ဟိုနေ
့က မိုးရွာတော့ အိမ်ခေါင်မိုးက နေ မိုးယိုပြီး အိမ်ထဲကို ရေတွေ
စိမ့်စိမ့်ကျလာသည်။ သွပ်မှိုတစ်ချောင်းတော့ လွတ်နေပြန်ပြီ
ဟုကျွန်တော်တွေးထင်လိုက်ရင်း လွန်ခဲ့သော လေးလ ကျော် ကဆုံးပါးသွားသော
ဖခင်ကြီးစကားများကို အမှတ်ရမိသွားသည်။
ဖေဖေရှိစဉ်တုန်းကတော့ သူ အားရင်အားသလို အမြင်မတော်တာတွေ့ ရင် တွေ့ သလို ရှင်းသွားသည်။ စည်းကမ်းလည်း အရမ်းကြီးသည်။
အမှိုက်ကို စနစ်တကျ စွန့် ပစ်မှ ကြိုက်သည်။ စာအုပ်ကိုဖတ်ပြီးရင် နေရာတကျ ပြန်ထားမှ မဟုတ်ရင် ပေါ့တိပေါ့လျော့ နဲ့ ဆိုပြီး အပြောခံရသည်။ အသုံးအဆောင်ပစ္စည်းများကိုလည်း
စနစ်တကျထားသည်။အဲဒီအသုံးအဆောင် ပစ္စည်းဝယ်သည့် ရက်စွဲ က အစ မှတ်သားထားသည်။အမှတ်အသားလည်း အရမ်းလုပ်သည်။ အိမ်ရှေ့ ရေမြောင်းမှာ အမှိုက်သရိုက်တွေ
ပလပ်စတစ်ခွံတွေ ကျနေတာက အစ ဆယ်ယူပြီး စနစ်တကျ လွှင့်ပစ်သည်။ အလုပ်နဲ့ လက် ပြတ်သည်ကို မရှိ။ဘယ်အချိန်ကြည့်ကြည့်
တကုပ်ကုပ်နဲ့ လုပ်နေတတ်သည်။ အလုပ်အားပြီဆိုလျှင်တော့ တရားနာသည်။ စာဖတ်သည်။ အဲဒီလို အချိန်မျိုးဆို သူ့ ဘေးမှာ ဗလာစာအုပ်တစ်အုပ် ဘောပင်တစ်ချောင်း အမြဲအသင့်ရှိသည်။ မှတ်သားသင့်သည့်တရားစကား ဒါမှမဟုတ် စာအုပ်ထဲက စာသားတွေ့ လျှင် သူ့ ဗလာစာအုပ်ထဲ ကူးရေးသည်။
ထိုသို့  အလုပ်တစ်ခုကို သေသေသပ်သပ် လေးလေးနက်နက်ထားလုပ်မှ
ကြိုက်သော အဖေသည် တစ်ခါတစ်လေ ပေါ့ တိပေါ့လျော့  နဲ့ ပြီးစလွယ်သဘောနဲ့ လေးလေးနက်နက် မလုပ်တတ်သော ကျွန်တော့်ကို အမြဲဆူတတ်သည်။ ဆိုင်ကယ်ပျက်လျှင် မပြင်ပဲ ပေကပ်စီးတတ်သော ကျွန်တော်။
စာအုပ်များကို ပြီးစလွယ်ထားတတ်သော (လိုချင်ပြီဆိုမှ ကျွန်တော့်မှာအသည်းအသန်လိုက်ရှာရတတ်သည်)။ ယနေ့ ပြီးနိုင်သည့် ကိစ္စ ကို မနက်ဖြန်ထိ ရွှေ့ တတ်သော ကျွန်တော့်စရိုက်ကို ဖေဖေမကြိုက်။
ကျွန်တော်ကလည်း ကျွန်တော်ပဲ။ အိမ်ရှေ့ ရေမြောင်း ကို မြောင်းဆယ်ခိုင်းရင်တောင် ပြီးစလွယ် ဆယ်လိုက်သည် အောက်က နှုံးတွေ ဖုန်တွေ ပါအောင်မဆယ်တတ်။ အိမ်သန့် ရှင်းရေလုပ် ဆို လုပ်တယ်ဆိုတဲ့နာမည် ခံရုံလေး အပေါ်ယံလောက်လုပ်သွားသည်။
အဲဒီလို ပြီးစလွယ် နဲ့ လေးလေးနက်နက်ထားမလုပ် တာ မျိုးကို တွေ့ လို့ကတော့ ဖေဖေ က ဆူသည်။
