးတော့ တစ်သက်တာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်မယ့် အချိန်ပါပဲ။ ပြီးတော့ သင့်ကိုယ်သင် အဓိပ္ပါယ်သတ်မှတ်ဖို့လည်း ဖြစ်တယ်။ ဘယ်မေးခွန်းတွေကို သင့်ကိုယ်သင် မေးရမလဲ၊ သင်စဉ်းစားနေတဲ့ တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမေးခွန်းတွေ မေးရမလဲ၊ ပြီးတော့ အဖြေကို ဘယ်လိုရှာရမလဲ ဆိုတာတွေကို သင် သိဖို့လိုအပ်ပါတယ်။
ဘာကြောင့် တက္ကသိုလ်တက်ရမှာလဲ?
အထက်တန်းပြီးပြီဆိုတာနဲ့ သင်ဟာ တက္ကသိုလ်တက်ရမလား ဒါမှမဟုတ် အလုပ်တစ်ခု လုပ်ရမလားဆိုတဲ့ အတွေးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဘယ်ရွေးချယ်မှုက သင့်အတွက် အကောင်းဆုံးလဲ? သုတေသနပြုမှုတစ်ခုအရ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဟာ အထက်တန်းအောင်သူတစ်ယောက်ထက်ပိုပြီး ၈၄% ကျော် ၀င်ငွေရှာဖွေနိုင်တယ်လို့ ဆိုပါတယ်။ အထက်တန်းပြီးတာနဲ့ ပညာရေးကို ရပ်လိုက်တဲ့သူတွေဟာ အချိန်နဲ့အမျှ ၀င်ငွေလစာ နည်းလာတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဘယ်လို ရွေးချယ်မှာလဲ?
မှန်ကန်တဲ့တက္ကသိုလ်တစ်ခု ရွေးချယ်ဖို့ဆိုတာ လာမယ့် လေးနှစ်အတွင်းမှာ သင် ဘယ်မှာနေမလဲဆိုတာကို ရွေးချယ်ရုံသက်သက်ပဲ မဟုတ်ပါဘူး။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သင့်ရဲ့ စိတ်ဝင်စားမှုတွေနဲ့ အကောင်းဆုံးလိုက်ဖက်မယ့် အရာကို ရှာဖွေခြင်းဖြစ်ပါတယ်။ တက္ကသိုလ်တွေကို နှိုင်းယှဉ်ရွေးချယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့ စိတ်ဝင်စားမှုတွေကို စာရင်းတစ်ခု ချရေးကြည့်ဖို့ဖြစ်ပါတယ်။ ဘယ်တက္ကသိုလ်တွေက သင်စိတ်ဝင်စားတဲ့အရာတွေကို ပေးနိုင်သလဲဆိုတာ ကြည့်ပါ။ ပြီးတော့ သင် ဘယ်အချက်တွေကို စဉ်းစားချင်သလဲ။ နေရာလား။ ကုန်ကျစရိတ်လား။
ကုန်ကျစရိတ်ကို ကျနော် တတ်နိုင်မလား?
တက္ကသိုလ်ပညာရေးရဲ့ ကုန်ကျစရိတ်တွေဟာ တော်တော်လေး ကွဲပြားကြပါတယ်။ ကျူရှင်တွေအပြင် ကောက်ခံငွေတွေ၊ စာအုပ်ဖိုး၊ နေထိုင်စရိတ်၊ စားစရိတ်နဲ့ အခြား ကုန်ကျမှာတွေလည်း ရှိပါတယ်။ သတင်းကောင်းကတော့ သင့်ရဲ့ ပညာရေးအတွက် ငွေကြေးရရှိနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ စကောလားရှစ်တွေ၊ ပညာသင် ထောက်ပံ့ကြေးတွေ အပါအ၀င်ပေါ့။ ကျောင်းက ချေးငွေတွေ၊ အချိန်ပိုင်းအလုပ်အကိုင်တွေလည်း ရှိနေပါတယ်။ ငွေကြေးကုန်ကျစရိတ်ဟာ သင့်ရဲ့ တက္ကသိုလ်ပညာရေးလမ်းကြောင်းမှာ အတားအဆီးတစ်ခု ဖြစ်မနေသင့်ပါဘူး။
တက္ကသိုလ်ဘဝ
အဓိက ရည်ရွယ်ချက်ကတော့ သင် တက္ကသိုလ်မှာ ရှိနေစဉ်အတွင်း အရည်အသွေးမြင့်တဲ့ ပညာရေးကို ရရှိဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ချိန်လုံး စာမကျက်နိုင်ပါဘူး။ သင်ဟာ မိတ်ဆွေဖွဲ့ဖို့၊ စိတ်ဖိစီးမှုတွေနည်းဖို့၊ ပျော်ရွှင်ဖို့ ကျောင်းစာပြင်ပ အရာတွေလည်း လိုအပ်ပါတယ်။ တက္ကသိုလ်တော်တော်များများမှာ ကျောင်းသားအဖွဲ့အစည်းတချို့၊ အားကစားအဖွဲ့တွေနဲ့ တခြားအသင်းအဖွဲ့တွေ ရှိကြပါတယ်။ သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ အသင်းတစ်ခုကို ရှာကြည့်ပါ။ အဲဒီအသင်းရဲ့ လုပ်ဆောင်မှုတွေကိုလည်း လေ့လာကြည့်ပါ။
တက္ကသိုလ်ဘ၀ဆိုတာဟာ ဘောလုံးပြိုင်ပွဲတွေ နဲ့ အခြား အားကစားပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ၊ ပြီးတော့ တခြား ပျော်ရွှင်စရာတွေ တစ်ဒါဇင်လောက် ပါဝင်ပါတယ်။ မရှက်ရွံ့ပါနဲ့။ သင်ဟာ အဲဒီအရာတွေမှာ ပါဝင်တဲ့အခါ ပိုပြီး ပြည့်ဝတဲ့ တက္ကသိုလ်ဘ၀ကို ရရှိပါလိမ့်မယ်။
Ref: How To Choose A Right College For You (From the book by University of North Texas)
Sources: http://yourlifesuccess.blog.com/2013/06/21/how-to-choose-a-right-college-for-you/
No comments:
Post a Comment