တနေ့  အိမ်ခေါင်မိုးက သွပ်ပြား က သွပ်မှို တစ်ချပ် ပြုတ် သွား သည်နှင့်တူသည်။ မိုးရွာတော့ ထို ပြုတ်သွားသောနေရာ မှာ ရှိသော အပေါက်ကနေ မိုးတွေ
အိမ်ထဲကို ယိုလာသည်။ မိုးတိတ်သွားတော့
ဖေဖေ့ က ကျွန်တော့်ကို အိမ်ခေါင်မိုးပေါ် တက်ပြီး သွပ်မှိုတက်ရိုက်ခိုင်းသည်။
"ဟာ အဖေက လည်း သွပ်မှိုတစ်ချောင်းတည်းပဲ ဟာ ဘာမှ မဖြစ်လောက်ပါဘူးဗျာ။ မိုးကလည်း နေ့ တိုင်းနီးပါးရွာနေတာမှ မဟုတ်တာ။ နောက်မှ တက်ရိုက်မယ်ဗျာ "
လို့ ပြောတော့ အဖေ့ မျက်နှာတစ်ချက်ပြုံးသွားပြီး ကျွန်တော့်ကို ဆုံးမတော့သည်။
"သား ဘယ်အရာမှ အသေးအဖွဲ ဆိုတာ မရှိဘူးကွ။ မင်းအခုသွပ်မှို တစ်ချောင်းလောက်ပဲ လွတ်နေတာပါ။ မိုးလည်း ရွာချင်မှရွာမှာပါ လို့ တွေးပြီး ပေါ့ပေါ့လျော့လျော့လုပ်လိုက်ရင်
နောက်တစ်ခါ မထင်မှတ်ပဲ မိုးရွာရင် အိမ်တစ်အိမ်လုံး ရွှဲသွားနိုင်တယ်ကွ။တဖြည်းဖြည်းနဲ့  အဲဒီ အပေါက်ကြီး ကြီးလာပြီး သွပ်ပြားတွေပါ လဲရမယ့် အဖြစ်မျိုး ရောက်သွားမယ်။"
"သားတို့ လူငယ်တွေ က ခက်တယ်။အရာရာကို လေးလေးနက်နက် ထားပြီး မလုပ်တတ်ဘူး ပေါ့တိပေါ့ဆလုပ်တတ်တယ်။ ဒါတွေက အသေးအဖွဲပါ မိုင်နာလေးတွေပါ လို့ ထင်ပြီး ဂရုမစိုက်ပေမယ့် အဲဒီအသေးအဖွဲလေးတွေကနေ
ပြဿနာတွေ အကြီးကြီးတွေ ဖြစ်ကုန်တော့အခါ မင်းတို့  ဒုက္ခရောက်တော့တာပဲကွ။ အခုဆို အဖေ အိမ်ရှေ့ မှာ ရှိတဲ့ ရေမြောင်းကို တစ်ပတ်တစ်ခါ မြောင်းဆယ်တယ်။ မင်းကတော့ ထင်မှာပဲ အဖေရာ အားအားယားယား မြောင်းဆယ်နေတယ် ထားလိုက်ပေါ့။
ကိုယ့်အိမ်ရှေ့ မှာ ပဲ ဒီမြောင်းရှိတာမဟုတ်ဘူး သူများအိမ်ရှေ့ မှာလည်း ဒီရေမြောင်းရှိပါတယ် မဆယ်လည်းရတယ်လို့  တွေးမိကောင်းတွေးမိမယ်။
" ဒါပေမယ့် မင်းစဉ်းစားကြည့် မြောင်းကို တစ်ပတ်တစ်ခါလောက်မဆယ်ရင်
မြောင်းထဲမှာ အိမ်တကာ က ပစ်လိုက်တဲ့ အမှိုက်တွေ ပလပ်စတစ်တွေ စားကြွင်းစားကျန်တွေကြောင့် ရေမြောင်းပိတ်မယ်။ဒီတော့ ရေစီးရေလာ မကောင်းတော့ ယင်တွေခြင်တွေ ပေါက်မယ်။ ဒီတော့ မင်းလည်း ဆေးကျောင်းသားတစ်ယောက်ပဲ။
ယင်တွေခြင်တွေ ကြောင့် ဖြစ်တဲ့ ရောဂါတွေ ဖြစ်လာမယ်။ နောက်ပြီး မြောင်းပိတ်ပြီ ဆိုမှတော့ မြောင်းပုပ်ဆော် နံပီ။ အဲဒီမြောင်းပုပ်ဆော်ကို အဖေတို့  မိသားစု ရှုကြရလိမ့်မယ်။ဘယ်လောက် မနှစ်မြို့ စရာကောင်းလဲ။ဧည့်သည်လာရင်တောင်အားနာစရာကြီး။"
"ကဲ မိုးရွာပြီထားလိုက်ပါတော့ ရေစီးရေလာမကောင်းတော့ မြောင်းပိတ်ရော ဒီတော့ မြောင်းရေလျှံပြီး အိမ်ထဲကိုပဲ ရေတွေ လှိမ့်ဝင်လာမယ် ဒီတော့ အဖေတို့ မိသားစုဒုက္ခရောက်မှာပေါ့ကွာ။ မြောင်းလေး မှာ အမှိုက်လေး တစ်စနှစ်စပလပ်စတစ် အိတ်ခွံလေး လေးလုံးငါးလုံးလောက်လေးရှိတာပဲ ဆိုပြီး ပေါ့တိပေါ့လျော့ မနေရဘူးကွ။ တဖြေးဖြေးနဲ့  များလာရင် ပြီးတော့ ကိုယ်ကလည်း အလုပ်ကို နေ့ ရွှေ့ ညရွှေ့  နဲ့ မလုပ်ဖြစ်ရင် ဒုက္ခရောက်ကုန်မှာပေါ့။ပုဆိုးတစ်ကွင်းမှာ မီးလောင်ပေါက်သေးသေးလေး ရှိနေတယ်။အဲဒီမီးလောင်ပေါက်လေးက သေးသေးလေးပါ ဆိုပြီး မဖာပဲနဲ့ ပစ်ထားရင်နောက်ဆုံး ပုဆိုးတစ်ကွင်းလုံး စုတ်ပြဲသွားတတ်တယ်။"
"မင်းလည်း ဟို ဆိုရိုးစကားလေး ကြားဖူးမှာပါ။
သံမှိုတစ်ချောင်း လိုသောကြောင့် စစ်ရှုံးဖူးတယ်။ တိုင်းပြည်တစ်ပြည်လုံး ကျွန်ဘဝရောက်ဖူးတယ်တဲ့ ။"
"သား ...မင်းစဉ်းစားကြည့် စမ်း
ဒီဘာမဟုတ်တဲ့ သံမှိုလေး တစ်ချောင်း ပါကွာ ဆိုပြီး အလေးအနက်မထားတတ်တော့ တစ်တိုင်းပြည်လုံး သူ့ ကျွန်ဘဝရောက်ရတာ ရာဇဝင်မှာ တကယ်ဖြစ်ဖူးတယ်ကွ။ ဖေဖေ တို့  တိုင်းပြည်မှာတော့ မဟုတ်ဘူး။ ဖေဖေလည်း ငယ်ငယ်တုန်းက ဖတ်ထားတော့
ဘယ်နိုင်ငံလည်းဆိုတာ သိပ်မမှတ်မိတော့ဘူး။ တစ်ခါက တိုင်းပြည်နှစ်ပြည်စစ်ဖြစ်ကျတယ်
။ အဲဒီမှာ ပထမတိုင်းပြည်က စစ်ရှုံးနေတယ်ကွ။ ဒါနဲ့  အဲဒီတိုင်းပြည်က စစ်သူကြီးက သူတို့ ဘုရင့်ထံကို စာချွန်လွှာပို့ တယ်။ သူ တို့ ရှေ့ တန်းစစ်မျက်နှာမှာ စစ်ရှုံးနေပြီ
မကြာခင် ရန်သူတွေဟာ ဘုရင်နန်းစိုက်ရာ မြို့ ကို သိမ်းပိုက်တော့မယ်။ မြို့ ရိုးကို အခိုင်အမာလုပ်ပြီး ခုခံပါဆိုပြီး စာရေးပြီး ခြေမြန် မြင်းသည်တော် တပ်သားလေး တစ်ယောက်ကို ပို့ ခိုင်းလိုက်တယ်။"
"ဖြစ်ချင်တော့ အဲဒီမြင်းသည်တော် စီးမယ့် မြင်းက မြင်းခွာမှာ သံမှို တစ်ချောင်း လို နေတယ်။ ဒါကို မြင်းသည် တော်ကလည်း သိတယ်။ မြင်းဆိုတော့ ခြေလေးဖက်ပေါ့ကွာ။ ဒီတော့ တစ်ဖက်တည်းမှာရှိတဲ့ မြင်းခွာက သံမှိုလေး တစ်ချောင်းလောက်
လိုတာနဲ့ တော့ ပြဿနာမရှိလောက်ပါဘူး လို့ မြင်းသည်တော်က တွေးမိပြီး လို နေတဲ့ သံမှိုကိုမရိုက်မိပဲ ဒီအတိုင်းစီးလာခဲ့တယ်။ ဒါနဲ့ လမ်းရောက်တော့ အဲဒီသံမှိုလို နေတဲ့  မြင်းခွာဟာ ပြုတ်ထွက်သွားတယ်။ ဒီတော့ မြင်းလည်း ဘယ်ပြေးနိုင်ပါတော့မလဲခြေထောက် ထော့နဲ့ထော့နဲ့ နဲဖြစ်တော့  ခရီးက ကောင်းကောင်းမတွင်တော့ဘူး။"
" နောက်ဆုံး မြင်းခြေထောက်ကျိုးပြီး လဲပါလေရော။ ဒီတော့ ခြေမြန်မြင်းသည်တော်တပ်သားလေးလည
်း တိုင်းပြည်ကို အချိန်မှီမရောက်တော့ဘူး။
တိုင်းပြည်ကို အချိန်မှီမရောက်တော့ စစ်သူကြီးရေးပေးလိုက်တဲ့  သတင်းစကားကလည်း ဘုရင့်ဆီမရောက်တော့ဘူး။ ဘုရင့်ကလည်း ရှေ့ တန်းက ဘာသတင်းမှ မလာတော့ အေးအေး ဆေးဆေးဖြစ်လောက်တယ် ဆိုပြီး
ပေါ့တိပေါ့လျော့နဲ့  ဘာမှ ပြင်ဆင်မှုမရှိတော့ဘူး။ ဒီတော့ ရန်သူတွေ လာတဲ့ အခါမှာ တိုင်းပြည်ကို အလွယ်တကူ သိမ်းပိုက်သွားပြီး တစ်တိုင်းပြည်လုံး သူ့ ကျွန်ဘဝရောက်သွားတာပဲ။"
" အေး ပြဿနာ အားလုံးရဲ့  အရင်းအမြစ်ဟာ
ဘာမှ မဖြစ်လောက်ပါဘူးလို့  ထင်တဲ့  မြင်းခွာက သံမှိုတစ်ချောင်း က စခဲ့တာပဲကွ။ ဒါကြောင့် အသေးအဖွဲဆိုတာ မရှိဘူး။ အားလုံးကို အလေးအနက်ထားပြီး ဆောင်ရွက်ရမယ် လို့ ပြောတာပေါ့ကွာ။ ကဲ ဒီလောက်ဆိုမင်းလည်း သဘောပေါက်လောက်ပါပြီ "
"ဟုတ်ကဲ့ပါ ဖေဖေ ကျွန်တော် အခုပဲ အိမ်ခေါင်မိုးပေါ်တက်ပြီး လွတ်နေတဲ့ သွပ်မှိုကို ပြန်ရိုက်လိုက်ပါ့မယ်။"
အခုတော့ ဖေဖေလည်းမရှိတော့ဘူး။ မေမေကလည်း သူ့ အလုပ်နဲ့ သူဆိုတော့ အိမ်သန့်ရှင်းရေး အိမ်ရဲ့ ဗာဟီရတွေကို သိပ်မကြည့်အားဘူး။ အကိုကြီးကလည်း သူ့ တာဝန်နဲ့ သူ အဝေးမှာ ဆိုတော့
အိမ်အကြောင်း စဉ်းစားဖြစ်မှာမဟုတ်ဘူး။ ဟိုနေ့ က မိုးရွာတော့ သွပ်မှိုတစ်ချောင်းလွတ်သွားပြန်ြ
ပီထင်တယ်။အိမ်ခေါင်မိုးက နေ မိုးယိုပြီး ရေတွေ အိမ်ထဲကို စိမ့်ဝင်လာတယ်။
ဒါနဲ့ ကျွန်တော်လည်း ဖေဖေ ပြောဖူးတဲ့ သံမှိုတစ်ချောင်းလိုသောကြောင့်  ဆိုတဲ့ စကားလေးကို ကြားမိပြီး မိုးတိတ်တာနဲ့  အလျင်အမြန်ပဲ အိမ်ခေါင်မိုးပေါ်တက်ပြီး လွတ်နေတဲ့ သွပ်မှိုနေရာကို အစားထိုးပြီး ပြန်ပြင်ဆင်လိုက်ပါတော့တယ်..............................။
photo credit to original uploader

No comments:
Post a Comment